15th July, 2019
သင့်ရဲ့အွန်လိုင်း CV မှာ ဘာတွေပါဝင်သင့်သလဲ
Share
Blog Link Copied
အခုဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ကုမ္ပဏီတွေဟာဆိုရင် သူတို့ရဲ့ဝန်ထမ်းရှာဖွေခန့်အပ်မှုလုပ်ငန်းအဆင့်ဆင့်ကို အလိုအလျောက်စနစ်တွေနဲ့ မြန်ဆန်တိကျအောင်လို့ JobNet.com.mm အလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုက်ဒ်ကို ပိုမိုအသုံးပြုလာကြပါပြီ။ နည်းပညာကိုအသုံးပြုခြင်းအားဖြင့် ဝန်ထမ်းရှာဖွေခန့်ထားမှုလုပ်ငန်းအဆင့်ဆင့်ရဲ့ ပထမပိုင်းအဆင့်တွေဖြစ်တဲ့ လျှောက်လွှာစီစစ်အကဲဖြတ်မှုတွေကို လူအားသုံးစရာမလိုဘဲ လျင်လျင်မြန်မြန်နဲ့အလိုအလျောက် ပြီးစီးအောင်လုပ်ဆောင်နိုင်လာပါတယ်။ ဒီလိုနည်းနဲ့ ကုမ္ပဏီတွေဟာ သူတို့ရှာဖွေခန့်အပ်ဖို့ရည်ရွယ်ထားတဲ့ လစ်လပ်နေရာတွေအတွက် ကိုက်ညီတဲ့အလုပ်လျှောက်ထားသူတွေကို စံချိန်စံနှုန်းတွေသေချာသတ်မှတ်ပြီး ခေါ်ယူနိုင်ပါတယ်။
အလုပ်ရှာဖွေနေသူတွေအနေနဲ့လည်း လိုချင်တဲ့အလုပ်အကိုင်ရရှိဖို့ ကိုယ့်ကိုယ်ကို အကောင်းဆုံးအခြေအနေတစ်ခုကိုရောက် ပြင်ဆင်ထားဖို့လိုပါတယ်။ အရေးကြီးဆုံးကတော့ ကိုယ့်ရဲ့ CV နဲ့ JobNet မှာပြုလုပ်ထားတဲ့ ကိုယ့်ရဲ့ Job Seeker Profile တို့ကိုစနစ်တကျပြည့်စုံအောင်တည်ဆောင်ပြီး အလုပ်အကိုင်ရရှိဖို့အတွက် လက်နက်တစ်ခုအဖြစ် အသုံးချဖို့လိုအပ်ပါတယ်။ ပြီးပြည့်စုံတဲ့နည်းပညာစနစ်တစ်ခုရဲ့နောက်ကွယ်မှာ ထိန်းချုပ်ကိုင်တွယ်နိုင်တဲ့လူတစ်ယောက် ရှိနေတတ်ပါတယ်။ ဆိုလိုတာကတော့ JobNet Job Seeker Profile လိုမျိုး အလုပ်လျှောက်ထားတဲ့သူတွေကို အလိုအလျောက်ခြေရာခံတဲ့ (ATS) စနစ်ကို အသုံးပြုကြတဲ့ကုမ္ပဏီတွေရဲ့ HR ဌာနကတာဝန်ရှိတဲ့သူတွေဟာဆိုရင် သူတို့ခေါ်ယူနေတဲ့အလုပ်တွေနဲ့ ကိုက်ညီတဲ့အလုပ်လျှောက်ထားသူတွေကို ရှာဖွေတွေ့ရှိနိုင်စေဖို့ ကွန်ပျူတာစနစ်ထဲကို သတ်မှတ်ထားတဲ့စကားလုံးတွေရိုက်ထည့်ပြီး ရှာဖွေလိုက်ပါတယ်။ ဒါဆိုရင်တော့ မေးစရာရှိလာပါပြီ။ အလုပ်ခေါ်ယူနေသူတွေရဲ့ရှာဖွေမှုမှာ ဘယ်လိုစကားလုံးတွေက ကိုယ့်ရဲ့ CV ဒါမှမဟုတ် Profile ကို ထိပ်ဆုံးကနေဖော်ပြနိုင်အောင် ကူညီပေးနိုင်မလဲ။
ပထမဆုံးအနေနဲ့ အလေးထားရမယ့်အချက်ကတော့ ကိုယ့်ရဲ့ CV ကို ကိုယ်လျှောက်ထားမယ့်အလုပ်တစ်ခုချင်းစီနဲ့ ကိုက်ညီအောင်ပြင်ဆင်ပါ။ JobNet Job Seeker Profile မှာတော့ ကိုယ့်ရဲ့လုပ်ငန်းအတွေ့အကြုံ၊ ကျွမ်းကျင်မှု၊ ပညာအရည်အချင်း အစရှိတဲ့အလုပ်အကိုင်လမ်းကြောင်းအတွက် အရေးပါတဲ့အချက်အလက်တွေကို ပြည့်ပြည့်စုံစုံ ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းဖော်ပြလို့ရပါတယ်။ ကိုယ်လျှောက်ထားလို့တဲ့အလုပ်တစ်ခုချင်းစီဟာ ကုမ္ပဏီတစ်ခုတည်းကခေါ်ယူနေတဲ့အလုပ်အကိုင်တွေဖြစ်ပေမဲ့ လုပ်ငန်းသဘောတရားမတူတဲ့အခါမှာ ခေါ်ယူနေတဲ့အလုပ်ကြော်ငြာစာထဲမှာဖော်ပြထားတဲ့ စကားလုံးတွေကလည်းမတူနိုင်တော့ပါဘူး။ အဲဒါကြောင့် ကိုယ့်ရဲ့ CV ကို တည်ဆောက်တဲ့အခါမှာ ကိုယ်လျှောက်မယ့်အလုပ်ကြော်ငြာစာထဲမှာပါတဲ့ စကားလုံးတွေကိုပါအောင်ထည့်ဖို့မမေ့ပါနဲ့။ သတိထားရမှာက အလုပ်ကြော်ငြာစာထဲမှာပါတဲ့စကားလုံးတစ်ခုချင်းစီကို ကူးယူရမယ်လို့မဆိုလိုပါဘူး။ ဥပမာ အလုပ်ခေါ်စာတစ်ခုမှာ ဘယ်လိုအရည်အချင်းရှိတဲ့သူတွေကို ခေါ်ယူနေပါတယ်လို့ဖော်ပြထားရင် ကိုယ့်ရဲ့ CV ကိုပြင်ဆင်တဲ့အခါမှာ ဘယ်လုပ်ငန်းနယ်ပယ်မှာ လုပ်သက်အတွေ့အကြုံဘယ်လောက်ရှိတယ်ဆိုတဲ့အကြောင်း၊ သက်ဆိုင်ရာလုပ်ငန်းနဲ့ပတ်သက်တဲ့ ဘယ်လိုအရာတွေမှာကျွမ်းကျင်ကြောင်းနဲ့ ဘယ်လိုပစ္စည်းတွေ၊ စနစ်တွေကို အသုံးပြုတတ်ကြောင်း အစရှိတာတွေကို ဖော်ပြပေးပါ။
နောက်တစ်ချက်ကတော့ အလုပ်ခေါ်ယူနေတဲ့ကုမ္ပဏီတွေဟာ ကိုယ့်ရဲ့လုပ်ဆောင်ချက်ကို ဖော်ပြတဲ့စကားလုံးတွေကို ပုံမှန်အားဖြင့် ရှာဖွေပါတယ်။ အဲဒီစကားလုံးဟာ အရင်အလုပ်တွေကနေ လက်ရှိနေရာကို ဘယ်လိုတိုးတက်အောင်မြင်အောင်ပြုလုပ်ပြီး ရောက်ရှိလာတာလည်းဆိုတာကို ဖော်ပြမယ့်စကားလုံးတွေပဲဖြစ်ပါတယ်။ အဲဒီလိုပြုလုပ်ဖို့ဆိုရင် အလုပ်အကိုင်လမ်းကြောင်းမှာ အားထုတ်လုပ်ဆောင်ခဲ့ပြီး အောင်မြင်ခဲ့တဲ့အရာတွေကို ဖော်ပြနိုင်မယ့်စကားလုံးတွေကို အသုံးပြုရပါမယ်။ ဥပမာပြောရမယ်ဆိုရင်
- စီမံကိန်း/ အစီအစဉ်အသစ်တွေကို အကောင်အထည်ဖော်ခဲ့ဖူးသလား။ လက်ရှိအလုပ် ဒါမှမဟုတ် အရင်အလုပ်တွေမှာ အကြံဉာဏ်ကောင်းတစ်ခုကို ချပြနိုင်ခဲ့ပြီး အဲဒါကို လက်တွေ့အသုံးဝင်တဲ့အစီအစဉ်တစ်ခုအဖြစ် ပြောင်းလဲပြုလုပ်နိုင်ခဲ့ရင် “စတင်လုပ်ဆောင်ခဲ့တယ်၊ ဖန်တီးခဲ့တယ်၊ ဖွံ့ဖြိုးအောင်ပြုလုပ်ခဲ့တယ်” ဆိုတာကိုရည်ညွှန်းတဲ့ “started” “launched” “created” ဒါမှမဟုတ် “develop” ဆိုတဲ့စကားလုံးတွေကို အသုံးပြုနိုင်ပါတယ်။
- မန်နေဂျာရာထူးတာဝန်ကိုယူခဲ့ရတယ်ဆိုလျှင်… ကိုယ့်ရဲ့အဖွဲ့ကို တက်တက်ကြွကြွနဲ့ ဦးဆောင်စီမံခန့်ခွဲနိုင်ခဲ့တဲ့သူတစ်ယောက်ဖြစ်ခဲ့တယ်ဆိုရင် “ဦးဆောင်ခဲ့တယ်၊ စီမံခန့်ခွဲခဲ့တယ်” ဆိုတဲ့အဓိပ္ပာယ်ရောက်တဲ့ “Led”, “Spearheaded” ဒါမှမဟုတ် “Championed” ဆိုတဲ့ စကားလုံးတွေကို အသုံးပြုတာကောင်းပါတယ်။
- လူ့စွမ်းအားစီမံခန့်ခွဲမှု HR နဲ့ပတ်သက်တာ လုပ်ခဲ့ဖူးရင်… တချို့လုပ်ငန်းအလေ့အထတွေမှာတော့ လေ့ကျင့်သင်ကြားပေးမှုတွေ၊ တိုးတက်အောင်လုပ်ပေးရတာတွေနဲ့ ကိုင်တယ်ဖြေရှင်းရတာတွေရှိပါတယ်။ အဲဒါကြောင့် “trained”, “resolved” နဲ့ “improved” ဆိုတဲ့စကားလုံးတွေကို အသုံးပြုလို့ရပါတယ်။ ဒီလုပ်ငန်းနယ်ပယ်အတွက်ဆိုရင်တော့ ကိုယ့်ရဲ့အဓိကအလုပ်တာဝန်နဲ့ဆက်စပ်တာတွေကို ထပ်ပြီးဖြည့်စွက်လို့ရပါသေးတယ်။
- ချမှတ်ထားတဲ့အောင်မြင်မှုတွေကို ရရှိခဲ့ဖူးတယ်ဆိုရင်… ဒါဆိုရင်တော့ “exceeded”, “achieved” ဒါမှမဟုတ် “won” ဆိုတဲ့စကားလုံးတွေကို ထည့်ပြီးအသုံးပြုပါ။ အဲဒီစကားလုံးတွေက ကိုယ့်အနေနဲ့ အောင်မြင်မှုတစ်ခုကို လုပ်ဆောင်နိုင်ခဲ့တယ်ဆိုတာနဲ့ အဲဒါထက်ပိုပြီးကိုင်တွယ်လုပ်ဆောင်နိုင်မယ်ဆိုတာကို အလုပ်ရှင်တွေဆီ ချပြနိုင်အောင် အကူအညီပေးပါလိမ့်မယ်။
ပိုမိုကောင်းမွန်တဲ့အလုပ်အကိုင်တွေကို ရှာဖွေနေသူတွေအတွက် နောက်ဆုံးအကြံပြုချင်တဲ့ အချက် ၂ ချက်ရှိပါတယ်။ အဓိကလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအညွှန်းကိန်း - Key Performance Indicators (KPI) ကို တိုင်းတာရာမှာ ကုမ္ပဏီအများစုက ရာခိုင်နှုန်းကိုအသုံးပြုကြပါတယ်။ အဲဒါကြောင့် ကိုယ့်ရဲ့အောင်မြင်မှုတွေကို ထည့်သွင်းဖော်ပြတဲ့အခါမှာ ရာခိုင်နှုန်းကိုအသုံးပြုတာက ပိုပြီးတော့အသုံးဝင်ပါတယ်။ ဥပမာ - Digital Marketer တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့အောင်မြင်မှုတွေကိုဖော်ပြတဲ့အခါမှာ “လစဉ် ဝက်ဘ်ဆိုက်ဒ်ကြည့်ရှုနှုန်းကို ၁၀% အထက် ရရှိအောင်ပြုလုပ်နိုင်ခဲ့ပါတယ်” လို့ဖြော်ပချင်ရင် “Achieved >10% website traffic increase month over month” ဆိုပြီး (>) နဲ့ (%) သင်္ကေတတွေကို အသုံးပြုတာက မြင်သာပြီးရိုးရှင်းတဲ့စာသားကို ဖြစ်စေပါတယ်။ ကုမ္ပဏီတွေအနေနဲ့ကလည်း အလုပ်လျှောက်ထားသူတွေရဲ့ အောင်မြင်မှုတွေကိုဖော်ပြတဲ့အခါမှာ သိရှိခြေရာကောက်နိုင်အောင်လို့ ဒီလိုသင်္ကေတတွေကို ကုတ်တွေအနေနဲ့ထည့်ထားတတ်ပါတယ်။ နောက်ဆုံးအချက်ကတော့ ကိန်းဂဏန်းတွေကိုလည်း ထည့်သွင်းဖော်ပြပါ။ ဥပမာ အရောင်းသမားတစ်ယောက်အနေနဲ့ ဒေါ်လာ သောင်းဂဏန်းနီးပါး လစဉ်ရောင်းချပေးနိုင်တယ်ဆိုရင် “$XX,000” ပုံစံနဲ့ ဖော်ပြနိုင်ပါတယ်။ ဒေါ်လာသင်္ကေတနဲ့ ကိန်းဂဏန်းတွေဟာလည်း ကိုယ့်ရဲ့အောင်မြင်မှုကို သိသာထင်ရှားအောင်ပြုလုပ်ပေးနိုင်တဲ့ Keywords တွေဖြစ်ပါတယ်။
အရေးကြီးဆုံးကတော့ ကိုယ်သုံးလိုက်တဲ့စကားလုံးတွေနဲ့ပတ်သက်ပြီး အမြဲတမ်းရိုးသားဖို့ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ တကယ်လို့ ကိုယ့်အနေနဲ့ အင်တာဗျူးအတွက်ရွေးချယ်ခံရတဲ့အခါမှာ ကိုယ့်ရဲ့ CV ထဲမှာ အသုံးပြုထားတဲ့စကားလုံးတွေနဲ့ပတ်သက်ပြီး အလုပ်ရှင်တွေကရှင်းလင်းချက်တွေ ပြန်ထုတ်တတ်ပါတယ်။ ကိုယ့်ရဲ့အရည်အချင်းတွေနဲ့ လုပ်ငန်းအတွေ့အကြုံတွေကို အလုပ်ရှင်အထင်ကြီးအောင်ပြောပြဖို့က ကိုယ့်ရဲ့အခွင့်အရေးပဲဖြစ်ပါတယ်။ နောက်ပြီး ဘာကြောင့် ကိုယ့်ကဒီအလုပ်အတွက် သင့်တော်တဲ့လူတစ်ယောက်ဖြစ်သလဲဆိုတာကိုလည်း ဖော်ပြဖို့မမေ့ပါနဲ့။
ဒါဆို ဒီနေ့ပဲ ကိုယ့်ရဲ့အလုပ်လျှောက်ထားမှုမှာ ကုမ္ပဏီတွေရဲ့စိတ်ဝင်စားမှုပိုမိုရရှိလာအောင် အထက်မှာဖော်ပြခဲ့တဲ့အကြံပြုချက်တွေကို အသုံးပြုပြီး ကိုယ့်ရဲ့ Job Seeker Profile ကို ပြည့်စုံအောင်ဖြည့်စွက်ပြုပြင်လိုက်ပါ။