3rd May, 2019

အလုပ်အင်တာဗျူးမှာ “ကိုယ့်ရဲ့အကြောင်းကို အရင်ဆုံးမိတ်ဆက်ပေးပါ” လို့ မေးခဲ့ရင်

အလုပ်အင်တာဗျူးတိုင်းလိုလိုမှာ “ကိုယ့်အကြောင်းကို အရင်ဆုံးမိတ်ဆက်ပေးပါဦး” ဆိုပြီး စလေ့ရှိပါတယ်။ အဲဒီလိုအခြေအနေမျိုးမှာ အလုပ်ခေါ်ယူနေသူတွေ၊ အင်တာဗျူးတဲ့သူတွေ တကယ်ကြားချင်တာက ဘာလဲ။ သူတို့လိုချင်တဲ့အဖြေက ဘာလဲ။ ကိုယ့်ရဲ့ဝါသနာအကြောင်းပြောပြရမှာလား။ တကယ်တော့ ကိုယ့်အကြောင်းကို အလုပ်ခေါ်ယူနေသူတွေ စိတ်ဝင်စားမှုရှိလာအောင် ဇာတ်လမ်းတစ်ခုလုပ်ပြီး ပြောပြရတာဟာ အလုပ်အင်တာဗျူးတစ်ခုမှာ အရေးကြီးဆုံးနဲ့ အခက်အခဲဆုံးအပိုင်းဖြစ်ပါတယ်။ အခုချိန်ထိကို ဒီမေးခွန်းဟာ အင်တာဗျူးဖြေဆိုမယ့်သူများအတွက် မမျှော်လင့်ထားတဲ့မေးခွန်း၊ စိတ်ရှုပ်ထွေးစေတဲ့မေးခွန်း ဖြစ်နေဆဲပါပဲ။ အဲဒါကြောင့် ဒီလိုမေးခွန်းမျိုးအမေးခံခဲ့ရရင် ဘယ်လိုမျိုးစိတ်ဝင်စားအောင် ဖြေဆိုမလဲဆိုတာကို အလုပ်ရှာဖွေနေသူတွေနဲ့ အင်တာဗျူးဖြေဆိုမယ့်သူတွေအတွက် JobNet.com.mm ကနေဖော်ပြပေးလိုက်ပါတယ်။

သေချာပြင်ဆင်ထားပါ

ဒီမေးခွန်းကို ပထမစစကြားကြားချင်းမှာတော့ အပေါ်ယံပေါ့ပေါ့ပါးပါးမေးခွန်းလို့ ထင်ရပါလိမ့်မယ်။ တခြားအင်တာဗျူးမေးခွန်းတွေလိုမျိုး လွယ်တယ်ထင်ရပေမယ့် ကိုယ့်ကိုချောင်ပိတ်စေနိုင်တဲ့မေးခွန်းမျိုး ဖြစ်ပါတယ်။ အဲဒါကြောင့် ဒီလိုမေးခွန်းမျိုးအတွက် ကိုယ့်ရဲ့အဖြေကိုသေချာပြင်ဆင်ထားပါ။ ထစ်ငေါ့ထစ်ငေါ့နဲ့ အထစ်အထစ်မဖြစ်ရအောင် သေချာလေ့ကျင့်ထားပါ။ “ပွဲမဝင်ခင် အပြင်ကကျင်းပ” ဆိုတဲ့ စကားပုံကို မမေ့ပါနဲ့။

ကိုယ့်အကြောင်းကို ပြောတာထက် အလုပ်နဲ့ပတ်သက်တာကို ပိုပြောပါ

ကိုယ့်ရဲ့အကြောင်းကိုမိတ်ဆက်ပေးရမယ်လို့ြေ ပာတဲ့အခါမှာ ကိုယ့်ရဲ့ဝါသနာတွေ၊ ပတ်ဝန်းကျင်အသိုင်းအဝန်းတွေနဲ့ ဆက်စပ်ပြီး ကိုယ့်ကိုယ်ကို အဓိပ္ပာယ်တွေသတ်မှတ်တတ်ပါတယ်။ ဒါပေမဲ့ ဒီနေရာမှာတော့ ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာတွေကို အရမ်းကြီးပြောစရာမလိုပါဘူး။ အလုပ်အင်တာဗျူးမှာ ကိုယ်ရဲ့မိသားစုအကြောင်းတွေ၊ ဝါသနာပါတဲ့အရာတွေ၊ ကိုယ်ရေးကိုယ်တာအကြောင်းတွေပြောတာဟာ အသုံးလည်းမဝင်သလို တစ်ခါတလေမှာ ကိုယ့်ရဲ့အလုပ်အကိုင်အခွင့်အလမ်းအတွက် အန္တရာယ်တောင်ဖြစ်စေပါတယ်။ နောက်ပြီး “ကျွန်တော်ဟာ/ ကျွန်မဟာ အလုပ်မှာတက်တက်ကြွကြွနဲ့ ကြိုးစားတတ်သူတစ်ယောက်ပါ” စတဲ့ စကားလုံးအသုံးတွေကလည်း ဖန်တစ်ရာတေနေပါပြီ။

အဓိကပြောရမှာက ကိုယ်နဲ့သက်ဆိုင်တဲ့လုပ်ငန်းနယ်ပယ်မှာ လုပ်သက်အတွေ့အကြုံတွေက ဘယ်လောက်ရှိနေပြီလဲ။ အတွေ့အကြုံမရှိတဲ့သူဆိုရင်လည်း ကိုယ့်ရဲ့ပညာရေးကိုဦးစားပေးပြီးပြောပါ။ ကိုယ့်ရဲ့ပညာရေးက ဒီအလုပ်အကိုင်နဲ့ ဘယ်လောက်ကိုက်ညီသလဲ ဆိုတာမျိုးပေါ့။ တကယ်လို့ အတွေ့အကြုံရော ပညာအရည်အချင်းရော သိပ်ပြီးပြစရာမရှိရင် အဲဒါတွေကိုဖြည့်ပေးနိုင်ပြီး အခုအလုပ်နဲ့လည်းကိုက်ညီနိုင်မယ့် ကိုယ့်ရဲ့အရည်အချင်းတွေကို ပြောပြပေးပါ။ ဥပမာ သင်လွယ်တတ်လွယ်နိုင်တဲ့သူ၊ ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့သူ၊ ဖန်တီးနိုင်စွမ်းအားကောင်းတဲ့သူ အစရှိတာတွေကို ကိုယ်တွေ့နမူနာလေးတွေပေးပြီး ပြောပြပေးပါ။

ကိုယ့်ရဲ့အကြောင်းကို ပိုပြီးအထင်ကြီးအောင် နံပါတ်တွေ၊ နမူနာတွေထည့်ပေးပါ

အင်တာဗျူးဆိုတာကလည်း CV ရေးသလိုပါပဲ။ ကိုယ့်ရဲ့အကြောင်းကို အလုပ်ရှင်ရဲ့မျက်လုံးထဲမှာ ထင်ထင်ရှားရှားမြင်အောင် အထင်ကြီးလာအောင် ကိန်းဂဏန်းတွေနဲ့ ပြောပြပေးပါ။ အလွယ်ကူဆုံးနမူနာအနေနဲ့ စားပွဲထိုးနှစ်ယောက်က သူတို့ရဲ့အကြောင်းကို အလုပ်အင်တာဗျူးမှာဘယ်လို ပြောပြသွားလဲဆိုတာကို နှိုင်းယှဉ်ကြည့်ပါ။

၁။ “ဧည့်ခန်းမနဲ့ မီးဖိုချောင်တွေမှာ ကျွန်တော်အလုပ်လုပ်ခဲ့ဖူးတယ်။ စားပွဲထိုးအလုပ်ကတော့ ကျွန်တော့်ရဲ့အဓိကအလုပ်အတွေ့အကြုံပါ။ ပန်းကန်တွေဆေးတာ၊ အော်ဒါတွေပို့ပေးတာနဲ့ အအေးကောင်တာတွေမှာလည်း အလုပ်လုပ်ခဲ့ရပါတယ်။”

၂။ “နိုင်ငံတကာအဆင့်မီတဲ့ စားသောက်ဆိုင်တစ်ခုမှာ စားပွဲထိုးအဖြစ်နဲ့ တစ်နှစ်ခွဲလောက်အလုပ်လုပ်ခဲ့ဖူးပါတယ်။ အဲဒီတစ်နှစ်အတွင်းမှာဆိုရင် တစ်နေ့ကို လူနှစ်ရာလောက်ကို ဝန်ဆောင်မှုတွေပေးခဲ့ရပါတယ်။ စနေ၊ တနင်္ဂနွေနဲ့ ပိတ်ရက်တွေမှာဆိုရင် တစ်နေ့ကို လူနှစ်ရာ့ငါးဆယ်လောက်အထိကို ဝန်ဆောင်မှုပေးခဲ့ရပါတယ်။ မီးဖိုချောင်မှာလည်း အကူအနေနဲ့လုပ်ခဲ့ဖူးသလို အအေးကောင်တာမှာလည်း နှစ်လလောက်လုပ်ခဲ့ဖူးပါတယ်။”

အထက်မှာပြထားတဲ့ဥပမာ ၂ ခုကနေ အကြံဉာဏ်အချို့ရလိမ့်မယ်လို့ထင်ပါတယ်။

ရည်ရွယ်ချက်မြင့်မြင့်ထားပါ

ကိုယ့်ကိုအင်တာဗျူးခေါ်လိုက်ပြီဆို ကတည်းက ကိုယ့်ရဲ့အရည်အချင်းတွေက သူတို့သတ်မှတ်ထားတဲ့အနိမ့်ဆုံးလိုအပ်ချက်တွေနဲ့ ကိုက်ညီပြီးသားဖြစ်လို့ ကိုယ့်ရဲ့ CV ကိုရွေးပြီး အင်တာဗျူးခေါ်လိုက်တာပေါ့။ အဲဒါကြောင့် အလုပ်အင်တာဗျူးအတွက်ပြင်ဆင်တဲ့အခါမှာ အခြေခံအရည်အချင်းတွေကိုပဲ ပြည့်မီအောင် အာရုံစိုက်မနေပါနဲ့။ ဒီရာထူးအတွက် ကိုယ်နဲ့အတူတူလာလျှောက်ကြတဲ့သူတွေထက်ကို ကိုယ့်မှာဘယ်လိုအားသာချက်တွေရှိတယ်ဆိုတာကို အလုပ်ရှင်တွေ အင်တာဗျူးမေးတဲ့သူတွေ သိအောင်ပြောပြပေးပါ။ ကြော်ငြာတစ်ခုလုပ်သလိုပဲ ကိုယ့်အကြောင်းကို လူသိအောင်ပြောပြရမယ်၊ ပြီးရင် လျှောက်ထားတဲ့အလုပ်နဲ့သက်ဆိုင်တဲ့နယ်ပယ်မှာ ကိုယ်ဘာတွေလုပ်ပေးနိုင်သလဲ ဆိုတာတွေကို ပြောပြပေးရပါမယ်။ ပထမဆုံးပြောခဲ့သလိုပဲ အရေးကြီးဆုံးကတော့ သေချာပြင်ဆင်ရပါမယ်။ ကိုယ်လျှောက်မယ့်အဖွဲ့အစည်းရဲ့ လုပ်ငန်းနယ်ပယ်အကြောင်း၊ အဖွဲ့အစည်းရဲ့ရည်ရွယ်ချက် ရည်မှန်းချက်တွေ အစရှိတာတွေကို သိအောင်ပြုလုပ်ပါ။ ကိုယ်လျှောက်တဲ့အလုပ်ခေါ်စာမှာဖော်ပြထားတဲ့ ဖော်ပြချက်တွေကိုလည်း သေချာပြန်လေ့လာပြီး အဲဒါတွေနဲ့ကိုက်ညီအောင် ဖြေဆိုပါ။ 

ကိုယ့်ရဲ့အားနည်းချက်တွေကိုမစိုးရိမ်ပါနဲ့

လူတိုင်းကတော့ ပြည့်စုံတဲ့သူဆိုတာမရှိပါဘူး။ အဲဒါကြောင့် အလုပ်နဲ့ပတ်သက်ပြီး ကိုယ့်ရဲ့အကြောင်းကိုမိတ်ဆက်ပေးရတဲ့အခါမှာ ကိုယ့်ရဲ့အားနည်းတဲ့အပိုင်တွေကို ပြောပြရမှာကို မစိုးရွံ့ပါနဲ့။ အသားညှပ်ပေါင်မုန့်လိုမျိုး ကိုယ့်ရဲ့အားနည်းချက်တွေကို အားသာချက်တွေနဲ့ညှပ်ပြောနည်း “Sandwich Effect” ဆိုတဲ့စကားပြောနည်း ရှိပါတယ်။ အစမှာ ကိုယ့်ရဲ့လုပ်သက်အတွေ့အကြုံ၊ ပညာအရည်အချင်း၊ စွမ်းရည် အစရှိတဲ့ကောင်းကွက်တွေ အားသာချက်တွေကို အရင်ပြောပါ။ ပြီးရင် ကိုယ်သိပ်မတတ်တဲ့လုပ်ငန်းနယ်ပယ်ပိုင်း ဒါမှမဟုတ် ဗဟုသုတအပိုင်းတွေကို ညှပ်ပြောပါ။ နောက်ပိုင်းကျမှ အဲဒီကိုယ့်ရဲ့အားနည်းချက်တွေကို ဖြည့်စွက်ပေးနိုင်တဲ့အားသာချက်တွေကို ဖြည်းဖြည်းချင်းထပ်ထည့်လိုက်ပါ။

အင်တာဗျူးနေတဲ့အလုပ်ခေါ်ယူသူရဲ့ တုံ့ပြန်မှုတွေကို စောင့်ကြည့်ပါ

အင်တာဗျူးလုပ်နေတုန်းမှာ အလုပ်ရှင် ဒါမှမဟုတ် အင်တာဗျူးမေးတဲ့သူရဲ့အရိပ်အခြေ၊ မျက်နှာရိပ်မျက်နှာကဲကို စောင့်ကြည့်ပါ။ ကိုယ်ပြောလိုက်ရင် ခေါင်းညိတ်နေသလား၊ တစ်ခုခုကိုမှတ်လိုက်သလား၊ ဒါမှမဟုတ် ကိုယ်ပြောတာကို စိတ်ဝင်တစားနားထောင်နေ သလားဆိုတာကိုပေါ့။ ကိုယ်ပြောတဲ့စကားကို သူတို့သေချာကြားရရဲ့လားဆိုတာကိုပါ လေ့လာပါ။

တိုတိုတုတ်တုတ်နဲ့ ထိထိမိမိပြောပါ

ကိုယ့်ရဲ့အကြောင်းကို မိတ်ဆက်ပေးတဲ့အခါမှာ ၁ မိနစ်ထက်မပိုပါစေနဲ့။ စိုးရိမ်ပူပန်နေမယ် ဒါမှမဟုတ် အင်တာဗျူးအတွက်သေချာမပြင်ဆင်လာခဲ့ဘူးဆိုရင် မလိုအပ်တာတွေပြောမိမယ် ဒါမှမဟုတ် အကြောင်းအရာတစ်ခုတည်းကိုပဲ ထပ်ခါထပ်ခါပြောမိမယ် ဒါမှမဟုတ် အရေးကြီးတဲ့အကြောင်းအရာတွေမေ့သွားမယ်။ ဒါတွေဟာ ကိုယ့်ကိုအမှတ်လျော့သွားစေနိုင်တဲ့ အကြောင်းတွေပါ။ အဲဒါကြောင့် အင်တာဗျူးအခေါ်ခံရပြီဆိုကတည်းက အဲဒီအတွက် သေချာပြင်ဆင်ပါ။ ကိုယ့်ရဲ့အဖြေတွေကိုလည်း ထိထိမိမိနဲ့ တိုတိုတုတ်တုတ်ဖြစ်အောင်ပြုလုပ်ပါ။

ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတဲ့ တစ်မိနစ်စာ စကားတွေဟာ ကိုယ့်ရဲ့အလုပ်အကိုင်အခွင့်အလမ်း ကံကြမ္ပာကို ဆုံးဖြတ်ပေးနိုင်ပါတယ်။ အဲဒါကြောင့် JobNet.com.mm ကနေ ဒီမေးခွန်းကို အကောင်းဆုံးပြည့်စုံအောင် ဘယ်လိုဖြေဆိုမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ အဓိကကတော့ ထပ်ကာထပ်ကာလေ့ကျင့်ပြီး သေချာပြင်ဆင်ပါ။ ကိုယ်လိုချင်တဲ့ကံကောင်းမှုတွေ ရရှိနိုင်ပါစေ။