25th February, 2019

အင်တာဗျူးမှာ HR နဲ့ အလုပ်ရှင်တွေ ပြောလေ့ရှိတဲ့စကားတွေရဲ့ ဆိုလိုရင်းကဘာလဲ

အလုပ်ရှာဖွေနေတဲ့သူအများစုအတွက် ကိုယ်လျှာက်ထားတဲ့အလုပ်တစ်ခုက အင်တာဗျူးခေါ်တယ်ဆိုရင် အရမ်းကိုပျော်ရွှင်ရပါတယ်။ ယေဘူယျအားဖြင့် အင်တာဗျူးအခေါ်ခံရပြီဆိုကတည်းက ကိုယ့်ဘက်မှာ ၅၀ ရာခိုင်နှုန်းသေချာနေပါပြီ။ အဲဒီအင်တာဗျူးအတွက်သေချာ ပြင်ဆင်ပြီးလုပ်မယ်ဆိုရင်တော့ ကျန် ၅၀ ရာခိုင်နှုန်းက ကိုယ့်ဘက်ရောက်လာတော့မှာပါ။ ကိုယ့်ဘက်ကတော့သေချာပြင်ဆင်ပေမဲ့ အလုပ်ရှင်ကကိုယ့်ရဲ့အရည်အချင်းကိုကြိုက်ရဲ့လား ဒီအလုပ်ကိုသေချာပေါက်ရပါ့မလားဆိုတာကတော့ အာမမခံနိုင်တဲ့ အရာပါပဲ။ ဒါပေမဲ့လည်း အလုပ်အင်တာဗျူးမှာ အလုပ်ရှင်တွေ၊ HR မန်နေဂျာတွေပြောတဲ့ တချို့စကားတွေရဲ့ဆိုလိုရင်းကို သေချာအဓိပ္ပာယ်ကောက်နိုင်မယ်ဆိုရင်တော့ ကိုယ့်ရဲ့အလုပ်အကိုင်ရှာဖွေမှုလမ်းကြောင်းမှာ ဘာဆက်လုပ်သင့်သလဲဆိုတာကို သိလာနိုင်ပါတယ်။

အဲဒါကြောင့် အလုပ်အင်တာဗျူးမှာ အလုပ်ရှင်တွေ၊ HR မန်နေဂျာတွေ အများစုပြောလေ့ရှိတဲ့ စကားတွေနဲ့ အဲဒီစကားတွေက ဘာကိုဆိုလိုလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ခင်ဗျားရဲ့အရည်အချင်းတွေက ဒီအလုပ်နဲ့ကိုက်ညီပါတယ်။ ကျွန်တော်တို့ အင်တာဗျူးတွေအားလုံးပြီးသွားရင် ခင်ဗျားကို ဆက်သွယ်ပါမယ်

အလုပ်အင်တာဗျူးမှ အလုပ်ရှင် ဒါမှမဟုတ် HR မန်နေဂျာတစ်ယောက်က ဒီလိုစကားမျိုးပြောတာကို ကြုံဖူးကြပါလိမ့်မယ်။ ဒါဆို အဲဒီစကားရဲ့အဓိပ္ပာယ်ကဘာလဲ။ YES လား၊ NO လား။ ရိုးရိုးလေးပဲတွေးကြည့်ပါ။ သူပြောချင်တဲ့အဓိပ္ပာယ်က ကိုယ့်ရဲ့အရည်အချင်းတွေကို သူတို့ကြိုက်တယ် ဒါပေမဲ့လည်း အကြိုက်ဆုံးတော့မဖြစ်သေးဘူး။ ကိုယ့်ကို ပဏာမအဆင့်ရွေးချယ်မယ့်စာရင်းထဲမှာတော့ ထည့်ထားတယ်။ ကိုယ့်အပြင် နောက်ထပ်အင်တာဗျူးလာမယ့်သူတွေရဲ့အရည်အချင်းတွေကိုလည်း အကဲဖြတ်ချင်သေးတယ်။ ဒါပေမဲ့ သူတို့ရဲ့စီစစ်ရွေးချယ်မှုတွေမပြီးခင် ကိုယ်ကတခြားအလုပ်ကို လက်ခံသွားမှာကိုလည်းစိုးလို့ ဒီလိုပြောတာပါ။ ပြောရမယ်ဆိုရင် ကြိုးရှည်ရှည်နဲ့လှန်ထားပဲဖြစ်ပါတယ်။

ဒါဆိုရင် ဘာဆက်လုပ်မလဲ။ တစ်ခုတည်းကိုပဲ ဘယ်တော့မှပုံအောပြီးမယုံပါနဲ့လို့ အကြံပေးပါရစေ။ “နှုတ်တစ်ရာ စာတစ်လုံးပါ”။ အလုပ်အပ်ခန့်ကြောင်းစာချုပ်မှာ လက်မှတ်မထိုးရမချင်း ဘာကိုမှသဘောတူထားစရာ အကြောင်းမရှိပါဘူး။ အဲဒါကြောင့် တခြားကိုယ်နဲ့ကိုက်ညီမယ့်အလုပ်တွေကိုလည်း ရှာဖွေပြီး လျှောက်နေပါ။ တကယ်လို့ နှိုင်းယှဉ်ရမယ့်အခြေအနေတွေဖြစ်လာခဲ့တဲ့အခါကျရင် ဥပမာ တခြားနေရာကနေ ကိုယ့်ကိုအလုပ်ကမ်းလှမ်းလာပြီး ခုဏကပထမအလုပ်ကိုလည်း စိတ်မပြတ်သေးရင်တော့ လှမ်းပြီးအခြေအနေမေးမြန်းပါ။ ဒါဆိုရင် ကိုယ်ဘာဆက်လုပ်ရမလဲဆိုတာ သေချာသိလာပါလိမ့်မယ်။

၂။ ခင်ဗျားကို ကျွန်တော်တို့ပြန်ပြီးဆက်သွယ်ပါ့မယ်

အင်တာဗျူးပြီးခါနီးမှာ အလုပ်ရှင်က ဒီလိုမျိုးပြောတယ်ဆိုရင်တော့ သူကကိုယ်ကြားချင်တဲ့စကားကို ရွေးပြောလိုက်တာပဲ ဖြစ်ပါတယ်။ အဲဒီစကားက ထွေထွေထူးထူးဘာကိုမှ ဆိုလိုတာမဟုတ်ပါဘူး။ တကယ်လို့ ရက်အနည်းငယ်အတွင်းမှာပဲ ကိုယ့်ကိုအလုပ်ရကြောင်း ဆက်သွယ်ရင်တော့ ဒါကကောင်းတဲ့အဓိပ္ပာယ်ပေါ့။ အဲဒီလိုမှမဟုတ်ရင်တော့ အဲဒီစကားတစ်ခွန်းအတွက်နဲ့ အိပ်ရေးအပျက်မခံပါနဲ့။ အလုပ်ထက် အပြောကပိုလွယ်တယ်ဆိုတဲ့ စကားလိုပဲ တချို့လူတွေပြောလိုက်တဲ့စကားတွေက ကြားကောင်းအောင်ယဉ်ကျေးမှုအရ ပြောတာပဲဖြစ်ပါတယ်။ ဒါ။ပမဲ့ တချို့ကတော့ အဲဒီလိုမဟုတ်ပါဘူး။

ဒီလိုအခြေအနေမျိုးမှာဆိုရင်ရော ဘာဆက်လုပ်သင့်သလဲ။ သူတို့ ကိုယ့်ကိုအကြောင်းပြန်မလားဆိုတာ သိရအောင် တစ်ပတ်လောက်စောင့်ကြည့်လိုက်ပါ။ အဲဒီနောက်မှာမှ ဘာမှအကြောင်းမပြန်ဘူးဆိုရင်တော့ သူတို့ကိုဖုန်းဆက်ပြီး အကျိုးအကြောင်းမေးကြည့်လိုက်ပါ။ အဲဒီလို စောင့်ဆိုင်းနေတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုအအားမထားပါနဲ့။ လုပ်စရာရှိတဲ့အလုပ်တွေလုပ်နေပါ။ ကိုယ်နဲ့ကိုက်ညီမယ့် တခြားအလုပ်တွေကိုလည်း လျှောက်ကြည့်ပါ။ ပထမအလုပ်က တရားဝင်အလုပ်ခေါ်စာမရမခြင်း တခြားအင်တာဗျူးတွေကိုလည်း သွားပါ။

၃။ ဒီရာထူးအတွက် ခင်ဗျားရဲ့အရည်အချင်းတွေက လိုတာထက်တောင်ပိုနေသေးတယ်

တစ်ခါတလေမှာ ဒီလိုမျိုးအပြောခံရတာမျိုးကြုံဖူးပါလိမ့်မယ်။ ဒါဟာ ဘာဖြစ်လို့လဲဆိုတော့ စီစဉ်တကျမရှိလို့ ဒါမှမဟုတ် တိကျတဲ့ဦးတည်ချက်မရှိလို့ပဲ ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ ကိုယ့်ရဲ့အလုပ်အတွေ့အကြုံတွေက အရမ်းများနေပြီး အခုလျှောက်နေတဲ့ရာထူးအတွက် ကိုယ့်ရဲ့ဘယ်အရည်အချင်းတွေနဲ့အတွေ့အကြုံတွေက ကိုက်ညီနေသလဲဆိုတာကို တိတိကျကျမဖော်ပြနိုင်လို့လဲ ဖြစ်နိုင်ပါတယ်။

ဒီလိုအချိန်မျိုးမှာ အကြံဉာဏ်ပေးချင်တာကတော့ ကိုယ်လျှောက်မယ့်အလုပ်အတွက် CV ပြင်ဆင်တဲ့အခါမှာ ကိုယ့်ရဲ့အလုပ်အတွေ့အကြုံနဲ့ အရည်အချင်းတွေကို အဲဒီအလုပ်ကဦးစားပေးခေါ်ယူနေတဲ့ လိုအပ်ချက်တွေနဲ့ကိုက်ညီအောင် ပြင်ဆင်သင့်ပါတယ်။ တစ်ခါတလေမှာ အလုပ်လျှောက်တဲ့သူတွေ မှားယွင်းစွာတွေးနေတာကတော့ အလုပ်အတွေ့အကြုံများလေလေ အလုပ်ရှင်ကြိုက်လေလေလို့ တွေးလေ့ရှိပါတယ်။ အလုပ်အတွေ့အကြုံများတယ်ဆိုတာ ကောင်းပေမယ့် ကိုယ်လျှောက်မယ့်အလုပ်နဲ့ ကိုက်ညီတဲ့အလုပ်အတွေ့အကြုံ၊ အရည်အချင်းတွေကိုသာ ထည့်ရေးပြီး ဦးတည်ချက်တိကျတဲ့ အသက်မွေးကြောင်းလုပ်ငန်းကိုဖော်ပြနိုင်တဲ့ CV တစ်ခုဖြစ်အောင် ပြင်ဆင်သင့်ပါတယ်။

၎။ ဒီရာထူးအတွက် ကျွန်တော်တို့ရုံးထဲမှာ ပြင်ဆင်စရာလေးတွေရှိသေးတယ်

ဒီစကားရဲ့ဆိုလိုရင်းကတော့ အများကြီးဖြစ်နိုင်ပါတယ်။ ရိုးရိုးပဲတွေးမယ်ဆိုရင်တော့ အလုပ်ရှင်ဟာ ဒီရာထူးမှာခွဲဝေလုပ်ရမယ့်အပိုင်းတွေနဲ့ပတ်သက်ပြီး ရုံးတွင်းမှာပြင်ဆင်စရာတွေရှိလို့လည်း ပြောတာဖြစ်နိုင်ပါတယ်။ နောက်တစ်ချက်ကတော့ တာဝန်ယူရမယ့်အပိုင်းတွေနဲ့ပတ်သက်ပြီး အပြောင်းအလဲအနည်းငယ်ရှိလို့ ဒါမှမဟုတ် လစာ၊ ခံစားခွင့်၊ ဘောနပ်စ်တို့နဲ့ပတ်သက်ပြီး အပြောင်းအလဲရှိလို့လည်း ပြောတာဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလိုအခြေအနေမျိုးမှာ သေသေချာချာဂရုတစိုက်နဲ့ဆုံးဖြတ်ဖို့လိုပါတယ်။

ဒီလိုအခြေအနေမျိုးမှာဆိုရင်တော့ ဒီအလုပ်ကိုအများကြီးမမျှော်လင့်ထားပါနဲ့တော့။ အင်တာဗျူးမှာ အလုပ်ရှင်က ကိုယ့်ရဲ့အရည်အချင်းတွေကို ကြိုက်တယ်ဆိုရင်တောင်မှ တချို့အရာတွေက ပြောင်းလဲသွားနိုင်ပါတယ်။ ဥပမာ တာဝန်ယူရမယ့်အပိုင်းတွေထပ်တိုးလာတာတို့ လစာကကိုယ်မျှော်မှန်းသလောက်မရတော့တာတို့ပေါ့။ ဘာပဲဖြစ်ဖြစ် အဆိုးဆုံးကိုမျှော်မှန်းထားပါ။ အဲဒါမှာ စိတ်မပျက်သွားမှာလေ။ နောက်ပြီး ကိုယ်လိုချင်တဲ့အလုပ်၊ ကိုယ်မျှော်မှန်းတဲ့လစာရနိုင်တဲ့ အလုပ်ကိုမရမချင်း ရှာဖွေနေပါ။

အားလုံးကို ခြုံပြောရမယ်ဆိုရင် တရားဝင်အလုပ်ခေါ်စာမရမချင်း ဘယ်အရာကိုမှ တရားသေမှတ်ထားလို့မရပါဘူး။ အရာရာဟာပြောင်းလဲနိုင်ပါတယ်။ အနာဂတ်မှာဘာဖြစ်မလဲဆိုတာ ကြိုတင်မခန့်မှန်းနိုင်ပါဘူး။ ဒါပေမဲ့လည်း အဲဒီကြိုတင်မမြင်နိုင်တဲ့အနာဂတ်အတွက်တော့ ပြင်ဆင်ထားနိုင်ပါတယ်။