အင်တာဗျူးတစ်ခုကိုဖြေဆိုရတော့မယ်ဆိုရင် ဘယ်လောက်ပဲအတွေ့အကြုံရှိတဲ့သူဖြစ်နေပါစေ စိုးရိမ်မှုလေးတွေကတော့ရှိစမြဲပါပဲ။ ဒါပေမဲ့လည်း ပိုပြီးတော့ကြိုတင်ပြင်ဆင်ထားလေလေ အင်တာဗျူးမှာပိုပြီး စိတ်သက်သောင့်သက်သာရှိစေပါတယ်။ နောက်ပြီး အလုပ်ခေါ်ယူနေသူနဲ့ HR မန်နေဂျာကိုလည်း မိမိရဲ့အရည်အချင်းနဲ့ပတ်သက်ပြီး ပိုပြီးအထင်ကြီးလေးစားမှုကိုဖြစ်စေပါတယ်။
အဲဒါကြောင့် အင်တာဗျူးမှာအမေးများလေ့ရှိပြီးတော့ တစ်ခါတလေမှာစဉ်းစားရကြပ်ပြီး ဖြေရခက်ခဲစေတဲ့မေးခွန်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ရေရှည်နဲ့ ရေတိုရည်မှန်းချက်တွေ
အဲဒီမေးခွန်းကိုမေးတဲ့အခါမှာတော့ သူတို့သိချင်တဲ့အဓိကအချက်က ကိုယ့်ရဲ့ရည်ရွယ်ချက်၊ ခိုင်မာတဲ့ကတိကဝတ်ဆုံးဖြတ်ချက်နဲ့ ရည်မှန်းချက်ကြီးမားမှုတွေပဲဖြစ်ပါတယ်။ သူတို့မှာလည်း အလုပ်လျှောက်ထားသူအတွက် သတ်မှတ်ထားတဲ့ရည်မှန်းချက်တွေသလို ကိုယ့်ရဲ့ရည်မှန်းချက်တွေက သူတို့နဲ့ကိုက်ညီနေသလားဆိုတာကို သိချင်ကြပါတယ်။
လက်ရှိအခြေအနေမှာ ကိုယ်ဟာဘယ်နေရာမှာရောက်နေလဲဆိုတာကို အရင်ဆုံးပြောပြပါ။ ကိုယ်ရည်မှန်းထားတဲ့နေရာကို လက်ရှိမှာမရောက်သေးခဲ့ရင်တောင်မှ အဆိုးမမြင်ပါနဲ။ မိမိရည်ရွယ်ထားတဲ့ပန်းတိုင်ကိုရောက်ဖို့ ဘာတွေတိုးတက်လာအောင် ရှာဖွေလုပ်ဆောင်နေသလဲဆိုတာကို အမှန်အတိုင်းဖြေပါ။ နောက်ပြီး မိမိရဲ့အဖြေကိုလျှောက်ထားထားတဲ့အလုပ်ဖော်ပြချက်တွေနဲ့ကိုက်ညီအောင် ချိတ်ဆက်ဖြေဆိုပါ။ ရေရှည်ရည်မှန်းချက်ကိုဖြေဆိုရတဲ့အခါမှာ မသေချာမှုတွေရှိနိုင်တဲ့အတွက်ကြောင့် ရေတိုပန်းတိုင်တစ်ခုကိုတော့ထားရှိပြီး ဆက်စပ်ဖြေဆိုသင့်ပါတယ်။
၂။ အရင်အလုပ်နဲ့ပတ်သက်ပြီး မကြိုက်တဲ့အချက်တွေကိုမေးလာခဲ့ရင်
တကယ်လို့များ အရင်အလုပ်ကနေ ကောင်းသောအလုပ်ထွက်ခြင်းမျိုးနဲ့ အလုပ်ထွက်ခဲ့တာမဟုတ်ဘူးဆိုရင် ဒီမေးခွန်းဟာစဉ်းစားရကြပ်တဲ့မေးခွန်းပါ။ ဒါပေမဲ့လည်း ကိုယ့်ရဲ့ရှေ့ဆက်ရမယ့်အခွင့်အလမ်းတွေးကို အနှောက်အယှက်မဖြစ်စေဘဲ ရိုးသားစွာလဲဖြေဆိုချင်ကြပါတယ်။
အမှန်အတိုင်းရိုးသားစွာဖြေဆိုပါ။ ဒါပေမဲ့လည်း ကြည့်ကောင်းအောင်လို့တော့ပြောပါ။ မကောင်းတဲ့အလုပ်ကို ကောင်းတယ်ဆိုပြီးတော့လည်း ပြောစရာတော့မလိုပါဘူး။ မျှော်မှန်းထားတဲ့အလုပ်ရဲ့နယ်ပယ်တချို့ဟာ တကယ်လက်တွေ့မှာမတူညီတဲ့အတွက်ကြောင့် ကိုယ်နဲ့မကိုက်ညီတဲ့အကြောင်းကိုပြောနိုင်ပါတယ်။ အရင်အလုပ်က လုပ်ဖော်ကိုင်ဖက်နဲ့ အထက်လူကြီးတွေအကြောင်းကို မကောင်းမပြောမိပါစေနဲ့။ အရင်အလုပ်က လုပ်ငန်းတာဝန်တွေအကြောင်းကို ပြောဆိုဆွေးနွေးတဲ့အခါမှာ အဆိုးမြင်တဲ့ပုံစံနဲ့ပြောမိရင် အခုအလုပ်အသစ်မှာလည်း ကိုယ်လုပ်ရမယ့်လုပ်ငန်းတွေက မကောင်းတဲ့ပုံစံဖြစ်သွားနိုင်ပါတယ်။
ဆက်လက်ဖတ်ရှုရန် >>> “အရင်အလုပ်ကနေထွက်ပြီး ဒီအလုပ်ကိုဘာဖြစ်လို့လျှောက်ရတာလဲ” လို့မေးခဲ့ရင်
၃။ လစာဆွေးနွေးညှိနှိုင်းတဲ့အခါ
ကိုယ့်ရဲ့မျှော်မှန်းလစာနဲ့ တကယ်ထိုက်သင့်တဲ့လစာကိုဆွေးနွေးတဲ့အခါမှာ နည်းဗျူဟာကိုစဉ်းစားဖို့ အရမ်းအရေးကြီးပါတယ်။
ပျမ်းမျှလစာတွေကိုလေ့လာစုံစမ်းပါ။ လစာဆိုတာ တည်နေရာ၊ ပညာအရည်အချင်း၊ အလုပ်အတွေ့အကြုံနဲ့ ကုမ္ပဏီကသုံးမယ့်ငွေကြေးပမာဏ အစရှိတာတွေတဲ့အကြောင်းအရင်းတွေအပေါ်မူတည်ပြီး ပြောင်းလဲပါတယ်။ အဲဒါကြောင့် ပြည်တွင်းနဲ့နိုင်ငံတကာကုမ္ပဏီတွေက ခေါ်ယူနေတဲ့လစာနှုန်းထားတွေကိုသေချာလေ့လာသင့်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ပြည်တွင်းနဲ့ နိုင်ငံတကာကလစာနှုန်းထားတွေကိုလေ့လာချင်ရင် www.jobnet.com.mm မှာခေါ်ယူနေတဲ့အလုပ်ကြော်ငြာစာတွေကနေ လေ့လာနိုင်ပါတယ်။ လစာပြောတဲ့အခါမှာ အနည်းဆုံးဘယ်လောက်နဲ့ အများဆုံးဘယ်လောက်ကြားဆိုတဲ့ကြားပမာဏကို သေချာလေးခွာပြီးပြောပေးပါ။
ဆက်လက်ဖတ်ရှုရန် >>> အလုပ်အင်တာဗျူးမှာ မျှော်မှန်းလစာနဲ့ပတ်သက်ပြီး ဘယ်လိုညှိနှိုင်းမလဲ
၎။ အလုပ်တစ်ခုကနေ တစ်ခုကိုပြောင်းတဲ့ကြားကာလတွေကြားမေးခဲ့ရင်
ဒီနေ့ခေတ်မှာ အလုပ်တစ်ခုကနေနောက်အလုပ်တစ်ခုကိုပြောင်းတဲ့ကြားကာလတွေဟာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါပဲ။ မိသားစုအရေးကိစ္စကြောင့် အလုပ်ကနေခဏနားရတဲ့အကြောင်းတွေရှိသလို ပညာရေးကြောင့်လဲဖြစ်နိုင်ပါတယ်။ ထို့အပြင် ယခု ၂၀၂၀ ခုနှစ်အစပိုင်းမှစပြီး မြန်မာနိုင်ငံမှာတွင်သာမက နိုင်ငံတကာမှာပါဖြစ်ပွားခဲ့တဲ့ကျန်းမာပြဿနာနဲ့ စီးပွားရေးအကြပ်အတည်းတွေကြောင့် ဝန်ထမ်းအများစုဟာအလုပ်ရပ်နားမှုတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်။ အဲဒီလို အလုပ်အကိုင်အခက်အခဲနဲ့ကြုံတွေ့ခဲ့ရတဲ့ဝန်ထမ်းတွေထဲမှာ မိမိအနေနဲ့ပါဝင်ခဲ့တယ်ဆိုရင်လည်း ဒါနဲ့ပတ်သက်ပြီးစိတ်အနှောက်အယှက်ဖြစ်နေစရာမလိုပါဘူး။ HR လုပ်ငန်းနယ်ပယ်ရှိတဲ့သူအများစုကလည်း အဲဒီအခက်အခဲအကြပ်အတည်းတွေနဲ့ပတ်သက်ပြီး သိရှိပြီးသားဖြစ်ပါတယ်။
အဲဒါကြောင့် အလုပ်ပြောင်းတဲ့ကြားကာလတွေနဲ့ပတ်သက်ပြီးမေးလာခဲ့ရင် အမှန်အတိုင်းသာဖြေဆိုပါ။ ပြီးရင် အဲဒီအချိန်ကြားပိုင်းတွေမှာ ကိုယ်ဘာတွေလေ့လာခဲ့သလဲ ကိုယ့်ကိုယ်ကိုဘယ်လိုတွေတိုးတက်အောင် လုပ်ဆောင်ခဲ့သလဲဆိုတာကိုထည့်သွင်းပြောဆိုပါ။
အခုဆိုရင်လည်း မြန်မာနိုင်ငံမှာရှိတဲ့စီးပွားရေးလုပ်ငန်းတွေဟာ လက်ရှိမှာဖြစ်ပွားနေတဲ့ကျန်းမာရေးပြဿနာတွေကို သေချာကာကွယ်ဂရုစိုက်ပြီး လုပ်ငန်းတွေပြန်လည်လည်ပတ်နေပါပြီ။ အဲဒီအတွက်ကြောင့် တချို့စီးပွားရေးလုပ်ငန်းနယ်ပယ်နဲ့ ကုမ္ပဏီတွေမှာအလုပ်ခေါ်ယူမှုတွေကို ပြန်လည်ပြုလုပ်နေကြပါတယ်။ လတ်တလောမှာ အလုပ်ခေါ်ယူမှုတွေပြုလုပ်နေတဲ့ကုမ္ပဏီတွေကိုလေ့လာချင်တယ်ဆိုရင် ဒီနေရာမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
အလုပ်အင်တာဗျူးတစ်ခုကိုပြင်ဆင်ရတာဟာလဲ ထိရောက်မှုရှိတဲ့ CV တစ်စောင်ရေးရသလိုပဲ စိတ်ဖိစီးမှုတွေရှိပါတယ်။ အဲဒါကြောင့် အထက်မှာဖော်ပြပေးခဲ့တဲ့အချက်တွေဟာ မိမိရဲ့အလုပ်အင်တာဗျူးမှာအထောက်အကူပြုပေးနိုင်မယ်လို့ ထင်ပါတယ်။ အားလုံးပဲ မိမိတို့ရည်ရွယ်ထားတဲ့အလုပ်အကိုင်ပန်းတိုင်ကို အောင်မြင်စွာရောက်ရှိနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ဆက်လက်ဖတ်ရှုရန် >>> အရင်အလုပ်ကနေရပ်ဆိုင်းခံရတဲ့အကြောင်း အင်တာဗျူးမှာမေးလာခဲ့ရင်
ဆက်လက်ဖတ်ရှုရန် >>> အင်တာဗျူးမှာ HR နဲ့အလုပ်ရှင်တွေပြောလေ့ရှိတဲ့စကားတွေရဲ့ ဆိုလိုရင်းကဘာလဲ