10th July, 2019

ကိုယ့်ရဲ့ CV ကို အလုပ်ခေါ်ယူနေသူတွေ ဖတ်စေချင်ရင်

ဆန်းသစ်တီထွင်အပြည့်နဲ့ တိုးတက်လာတဲ့နည်းပညာတွေအကြောင်းကို သေသေချာချာမတွေးလိုက်ခင်မှာပဲ AI (Artificial Intelligence) လို့ခေါ်တဲ့ ဉာဏ်ရည်တုဟာ လူတွေရဲ့နေ့စဉ်ဘဝတွေမှာပါဝင်လာနေပါပြီ။ တစ်နေရာရာသွားဖို့ ကားငှားဖို့လိုအပ်တဲ့အခါမှာ Grab က ကိုယ်နဲ့အနီးဆုံးမှာရှိတဲ့ Taxi ကိုရှာဖွေပေးပါလိမ့်မယ်။ ရုံးမှာစာရိုက်နေတုန်း စာလုံးပေါင်းအမှားတွေရိုက်မိတဲ့အခါမှာ အဲဒါတွေကို ကွန်ပျူတာကဖော်ပြပေးပါလိမ့်မယ်။ ဒါတွေဟာ မထူးဆန်းဘူးလို့ထင်ရပေမဲ့ AI ဟာ လူတွေရဲ့နေ့စဉ်လုပ်ငန်းတွေမှာ ပါဝင်လာပါပြီ။ အထူးသဖြင့်တော့ အလုပ်ရှာဖွေမှုမှာ မမြင်ရတဲ့တစ်ထောင့်တစ်နေရာကနေ ပါဝင်နေတာပါပဲ။

AI နည်းပညာကို အလုပ်အကိုင်ရှာဖွေရေးမှာ လက်တွေ့အသုံးချနိုင်ဖို့ အလုပ်လျှောက်ထားသူများကို အလိုအလျောက်ခြေရာခံသောစနစ် (Applicant Tracking System – ATS) ကို စတင်မိတ်ဆက်ပြီးနောက် စီးပွားရေးလုပ်ငန်းတွေမှာ ဝန်ထမ်းရွေးချယ်ခန့်ထားမှုလုပ်ငန်းစဉ်အဆင့်ဆင့်ဟာ အရည်အသွေးတွေလျော့ကျမသွားဘဲ အလိုအလျောက်စနစ်နဲ့ လျင်မြန်လာပါတယ်။ ဒီနေ့ခေတ်မှာ မြန်မာနိုင်ငံမှာရှိတဲ့ကုမ္ပဏီတွေနဲ့ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီအများစုဟာ သူတို့လိုချင်တဲ့အရည်အချင်းနဲ့ကိုက်ညီမှုရှိတဲ့ အလုပ်လျှောက်ထားသူတွေကို ရှာဖွေခန့်ထားဖို့အတွက် ATS စနစ်ကိုပိုမိုအသုံးပြုလာကြတယ်ဆိုတာကို သတိထားမိခဲ့ကြလား။ ဒါဟာထူးဆန်းတဲ့အရာတော့ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကုမ္ပဏီတွေမှာ ဝန်ထမ်းရှာဖွေခန့်ထားမှုလုပ်ငန်းတွေကို လုပ်ဆောင်တဲ့အခါမှာ နည်းပညာနဲ့ အလိုအလျောက်စနစ်တွေဟာ အဓိကအပိုင်းတွေကနေ ပါဝင်နေပါတယ်။

အဲဒါကြောင့် မြန်မာနိုင်ငံရဲ့ လုပ်ငန်းရှင်တွေနဲ့ အလုပ်ရှာဖွေသူတွေကြားမှာအသုံးပြုမှုအများဆုံး အလုပ်အကိုင်ဝက်ဘ်ဆိုက်ဒ်တစ်ခုဖြစ်တဲ့ JobNet.com.mm ကနေ ဒီနှစ်ထဲမှာ JobSeeker Profile အသစ်တစ်ခုကို စတင်လိုက်ပါတယ်။ အဲဒီနည်းပညာအသစ်မှာ အလုပ်ရှာဖွေသူတွေကို ထိပ်တန်းကုမ္ပဏီတွေက အလွယ်တကူရှာဖွေတွေ့ရှိနိုင်ပြီး အလုပ်ရှာဖွေသူတွေရဲ့ Profile မှာဖော်ပြထားတဲ့ လုပ်ငန်းအတွေ့အကြုံ၊ အရည်အချင်းတွေနဲ့ကိုက်ညီပြီး သင့်တော်တဲ့အလုပ်တွေကိုလည်း အချိန်တိုတိုအတွင်းမှာ ထိထိရောက်ရောက်နဲ့ ချိက်ဆက်ပေးနိုင်ပါတယ်။ အလုပ်ခေါ်ယူနေသူတွေအနေဖြင့်လည်း နည်းပညာကိုအသုံးပြုပြီး သူတို့တွေရဲ့အလုပ်တွေကို ပိုမိုလွယ်ကူမြန်ဆန်စွာ လုပ်ကိုင်လာနိုင်ပါတယ်။

အဲဒီလို ATS စနစ်မှာ ကိုယ့်ရဲ့အလုပ်ရှာဖွေမှုကို အောင်မြင်အောင်ပြုလုပ်ချင်တယ်ဆိုရင် ပထမဆုံးလုပ်ရမှာက အဲဒီစနစ်ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို သိအောင်လုပ်ရမှာပဲဖြစ်ပါတယ်။ ပြီးကျမှ ကိုယ့်ရဲ့ CV ကို သေချာပြင်ဆင်ပါ။ စက်ရုပ်တွေအလုပ်လုပ်တဲ့ပုံစံလိုမျိုး ATS စနစ်ဟာဆိုရင် အလုပ်လျှောက်လွှာပေါင်းများစွာရဲ့ အသေးစိတ်စကားလုံးတွေ ဒါမှမဟုတ် သတင်းအချက်အလက်တွေကို သေသေချာချာစီစစ်ကြည့်ရှုပါတယ်။ အလုပ်ခေါ်ယူနေတဲ့ကုမ္ပဏီက အလုပ်ခေါ်စာထဲမှာ သတ်မှတ်ထားတဲ့ကန့်သတ်ချက်တွေနဲ့ ကိုက်ညီမှုရှိတဲ့ CV ကို စနစ်ကနေအလိုအလျောက်သတ်မှတ်လိုက်တဲ့အခါမှသာ လူသားအလုပ်ခေါ်ယူနေသူတွေက အဲဒီ CV ကို မြင်ရမှာ ဖြစ်ပါတယ်။ အခြားကိုက်ညီမှုမရှိတဲ့ CV တွေကတော့ အီလက်ထရောနစ်တွင်းနက်ကြီးတွေထဲကို ရောက်သွားပြီး နောက်ပိုင်းမှာခေါ်ယူမယ့်အလုပ်တွေ ဒါမှမဟုတ် အခြားကိုက်ညီမှုရှိမယ့်အလုပ်တွေအတွက် လူသားအလုပ်ခေါ်ယူသူတွေရဲ့လက်ထဲကိုရောက်ရှိအောင် သိမ်းဆည်းပေးထားပါတယ်။ ဒါဆိုရင် ဒီလိုမျိုးအွန်လိုင်းအလုပ်အကိုင်ဈေးကွက်ထဲမှာ အလုပ်ခေါ်ယူနေတဲ့မန်နေဂျာတွေ ကိုယ့်ကိုမြင်အောင် ဘယ်လိုပြုလုပ်မလဲ။ အဲဒါကြောင့် ကိုယ့်ရဲ့ CV ကို အလိုအလျောက်ခြေရာခံသောစနစ် ATS ကမ္ဘာကြီးရဲ့ ကန့်သတ်ချက်တွေကနေလွတ်မြောက်ပြီး အလုပ်ခေါ်ယူနေတဲ့မန်နေဂျာရဲ့လက်ထဲကို သေချာပေါက်ရောက်ရှိအောင် ဘယ်လိုပြုလုပ်သင့်သလဲဆိုတဲ့အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ကိုယ်ရှာဖွေနေတဲ့အလုပ်နဲ့ သက်ဆိုင်တဲ့အဓိကစကားလုံးတွေကို များများသုံးပေးပါ

အရင်ဆုံးနားလည်ထားရမှာက ATS စနစ်ကို အလုပ်လျှောက်ထားသူရဲ့ အရင်အလုပ်တွေ၊ အလုပ်အတွေ့အကြုံ၊ တက္ကသိုလ်နဲ့ ပညာအရည်အချင်းတွေ အစရှိတာတွေကို သေချာစီစစ်ကြည့်ရှုထောက်လှမ်းနိုင်အောင် ရေးဆွဲထားပါတယ်။ အလုပ်ခေါ်ယူသူတွေရဲ့ စိတ်ဝင်စားမှုနဲ့ ခေါ်ယူနိုင်ချေရှိတဲ့အလုပ်တွေအပေါ်မူတည်ပြီး အလုပ်လျှောက်ထားသူတွေကို အလိုအလျောက်အမျိုးအစားခွဲခြားနိုင်ပါတယ်။ အဲဒါကြောင့် ကိုယ်လျှောက်ထားမယ့်အလုပ်ရဲ့ကြော်ငြာထဲမှာ ဖော်ပြထားတဲ့အချက်တွေနဲ့ကိုက်ညီမယ့် အဓိကစကားလုံးတွေ (Keywords) ကို ကိုယ့်ရဲ့ CV နဲ့ Profile မှာ တတ်နိုင်သလောက်များများပါအောင် ဖော်ပြထားပေးပါ။

လုပ်ငန်းနယ်ပယ်နဲ့ အလုပ်အကိုင်တစ်ခုချင်းစီမှာ သူတို့နဲ့သက်ဆိုင်တဲ့စကားလုံးတွေအခေါ်အဝေါ်တွေရှိပါတယ်။ အဲဒီစကားလုံးတွေဟာ ကိုယ်စိတ်ဝင်စားတဲ့လုပ်ငန်းနယ်ပယ်မှာရှိတဲ့ အလုပ်ရှင်တွေရဲ့ဝန်ထမ်းရှာဖွေမှုတွေမှာ ကိုယ့်ရဲ့ CV ကို သူတို့တွေမြင်တွေ့နိုင်အောင် အကူအညီပေးပါတယ်။ ဥပမာပြောရမယ်ဆိုရင် CV သို့ Profile မှာ ကိုယ့်ရဲ့အကြောင်းအကျဉ်းချုပ်ကို ရေးတဲ့အခါမှာ “Professional software engineer with varied experience in wide variety of software” လို့ ရေးမယ့်အစား ခေါ်ယူနေတဲ့အလုပ်ရဲ့ဖြော်ပချက်တွေကို သေချာလေ့လာကြည့်ပြီး နမူနာအနေနဲ့ “A software engineer with four years experiences in Internet technology in Win NT, UNIX or LINUX platform” လို့ရေးမယ်ဆိုရင် ကိုယ်ကဘယ်လိုအလုပ်မျိုးကိုစိတ်ဝင်စားတာလဲ၊ အဲဒီအလုပ်နဲ့သက်ဆိုင်တဲ့ ဘယ်လိုအရာတွေကိုလုပ်နိုင်သလဲ အစရှိတဲ့အသေးစိတ်အဓိကအချက်တွေကို ဖော်ပြပြီးသားဖြစ်ပါလိမ့်မယ်။ CV ရေးနည်းနဲ့ Cover Letter ရေးနည်းအကြောင်းတွေကို သိချင်တယ်ဆိုရင်လည်း ဒီနေရာမှာ အသေးစိတ်လေ့လာနိုင်ပါတယ်။

၂။ အသုံးများတဲ့စကားလုံးပုံစံဖောင့် (Font) ကိုသုံးပါ။ အနှောက်အယှက်ဖြစ်မယ့် ပုံတွေ၊ သင်္ကေတတွေကို ရှောင်ပါ။

JobNet ရဲ့ JobSeeker Profile မှာ အလုပ်လျှောက်တော့မယ်ဆိုရင် အလုပ်လျှောက်ထားသူတွေအနေနဲ့ သူတို့ရဲ့အလုပ်အကိုင်လမ်းကြောင်းနဲ့ပတ်သက်တဲ့အချက်အလက်တွေကို JobNet CV တွင် အပြည့်အစုံဖြည့်စွက်ရမည်ဖြစ်သလို သူတို့ကိုယ်တိုင်ပြင်ဆင်ထားတဲ့ CV ကိုလည်း ပေးပို့ဖော်ပြပေးရမှာ ဖြစ်ပါတယ်။ ကိုယ်တိုင်ပြင်ဆင်ထားတဲ့ CV ကို မပေးပို့ခင်မှာ အဓိကလုပ်ရမှာက အဲဒီ CV မှာ အသုံးပြုထားတဲ့စကားလုံးဖောင့်ကို အသုံးများတဲ့စကားလုံးပုံစံဖောင့်ဖြစ်အောင် သတိထားပါ။ နောက်ပြီး ဒီဇိုင်းတွေ၊ ပုံတွေ၊ အရောင်တွေ အစရှိတာတွေကို မပါအောင်သတိထားပါ။ အဲဒီလိုရုပ်ပုံတွေက အပြင်မှာတော့ ကိုယ့်ရဲ့ CV ကို ဆွဲဆောင်မှုရှိတယ်လို့ ထင်ရစေပေမဲ့ ATS စနစ်ကတော့ ဒီလိုပုံတွေကိုမဖတ်နိုင်ပါဘူး။

ATS စနစ်ဆိုတာ ကိုယ့်ရဲ့ CV မှာ ဖော်ပြထားတဲ့သတင်းအချက်အလက်တွေကို ပြန်လည်အသုံးပြုလို့ရတဲ့အချက်အလက်တွေအဖြစ် ပြောင်းလဲနိုင်အောင် ပြလုပ်တီထွင်ထားတဲ့စနစ်တစ်ခုဖြစ်ပါတယ်။ အဲဒါကြောင့် CV ပြင်ဆင်တဲ့အခါမှာ ပုံမှန်အသုံးများတဲ့စကားလုံးပုံစံတွေနဲ့ စာသားတွေကိုပဲ အသုံးပြုခြင်းက ပိုပြီးအလုပ်ဖြစ်စေပါတယ်။ အရိုးရှင်းဆုံးနဲ့ ရှင်းလင်းပြေပြစ်တဲ့ဘာသာစကားက ကိုယ့်ရဲ့အရည်အချင်းတွေကို ပညာရှင်ဆန်ဆန်ဖော်ပြလို့ရတဲ့နည်းလမ်းပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ဖန်တီးမှုစွမ်းအားကိုပြချင်လို့ CV ကို ပုံတွေ၊ အရောင်တွေနဲ့ပြလုပ်ထားတယ်ဆိုရင်တော့ အဲဒီ CV ကို အင်တာဗျူးမှာ ပြဖို့သိမ်းထားလိုက်ပါ။

၃။ ကိုယ့်ရဲ့ Profile ကို နောက်ဆုံးရအချက်အလက်တွေနဲ့ အမြဲဖြည့်စွက်ပါ

ATS စနစ်ပေါ်မှာ ပြုလုပ်ထားတဲ့ကိုယ့်ရဲ့ Profile ကို အလုပ်ရှင်တွေကဝန်ထမ်းခေါ်ယူဖို့ရှာဖွေတိုင်း တွေ့ရှိစေချင်တယ်ဆိုရင် ကိုယ့်ရဲ့ Profile ကို နောက်ဆုံးရအချက်အလက်တွေနဲ့အမြဲဖြည့်စွက်ပါ။ JobNet ရဲ့ တွေ့ရှိချက်တွေအရ တချို့လူတွေဟာ အလုပ်ရပြီဆိုတာနဲ့ သူတို့ရဲ့ JobSeeker Profile ကိုနောက်တစ်ခေါက်ထပ်ဝင်စရာမလိုတော့ဘူးလို့ ထင်ကြပါတယ်။ ဒါပေမဲ့ အဓိကမှတ်ထားရမယ့် အရေးကြီးတဲ့အချက်က အလုပ်အကိုင်လမ်းကြောင်းတိုးတက်ဖို့ဆိုတာ အမြဲတမ်းလေ့လာဖို့လိုပါတယ်။ တကယ်လို့ အချိန်ပြည့်အလုပ်တစ်ခုရခဲ့တယ်ဆိုရင်တောင် အလုပ်အကိုင်ဈေးကွက်ထဲမှာ အလုပ်အကိုင်အခွင့်အလမ်းနဲ့ပတ်သက်လို့ ဘယ်လိုပြောင်းလဲမှုတွေ ဖြစ်ပေါ်နေသလဲ၊ ခေါ်ယူမှုအများဆုံးအလုပ်အကိုင်တွေ၊ လစာနှုန်းထားတွေ အစရှိတာတွေကို အချိန်နဲ့တပြေးညီ အဆက်မပြတ်လေ့လာသိရှိနေဖို့လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအကြောင်းအရာတွေဟာ ကိုယ့်ကို နောင်ဖြစ်လာနိုင်ချေရှိတဲ့ အလုပ်အကိုင်နဲ့ပတ်သက်တဲ့အန္တာရယ်တွေ (ဥပမာ - လုပ်ငန်းခွင်အဆင်မပြေမှုကြောင့် အလုပ်ပြောင်းချင်တဲ့အခါ) ကနေ ကာကွယ်ပေးနိုင်ပြီး ပိုပြီးကောင်းမွန်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ တွေ့ဆုံနိုင်အောင်လည်း ကူညီပေးနိုင်ပါတယ်။

JobNet.com.mm ရဲ့ အားသာချက်တစ်ခုကတော့ ကိုယ့်ရဲ့ profile ကို အမြဲ update လုပ်တိုင်း သက်ဆိုင်ရာနယ်ပယ်ကအလုပ်ခေါ်ယူနေတဲ့အလုပ်ရှင်တွေက သိရှိနိုင်အောင် ကူညီပေးပါတယ်။ ဆိုလိုတာက ကိုယ့်အနေနဲ့ အလုပ်အတွေ့အကြုံအသစ်တွေ၊ အတတ်ပညာအသစ်တွေနဲ့ အခြားပညာအရည်အချင်းအသစ်တွေရတဲ့အခါမှာတိုင်းမှာ ကိုယ့်ရဲ့ Profile ကို အမြဲဖြည့်စွက်နေမယ်ဆိုရင် ကိုယ့်ရဲ့အလုပ်အကို်င်လမ်းကြောင်းနဲ့ပတ်သက်တဲ့ အဓိကစကားလုံးတွေဟာ ကိုယ့်ရဲ့ Profile မှာပိုပြီးရှိလာတဲ့အတွက်ကြောင့် ATS ရဲ့အလုပ်လုပ်ပုံကို ပိုပြီးအထောက်အကူပြုပါလိမ့်မယ်။

နောက်တစ်ခုသတိထားရမယ့်အချက်ကတော့ စာလုံးပေါင်းသတ်ပုံတွေကို အထူးဂရုစိုက်ရပါမယ်။ ဒါဟာ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုရှိသူ Professional တစ်ယောက်ရဲ့ CV မှာလုံးဝမဖြစ်သင့်တဲ့အမှားပါ။ နောက်ပြီး ကွန်ပျူတာတွေဟာ အရမ်းထက်မြတ်ပေမဲ့လည်း သူတို့တွေဟာစကားမပြောတတ်ပါဘူး။ အဲဒါကြောင့် တကယ်လို့ ကိုယ့်ရဲ့ CV ထဲမှာ စကားလုံးအမှားတွေပါသွားမယ်ဆိုရင် လူသားတစ်ယောက်လိုမျိုး အဲဒီအမှားကို ပြန်ဖြည့်မတွေးတတ်သလို အဲဒီစကားလုံးအမှားအတိုင်း Keywords တွေကို ရှာပါလိမ့်မယ်။ ဥပမာ “there years expreince” တို့ “art of writting” တို့လိုမျိုး စာလုံးပေါင်းမှားပြီးရေးလိုက်မိပြီဆိုရင် ATS စနစ်ကအဲဒါကို အလိုအလျောက်နားလည်ပေးမှာမဟုတ်သလို အဲဒီအမှားအတိုင်းပဲယူထားမှာဖြစ်ပါတယ်။

ဒါဆို ကိုယ့်ရဲ့ CV ကို ဒီလိုစက်ရုပ်စနစ်တွေနဲ့ဆင်တူတဲ့ ATS ကနေ ဘယ်လိုအောင်မြင်အောင်ဖြတ်သွားမလဲဆိုတာကို နားလည်ပြီဆိုရင်တော့ JobNet Profile မှာ ကိုယ့်ရဲ့ Profile ကို ထိပ်ဆုံးကနေရပ်တည်အောင် သက်ဆိုင်ရာအချက်အလက်တွေနဲ့ ထပ်မံဖြည့်စွက်လိုက်ပါ။ ယနေ့ခေတ် မြန်မာနိုင်ငံမှာ အလုပ်ခေါ်ယူသူတွေနဲ့ အလုပ်ရှင်တွေဟာ သူတို့ရဲ့ဝန်ထမ်းရှာဖွေခန့်အပ်မှုလုပ်ငန်းစဉ်ကို လွယ်ကူမြန်ဆန်စေတဲ့ JobNet Profile ရဲ့ နည်းပညာတွေနဲ့ Keywords တွေအပေါ်အရမ်းအားထားလာသည့်အတွက် ကိုယ့်ရဲ့အရည်အချင်းတွေကို သူတို့တွေမြင်လာအောင် ပြုလုပ်ဖို့မမေ့ပါနဲ့။