4th May, 2020

အွန်လိုင်းကနေ ဗီဒီယိုနဲ့အလုပ်အင်တာဗျူး ဖြေရတော့မယ်ဆိုရင်

ကျန်းမာရေးပြဿနာတွေကြောင့် ထိခိုက်ခဲ့ရတဲ့နိုင်ငံရဲ့စီးပွားရေးကဏ္ဍကို ပြန်လည်မြှင့်တင်ဖို့ အထူးသဖြင့် ထိခိုက်မှုအများဆုံးကြုံတွေ့ခဲ့ရတဲ့လုပ်ငန်းနယ်ပယ်တွေကို ပြန်လည်လည်ပတ်နိုင်စေဖို့အတွက် စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနကနေ လုပ်ဆောင်မယ့်စီမံချက်တွေကို ထုတ်ပြန်လိုက်ပါတယ်။ ထို့အတူ ကုမ္ပဏီတွေအနေနဲ့လည်း ဝန်ထမ်းတွေဘေးကင်းလုံခြုံစိတ်ချစွာနဲ့ စီးပွားရေးလုပ်ငန်းတွေပြန်လည်လည်ပတ်နိုင်ဖို့ ဘယ်လိုမျိုးဆောင်ရွက်ရမလဲဆိုတာကို အစီအစဉ်အသစ်တွေရေးဆွဲပြီး အကောင်အထည်ဖော်နေကြပါပြီ။ လေ့လာသုံးသပ်ချက်တွေနဲ့အတူ အလုပ်အကိုင်ရေးရာ ကျွမ်းကျင်သူတွေရဲ့ခန့်မှန်းချက်တွေအရ သတင်းကောင်းကတော့ မကြာမီမှာအလုပ်အကိုင်ခေါ်ယူမှုတွေ ပြန်လည်ရှိလာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။

ဒါပေမဲ့လည်း လက်ရှိအခြေအနေတွေအရ အလုပ်အကိုင်ခေါ်ယူမှုလုပ်ငန်းစဉ်နဲ့ အစမ်းခန့်ကာလတွေမှာ ပြောင်းလဲမှုတွေတော့ရှိလာနိုင်ပါတယ်။ ကျန်းမာရေးအခြေအနေတွေကြောင့် အလုပ်အင်တာဗျူးခေါ်တဲ့အခါမှာ အရင်ကလိုလူတွေ့အင်တာဗျူးတွေအစား အွန်လိုင်းကနေဗီဒီယိုအင်တာဗျူးဖြေဆိုမှုတွေကို ပြုလုပ်နိုင်ခြေရှိပါတယ်။ အလုပ်လျှောက်ထားသူတွေထဲက ဘယ်သူ့ကိုရွေးချယ်ရမလဲဆိုတာကိုမဆုံးဖြတ်ခင်မှာ ကိုယ်နဲ့လူချင်းလုံးဝမတွေ့ဆုံဖူးတဲ့ အလုပ်ခေါ်ယူနေသူတစ်ယောက်ကို အဝေးကနေကိုယ့်ရဲ့အရည်အချင်းတွေကို နှစ်သက်သဘောကျသွားအောင် ဘယ်လိုပြုမူရမလဲ။ အဲဒါဆို အွန်လိုင်းအလုပ်အင်တာဗျူးတစ်ခုမှာ အောင်မြင်အောင်ဖြေဆိုနိုင်ဖို့နဲ့ မိမိကိုယ်ကိုအကောင်းဆုံးဖော်ပြနိုင်ဖို့အတွက် အလုပ်အကိုင်ရေးရာကျွမ်းကျင်သူတွေက အကြံပေးထားတဲ့အချက် ၅ ချက်ကိုလေ့လာကြည့်လိုက်ရအောင်။

၁။ ပွဲမဝင်ခင် အပြင်ကကျင်းပပါ

ဘယ်အလုပ်အင်တာဗျူးကိုမဆို မသွားခင်မှာတစ်ခေါက်လောက်တော့အစမ်းလေ့ကျင့်ထားသင့်ပါတယ်။ အွန်လိုင်းဗီဒီယိုအင်တာဗျူးမှာ ဘယ်လိုမျိုးပုံစံဖြစ်မလဲဆိုတာနဲ့ မမျှော်လင့်ထားတဲ့အခက်အခဲတွေ ကြုံနိုင်တဲ့အတွက်ကြောင့် ပိုလို့တောင်သေချာပြင်သင့်ပါတယ်။ လူတစ်ယောက်ကိုအပြင်မှာကြည့်ပြီးစကားတာထက် ကင်မရာကိုကြည့်ပြီး မျက်လုံးချင်းဆုံအောင်စကားပြောရတဲ့အခါမှာ ကိုယ့်အနေနဲ့ဘယ်လိုခံစားရတတ်သလဲ၊ ဖြစ်တတ်သလဲဆိုတာကိုသိခဲ့ဖူးသလား။ ဥပမာ - ကင်မရာဒါမှမဟုတ် Screen အရှေ့မှာ နေရတာစိတ်သက်သောင့်မဖြစ်တတ်တဲ့သူမျိုးလား အစရှိသဖြင့်ပေါ့။ ကိုယ်နေဟန်ထား၊ မျက်နှာအမူအယာအစရှိတဲ့ Nonverbal Communication တွေမှာလည်း အွန်လိုင်းနဲ့ လူတွေ့အင်တာဗျူးမှာ ဘာတွေကွာလဲဆိုတာကို သိအောင်လုပ်သင့်ပါတယ်။ အဲဒီလိုမျိုးအချက်တွေကိုရှာဖွေဖို့အတွက် ကိုယ့်ရဲ့သူငယ်ချင်းဒါမှမဟုတ် မိသားစုဝင်တစ်ယောက်ယောက်နဲ့ အလုပ်အင်တာဗျူးပုံစံကို အွန်လိုင်းကနေဗီဒီယိုနဲ့အစမ်းလေ့ကျင့်စကားပြောကြည့်ပါ။ ဒါမှမဟုတ် တကယ့်အင်တာဗျူးရက်မတိုင်ခင်မှာ ကိုယ့်ကိုအင်တာဗျူးလုပ်မယ့်သူဆီကို အချိန်အနည်းငယ်လောက် Video call အဆင်ပြေမပြေအစမ်းပြုလုပ်ချင်လို့ရမလားဆိုပြီး အဲဒီကုမ္ပဏီရဲ့ HR ကိုအကူအညီလှမ်းတောင်းပြီးမေးကြည့်ပါ။

၂။ လူတွေ့အင်တာဗျူးကဲ့သို သေချာစွာဝတ်စားဆင်ယင်ပါ

မိမိရဲ့အိမ်ကနေသက်သောင့်သက်သာနဲ့ အလုပ်အင်တာဗျူးလုပ်ရမယ်ဆိုပေမဲ့ မသပ်မရပ်ဖွာလန်ကျဲနေတဲ့ဆံပင်ရယ် အိမ်နေရင်းတီရှပ်အင်္ကျီနဲ့ ဘောင်းဘီတွေဝတ်ပြီး အိမ်မှာနေတဲ့ပုံစံအတိုင်းအင်တာဗျူးလုပ်ရမယ်လို့ မဆိုလိုပါဘူး။ သပ်သပ်ရပ်ရပ်နဲ့ အဝတ်အစားအပြည့်အစုံကို သေသေချာချာဝတ်စားပြီး အိမ်မှာနေပြီး အိပ်ခန်းထဲကစာကြည့်စားပွဲ ဒါမှမဟုတ် မီးဖိုချောင်ကထမင်းစားပွဲမှာ အလုပ်အင်တာဗျူးလုပ်ရတယ်ဆိုတာကတော့ နည်းနည်းတော့ထူးဆန်းနေပါလိမ့်မယ်။ ဒါပေမဲ့လည်း ဒါဟာကိုယ့်ရဲ့အလုပ်အကိုင်လမ်းကြောင်းအတွက် အလုပ်ခေါ်ယူနေသူတွေဆီကနေ အထင်ကြီးလေးစားမှုကိုရအောင် တကယ့်လူတွေ့အလုပ်အင်တာဗျူးသွားသလိုမျိုးပဲ ခေါ်တဲ့အလုပ်နဲ့ကိုက်ညီတဲ့အဝတ်အစား သေသေချာချာဝတ်စားဆင်ယင်ပြီး သပ်သပ်ရပ်ရပ်နဲ့ ဗီဒီယိုအင်တာဗျူးကိုပြလုပ်ပါ။

၃။ နေရာကောင်းတစ်ခုကိုရွေးချယ်ထားပါ

ဝတ်စားဆင်ယင်မှုအပြင် နောက်တစ်ချက်ကတော့ အင်တာဗျူးပြုလုပ်နေတဲ့အချိန်မှာ အသုံးပြုမယ့်နေရာဟာ ကင်မရာထဲမှာဘယ်လိုပုံပေါ်မလဲဆိုတာကို ထည့်သွင်းစဉ်းစားပါ။ ဗီဒီယိုအင်တာဗျူးခေါ်ဆိုမှာဖြစ်တဲ့အတွက်ကြောင့် အင်တာဗျူးမေးမြန်းမယ့်သူဟာ ကိုယ့်ရဲ့မျက်နှာနဲ့အသံကိုပဲ မြင်ရကြားရမှာမဟုတ်ဘဲ ကိုယ့်ရဲ့ပတ်ဝန်းကျင်အနေအထားက ဘယ်လိုပုံစံဖြစ်နေသလဲဆိုတာကို အနည်းနဲ့အများမြင်နိုင်ကြားနိုင်ပါတယ်။ အဲဒီအချက်ကလည်း ကိုယ်ဟာအဲဒီအင်တာဗျူးအတွက် ဘယ်လောက်သေချာစွာ ပြင်ဆင်ထားသလဲဆိုတာကို ပေါ်လွင်နေပါတယ်။ အင်တာဗျူးပြုလုပ်တဲ့အခါမှာ အလင်းရောင်ကောင်းကောင်းရတဲ့နေရာ ဒါမှမဟုတ် မီးအလင်းရောင်ပိုရှိတဲ့နေရာ ဒါမှမဟုတ် ပစ္စည်းတွေသပ်သပ်ရပ်ရပ်ဖြစ်တဲ့နေရာကို ရွေးချယ်ပါ။ ကိုယ့်ရဲ့ပတ်ဝန်းကျင်ကပစ္စည်းတွေ အထူးသဖြင့်ကင်မရာမှာ ပေါ်မယ့်နေရာကပစ္စည်းတွေကို သပ်သပ်ရပ်ရပ်စနစ်တကျထားပါ။ အနှောက်အယှက်ဖြစ်စေတဲ့ဆူညံသံတွေမရှိတဲ့ တိတ်ဆိတ်ငြိမ်သက်တဲ့နေရာကို ရွေးချယ်ပါ။ အရေးကြီးအလုပ်အင်တာဗျူးလုပ်ရမှာဖြစ်တဲ့အတွက်ကြောင့် အနှောက်အယှက်မဖြစ်စေဖို့လည်း အတူနေတဲ့အိမ်ကသူတွေကို မေတ္တာရပ်ခံထားပါ။

၎။ လိုအပ်မယ့်အရာတွေကို အနီးအနားမှာထားပါ

လူတွေ့အင်တာဗျူးမှာတောင်မှ လူကိုယ်တိုင်အပြင် CV အပိုတစ်စုံနှစ်စုံ၊ ဘွဲ့လက်မှတ်တွေနဲ့ အခြားလိုအပ်တဲ့စာရွက်စာတမ်းတွေကို အမြဲယူဆောင်သွားရတာပဲလေ။ အဲဒီလိုပါပဲ ဗီဒီယိုအင်တာဗျူးပြုလုပ်တဲ့အခါမှာလည်း အလုပ်အတွက်လိုအပ်မယ့်စာရွက်စာတမ်းတွေ၊ မှတ်စရာဘောပင်နဲ့စာအုပ်အပြင် Presentation ပြုလုပ်ဖို့ရည်ရွယ်ထားတယ်ဆိုရင် အဲဒီအတွက်လိုအပ်တာတွေအကုန်ပြင်ဆင်ထားပါ။ နောက်ပြီး အင်တာဗျူးပြုလုပ်နေစဉ်မှာ နည်းပညာအမှားအယွင်း technical issue ဒါမှမဟုတ် မီးပျက်သွားတာမျိုး စတဲ့ခန့်မှန်းနိုင်တဲ့အခြေအနေတွေအတွက် ကြိုတင်ပြင်ဆင်မှုတွေဖြစ်တဲ့ ကွန်ပျူတာကိုအားအပြည့်သွင်းထားပြီး လိုအပ်လာရင်သုံးဖို့ ကိုယ့်ရဲ့စမတ်ဖုန်းကိုလည်း အနီးနားမှာထားပါ။ အနှောက်အယှက်မဖြစ်အောင် ဖုန်းအသံပိတ်ထားပါ။ အင်တာဗျူးလုပ်နေချိန်မှာလဲ လိုအပ်တဲ့ application နဲ့ ဝက်ဘ်ဆိုက်တွေကိုပဲဖွင့်ထားပြီး notification အသံတွေမဝင်လာစေဖို့ ဆိုရှယ်မီဒီယာတွေနဲ့ အခြားဝက်ဘ်ဆိုက်တွေကို ပိတ်ထားပါ။

၅။ စိတ်လှုပ်ရှားမှုအရမ်းမဖြစ်ပါစေနဲ့

အလုပ်အင်တာဗျူးဆိုတာဟာ ကုမ္ပဏီဘက်ကနေအလုပ်လျှောက်ထားသူကို အကဲဖြတ်တဲ့အချိန်ဖြစ်သလို အလုပ်လျှောက်သူဘက်ကလည်း ဒီကုမ္ပဏီဟာလုပ်ငန်းခွင်ကောင်းဖြစ်ပါ့မလားဆိုပြီး အကဲဖြတ်နိုင်တဲ့အခွင့်အရေးဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဗီဒီယိုအင်တာဗျူးလုပ်နေစဉ်မှာ ကိုယ့်ဘက်ကပဲဖြစ်ဖြစ် ဒါမှမဟုတ် ကုမ္ပဏီဘက်ကပဲဖြစ်ဖြစ် အဆင်မပြေမှုလေးတွေ ဖြစ်ခဲ့ရင်အရမ်းကြီးမစိုးရိမ်ပါနဲ့။ နည်းပညာကုမ္ပဏီကြီးတစ်ခုက CEO တစ်ယောက်ကဆိုရင် “အလုပ်နဲ့ပတ်သက်တဲ့ Video Chat နေတုန်းကလေးဒါမှမဟုတ် အိမ်မွေးတိရိစ္ဆာန်က ဝင်ရောက်လာခဲ့တယ်ဆိုရင်လည်း အရမ်းကြီးမစိုးရိမ်သွားပါနဲ့၊ စကားဆက်ပြီးပြောပါ၊ ဘဝဆိုတာဒီလိုပဲဖြစ်တတ်ပါတယ်” ဆိုပြီး ဗီဒီယိုအင်တာဗျူးဖြေဆိုမယ့်သူတွေကိုလည်း စိတ်သက်သောင့်သက်သာနဲ့ပြောဆိုဖို့ အကြံပေးထားပါတယ်။ ဝန်ထမ်းတစ်ယောက်အနေနဲ့ မိမိဟာဘယ်လိုမျိုးလဲဆိုတဲ့အကောင်းဆုံးနမူနာကိုပြသဖို့က အင်တာဗျူးမှာမိမိရဲ့အရည်အချင်းတွေကို ဖော်ပြဖို့ပါပဲ။ အဲဒါကြောင့် ဘယ်လိုမျိုးအခက်အခဲမှာမဆို တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးရင်ဆိုင်သွားတာကို ပြသနိုင်တာဟာလည်းပဲ အလုပ်ရှင်တွေရှာဖွေနေတဲ့အချက်ပဲ ဖြစ်ပါတယ်။

အခုလိုအချိန်မှာ အလုပ်ခေါ်ယူနေသူတွေဟာ အန္တာရယ်ကင်းတဲ့အလုပ်ခေါ်ယူမှုတွေဖြစ်စေဖို့ ဗီဒီယိုအင်တာဗျူးလည်းပြုလုပ်နိုင်သလို ဖုန်းခေါ်ဆိုပြီးတော့လည်းအင်တာဗျူးပြုလုပ်နိုင်ပါတယ်။ ဖုန်းနဲ့ဖြေဆိုရမယ့်အလုပ်အင်တာဗျူးအတွက် ဘာတွေပြင်ဆင်ထားသင့်သလဲဆိုတာကို ဒီနေရာမှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ ပြောင်းလဲမှုတွေနဲ့ မရေရာမှုတွေများနေတဲ့လက်ရှိကာလမှာ ကုမ္ပဏီတွေကနေ အလုပ်လျှောက်ထားသူတွေဆီကို ပြန်ဆက်သွယ်ဖို့နဲ့ အင်တာဗျူးအချိန်ညှိဖို့တွေအတွက် အနည်းငယ်နှောင့်နှေးမှုတွေ ဖြစ်နိုင်ပါတယ်။ အခုလိုမျိုး မကြံစဖူးအခက်အခဲတွေဖြစ်နေတဲ့အချိန်မှာ အားလုံးကိုစိတ်ရှည်နားလည်ဖို့ တိုက်တွန်းချင်ပါတယ်။ နောက်ပြီး ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေနဲ့ ကြိုးစားပြီးလုပ်ကိုင်မယ်ဆိုရင် မကြာခင်မှာ အခက်အခဲတွေအားလုံးကိုအတူတူကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။