8th March, 2019

အလုပ်အကိုင်လမ်းကြောင်းအသစ်ပြောင်းတဲ့အခါမှာ ထိရောက်တဲ့ CV ဘယ်လိုရေးမလဲ

လက်ရှိအလုပ်အကိုင်လမ်းကြောင်းက ကိုယ်ရဲ့မကိုက်ညီလို့ ဒါမှမဟုတ် အကြောင်းအရင်းတစ်ခုခုကြောင့် အလုပ်အကိုင်လမ်းကြောင်းအသစ်ကို ပြောင်းလဲဖို့စဉ်းစားနေပြီဆိုရင် “ငါအရမ်းများနောက်ကျနေပြီလား” ဆိုပြီးတော့ ဘယ်တော့မှမတွေးပါနဲ့။ တကယ်လို့ ကိုယ့်ဆီမှာ ပုံမှန်ဘောင်ထဲကပဲအလုပ်ခေါ်ယူဖို့ စဉ်းစားနေတဲ့အလုပ်ခေါ်ယူသူတွေကို ရူးသွပ်သွားအောင်ဆွဲဆောင်နိုင်တဲ့ CV တစ်စောင်ရှိနေပြီဆိုရင်တော့ ကိုယ်ရည်ရွယ်ထားတဲ့ အလုပ်အကိုင်လမ်းကြောင်းအသစ်ကို ပြောင်းလဲဖို့လုံးဝတွန့်ဆုတ်မနေပါနဲ့တော့။ ဒါဆိုရင်တော့ အလုပ်အကိုင်လမ်းကြောင်းအသစ်ကိုပြောင်းလဲတဲ့အခါမှာ အလုပ်ခေါ်ယူနေသူတွေ ကိုယ့်ရဲ့အရည်အချင်းနဲ့လုပ်ဆောင်နိုင်စွမ်းတွေကို ကြွေဆင်းသွားအောင် ကိုယ့်ရဲ့ CV ကိုဘယ်လိုရေးရမလဲဆိုတဲ့ အရေးကြီးတဲ့အချက် ၅ ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ကိုယ့်ရဲ့အကြောင်းကို ရှင်းလင်းသေချာစွာဖော်ပြပါ

ရည်ရွယ်ထားတဲ့အလုပ်အကိုင်လမ်းကြောင်းအသစ်တစ်ခုမှာ အလုပ်လျှောက်ဖို့စဉ်းစားနေပြီဆိုရင် ပထမဆုံးပြုလုပ်ရမှာက လက်ရှိအသက်မွေးဝမ်းကြောင်းအလုပ်ကနေ တခြားလမ်းကြောင်းအသစ်တစ်ခုကို ဘာကြောင့်ပြောင်းချင်တာလဲဆိုတဲ့ အကြောင်းပြချက်ကို သေချာစဉ်းစားပါ။ အလုပ်ခေါ်ယူသူတွေနဲ့ အလုပ်ရှင်တွေအနေနဲ့လည်း အဲဒီလိုအလုပ်အကိုင်လမ်းကြောင်းပြောင်းတဲ့အလုပ်လျှောက်သူတွေနဲ့တွေ့တဲ့အခါမှာ အဲဒီအကြောင်းပြချက်နဲ့ အကြောင်းအရင်းကိုအရမ်းစိတ်ဝင်စားကြပါတယ်။ အဲဒီအကြောင်းကိုပဲ ကိုယ့်ရဲ့ Cover Letter နဲ့ CV မှာလက်တွေ့ကျကျနဲ့ သေချာရှင်းလင်းစွာဖော်ပြပေးပါ။

ဥပမာပြောရမယ်ဆိုရင် စက်မှုအင်ဂျင်နီယာဘွဲ့ရတစ်ယောက်လည်းဖြစ်တယ် အဲဒီအလုပ်လည်းလုပ်ခဲ့ဖူးတဲ့သူတစ်ယောက်ဟာ Digital Marketing အပိုင်းကိုပြောင်းဖို့စဉ်းစားပြီး အလုပ်လျှောက်တော့မယ်ဆိုရင် ဘာကြောင့်ပြောင်းချင်တာလဲဆိုတဲ့အကြောင်းကို ကိုယ့်ဘာသာသေချာရှင်းလင်းစွာသိအောင် စဉ်းစားပါ။ အပြောင်းအလဲကို လိုချင်တာပါဆိုတဲ့ စာကြောင်းလောက်နဲ့တော့ အလုပ်ရှင်တွေကိုဆွဲဆောင်လို့မရပါဘူး။ သူတို့တွေအနေနဲ့လည်း ကိုယ့်လိုမတူညီတဲ့နယ်ပယ်ကလူကိုအလုပ်ခန့်လိုက်ရင် ဘယ်လိုမတူညီတဲ့စိတ်ကူးတွေနဲ့ သူတို့ရဲ့လုပ်ငန်းကိုအထောက်အကူပြုပေးနိုင်မလဲ၊ ပြီးတော့ ဒီနယ်ပယ်အသစ်မှာရော စိတ်ပါဝင်စားစွာနဲ့လုပ်ဆောင်မှာလားဆိုတာကို သိချင်ကြပါတယ်။ အဲဒါကြောင့် ဘာမှမရေးခင်မှာ ကိုယ့်ကိုယ်ကိုအရိုးသားဆုံးမေးပါ။

၂။ CV အသစ်တစ်ခုကို သေချာပြည့်စုံစွာပြင်ဆင်ပါ

အလုပ်အကိုင်နယ်ပယ်တစ်ခုကနေ တခြားနယ်ပယ်အသစ်တစ်ခုကအလုပ်ကို လျှောက်တော့မယ်ဆိုရင် ကိုယ့်ရဲ့ CV ကိုပြင်ဆင်တဲ့အခါမှာ အရင်ကထက်နှစ်ဆပိုပြီးပြင်ဆင်ရပါမယ်။ CV မှာကိုယ်လုပ်ခဲ့ဖူးတဲ့အလုပ်အတွေ့အကြုံတွေကို ကိုယ်လျှောက်မယ့်အလုပ်ကလိုအပ်နေတဲ့ အရည်အချင်းတွေနဲ့သေချာချိတ်ဆက်ပြီး ဖော်ပြပေးပါ။

ဥပမာပြောရမယ်ဆိုရင် စာရင်းကိုင်အလုပ်ကနေ ဂရပ်ဖစ်ဒီဇိုင်းပိုင်းကိုပြောင်းတော့မယ်ဆိုရင CV ရေးတဲ့အခါမှာ အလုပ်အတွေ့အကြုံတွေအပြင် ဂရပ်ဖစ်နဲ့ပတ်သက်တဲ့နယ်ပယ်မှာပါ အသုံးချလို့ရတဲ့စွမ်းဆောင်နိုင်စွမ်းတွေကို ထည့်ရေးပါ။ ဥပမာ ပြောဆိုဆက်သွယ်နိုင်စွမ်း၊ ဖောက်သည်တွေကိုစီမံခန့်ခွဲနိုင်စွမ်းနဲ့ ဖန်တီးနိုင်စွမ်းကို ကိုယ့်ရဲ့ CV တွေထဲမှာပါဖော်ပြပေးပါ။ ဖြစ်နိုင်ရင် ကိုယ်ဖန်တီးထားတဲ့ဒီဇိုင်းတွေကိုပါ နမူနာအနေနဲ့ထည့်ပြီးပြနိုင်ရင် ပိုကောင်းပါတယ်။

၃။ ကိုယ့်ရဲ့အကြောင်းကို ထိရောက်စွာ အကျဉ်းချုံးဖော်ပြပါ

CV ကိုပြင်ဆင်တဲ့အခါမှာလည်း ကိုယ့်ရဲ့နာမည်၊ ဆက်သွယ်ရမယ့်လိပ်စာတွေရေးပြီးလို့ ကိုယ့်ရဲ့ပညာအရည်အချင်းတွေနဲ့ လုပ်ငန်းအတွေ့အကြုံတွေကိုဖော်ပြတော့မယ်ဆိုရင် ကိုယ့်ရဲ့အကြောင်းအကျဉ်းချုပ်လေးကို အရင်ဆုံးဖော်ပြလိုက်ပါ။ အဲဒါဟာ ကိုယ့်ရဲ့ရောင်းကုန်ဖြစ်တဲ့ CV တစ်ခုလုံးရဲ့အဓိကနေရာပဲဖြစ်ပါတယ်။ ကိုယ်ဟာဘယ်လိုနယ်ပယ်မှာ ဘယ်လိုကျွမ်းကျင်မှုတွေရှိပြီး ဘာကြောင့်ဒီလိုနယ်ပယ်အသစ်ကို ပြောင်းလဲဖို့စဉ်းစားရတာကို အကျဉ်းချုပ်ထိထိရောက်ရောက်ဖော်ပြလိုက်ပါ။

အလုပ်ရှင်တွေအနေနဲ့ ကိုယ့် CV ရဲ့ပထမစာမျက်နှာကိုတောင် ဖတ်ဖို့အချိန်မရတော့ဘူးဆိုရင် ဒီထိရောက်တဲ့အကျဉ်းချုပ်စာပိုဒ်လေးက ကိုယ့်ကိုပဏာမရွေးချယ်ထားတဲ့စာရင်းထဲထည့်ဖို့ အကူအညီဖြစ်ပါလိမ့်မယ်။

၎။ ရရှိခဲ့ဖူးတဲ့အောင်မြင်မှုတွေကို ကိန်းဂဏန်းတွေနဲ့ဖော်ပြပါ

ကိုယ့်ရဲ့အရင်လုပ်ငန်းနယ်ပယ်မှာ ကိုယ်ရရှိခဲ့ဖူးတဲ့အောင်မြင်မှုတွေကို အဲဒီအလုပ်ရဲ့နည်းပညာစကားလုံးတွေနဲ့ ရေးသားပြောဆိုနေရင် တခြားနယ်ပယ်ကအလုပ်ရှင်တွေက နားလည်နိုင်မှာမဟုတ်ပါဘူး။ အဲဒီတော့ အများနားလည်နိုင်တဲ့ ကိန်းဂဏန်းတွေနဲ့ပြောပြပါ။ ဥပမာ လက်ကားအရောင်းနယ်ပယ်မှာ အတွေ့အကြုံရှိတဲ့သူတစ်ယောက်အနေနဲ့ ဖောက်သည် ၈၀ % ကိုထိန်းသိမ်းထားနိုင်တဲ့ အောင်မြင်မှုရရှိခဲ့တယ်လို့ CV မှာ မြင်သာတဲ့ဂဏန်းတွေနဲ့ဖော်ပြရင် အဲဒီ CV ကို ဈေးကွက်ဖော်ဆောင်ရေးအကြံဉာဏ်ပေးနေရာအတွက် ဦးစားပေးစဉ်းစားပါလိမ့်မယ်။ အဲဒါကြောင့် ထင်သာမြင်သာပြီး ရင်းနှီးလွယ်တဲ့စကားလုံးတွေနဲ့ ကိုယ့်ရဲ့အောင်မြင်မှုတွေကို ဖော်ပြပါ။

၅။ တခြားလုပ်ဆောင်နိုင်တဲ့အရည်အချင်းတွေကိုလည်း ဖော်ပြပါ

အလုပ်အကိုင်လမ်းကြောင်းမတူတဲ့ တခြားအလုပ်ကိုလျှောက်ဖို့ CV ရေးတဲ့အခါမှာ အဲဒီအလုပ်နဲ့ကိုက်ညီမယ့် ကိုယ့်ရဲ့အရည်အချင်းတွေကို ချိတ်ဆက်ရေးပါ။ လျှောက်မယ့်အလုပ်နယ်ပယ်အသစ်နဲ့ကိုက်ညီတဲ့ လုပ်အားပေးလုပ်ဖူးတာတွေ၊ အလုပ်သင်ဆင်းဖူးတာတွေ၊ အချိန်ပိုင်းလုပ်ဖူးတာတွေပါရှိရင် ထိထိရောက်ရောက်ဖော်ပြပေးပါ။ ကိုယ့်ရဲ့ CV မှာ အလုပ်အတွေ့အကြုံတွေပဲ ဖော်ပြတာမျိုးပဲမလုပ်ပါနဲ့၊ ကိုယ်ဘာတွေကိုပါစွမ်းဆောင်နိုင်တယ် လုပ်နိုင်တယ်ဆိုတာကိုပါထည့်ရေးပါ။

အလုပ်အကိုင်လမ်းကြောင်းအသစ်ပြောင်းဖို့ စဉ်းစားနေတယ်ဆိုတယ်ဆိုရင်တော့ JobNet.com.mm ရဲ့ နောက်ဆုံးရအလုပ်အကိုင်တွေကို ဒီနေရာမှာ ဝင်ရောက်ကြည့်ရှုလိုက်ပါ။