18th July, 2019

ဘာဖြစ်လို့ အလုပ်မရသေးတာလဲ

“ဘဝမှာ အငြင်းပယ်ခံရတဲ့အခါမှာ ဘယ်တော့မှထွက်မပြေးပါနဲ့။ ဖြစ်လာနိုင်ချေရှိမယ့်အရာတွေကို စဉ်းစားပါ။ အဲဒီအရာတွေကို ဖမ်းဆုပ်နိုင်သွားပြီဆိုရင် အဲဒါတွေက ကိုယ့်အတွက်လက်ဆောင်ကောင်းတွေ ဖြစ်လာနိုင်ပါတယ်” လို့ စွန့်ဦးတီထွင်သူတစ်ယောက်လည်းဖြစ် Rejection Therapy ဝက်ဘ်ဆိုက်ဒ်ကိုစတင်သူလည်းဖြစ်တဲ့ Jia Jiang ကပြောခဲ့ပါတယ်။ အငြင်းပယ်ခံရမှာကို စိုးရွံ့နေခဲ့မယ်ဆိုရင် အခွင့်အလမ်းအသစ်တွေကို ဖမ်းဆုပ်နိုင်မှာမဟုတ်သလို စိတ်ဓာတ်ကျစေနိုင်တဲ့အကြောင်းအရာတွေနဲ့ စိတ်ပျက်စရာကောင်းတဲ့အခြေအနေကို သည်းခံကျော်လွှားနိုင်မှာ မဟုတ်ပါဘူး။ အငြင်းပယ်ခံမှုတစ်ခုကြောင့် ဖြစ်လာတဲ့စိတ်ဓာတ်ကြံခိုင်မှုနဲ့ ခံနိုင်ရည်ရှိမှုတွေဟာ သင်ခန်းစာကောင်းတွေပဲဖြစ်ပါတယ်။ အငြင်းပယ်ခံရတာကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတဲ့အရာဟာ ကိုယ့်ရဲ့အလုပ်အကိုင်ရှာဖွေရေးကို တိုးတက်စေတဲ့အရေးကြီးတဲ့အရာတွေထဲက တစ်ခုဖြစ်ပါတယ်။

ကိုယ်လိုချင်တဲ့အလုပ်အကိုင်တစ်ခုရဖို့ကြိုးစားနေချိန်မှာ အငြင်းပယ်ခံရတာတွေ ဒါမှမဟုတ် အငြင်းခံရမှာကိုကြောက်ရွံ့စိုးထိတ်တာတွေကို ကြုံတွေ့ရတတ်ပါတယ်။ အဲဒီလိုစိတ်မသက်သာဖြစ်တာဟာ ကိုယ်တစ်ယောက်တည်းဖြစ်တာလို့ မထင်ပါနဲ့။ အလုပ်ရှာဖွေတာနဲ့ အလုပ်လျှောက်ထားတာဟာ ပထမဆုံးအကြိမ်ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ အဲဒါဟာ ကိုယ့်ရဲ့အလုပ်အကိုင်လမ်းကြောင်းမှာ အမြဲတမ်းအဆင်ပြေချောမွေ့နေမယ်လို့တော့ ဘယ်သူကမှအာမမခံနိုင်ပါဘူး။ တစ်ခါတလေမှာ အီးမေးလ်လေးတစ်စောင် ဖုန်းလေးတစ်ချက်နဲ့ “အလုပ်မခန့်ဖြစ်ဘူး” ဆိုပြီး အငြင်းပယ်ခံလိုက်ရတဲ့အခါမျိုးကြုံတွေ့နိုင်သလို ကိုယ်အလုပ်လျှောက်ထားတဲ့ကုမ္ပဏီရဲ့ ဝန်ထမ်းရှာဖွေခန့်အပ်မှုလုပ်ငန်းစဉ်တွေက ကြန့်ကြာနှောင့်နှေးမှုတွေကြောင့်လည်း အလုပ်ရမလား မရဘူးလားဆိုတဲ့ မရေရာမသေချာမှုတွေကြားမှာ ပိတ်မိနေတတ်ပါတယ်။

တကယ်လို့ အလုပ်မရခဲ့ရင်လည်း ဒါဟာ ကိုယ့်တစ်ယောက်တည်းမှဖြစ်တယ်လို့ မတွေးပါနဲ့။ ကိုယ်လိုချင်တဲ့အလုပ်ကို “ရတယ်၊ မရဘူး” ဆိုတာနဲ့ပတ်သက်ပြီး ကိုယ်မတတ်နိုင်တဲ့အကြောင်းတွေရှိသလို ကိုယ်လုပ်နိုင်တဲ့အရာတွေလည်း ရှိပါတယ်။ ကိုယ်လျှောက်လိုက်တဲ့အလုပ်ရာထူးနဲ့ပတ်သက်ပြီး ကိုယ့်ကိုဘာကြောင့်အလုပ်မခန့်သလဲဆိုတဲ့ အကြောင်းအရင်းတွေထဲမှာ ကိုယ့်ရဲ့အားသာချက်၊ သင့်တော်ကိုက်ညီမှုအစရှိတဲ့အချက်တွေဟာ မကြာခဏဆိုသလို သိသိသာသာဆက်စပ်နေပါတယ်။

၁။ အင်တာဗျူးအတွက် ဆန်ကာတင်ရွေးချယ်သူစာရင်းမှာ ဘာဖြစ်လို့ကိုယ်မပါတာလဲ

ဝန်ထမ်းရှာဖွေခန့်အပ်တဲ့လုပ်ငန်းစဉ်အဆင့်ဆင့်ရဲ့ ပထမအဆင့်မှာတင် လျှောက်ထားခဲ့တဲ့အလုပ်ရာထူးအတွက် ကိုယ့်ရဲ့ CV ကို အရွေးမခံရတာတွေ ကြုံဖူးပါလိမ့်မယ်။ အဲဒါကို ဘယ်လိုဖြေရှင်းမလဲ။ အရေးကြီးဆုံးကတော့ ကိုယ့်ရဲ့ CV ကို အလုပ်ခေါ်ယူသူတွေရဲ့လက်ထဲကို သေချာပေါက်ရောက်အောင် ပြုလုပ်ပါ။ အဲဒါအတွက်လည်း ရုန်းကန်နေရတုန်းပဲလား။ အောက်မှာဖော်ပြထားတဲ့အချက်တွေက ကိုယ့်ရဲ့ CV ကို အလုပ်ခေါ်ယူနေသူတွေက ဘာဖြစ်လို့ငြင်းပယ်သလဲဆိုတဲ့ အကြောင်းအရင်းတွေပဲဖြစ်ပါတယ်။ 

ကိုယ့်ရဲ့လုပ်ငန်းအတွေ့အကြုံက အလုပ်လိုအပ်ချက်တွေနဲ့ သိပ်မကိုက်ညီတဲ့အခါ - အလုပ်ကြော်ငြာစာတစ်ခုမှာ ဖော်ပြထားတဲ့လုပ်ငန်းကျွမ်းကျင်မှုတွေနဲ့ ပညာအရည်အချင်းတွေဟာ ကိုယ့်နဲ့ ၁၀၀ ရာနှုန်းပြည့်ကိုက်ညီရမယ်လို့ မဆိုလိုပါဘူး။ ဒါပေမဲ့လည်း ရာခိုင်နှုန်းများများတော့ ကိုက်ညီသင့်ပါတယ်။ အလုပ်ကြော်ငြာစာမှာ ဖော်ပြထားတဲ့အရည်အချင်းတွေနဲ့ ၉၀ ရာခိုင်နှုန်းလောက်က ကိုက်ညီမှုရှိနေတယ်ဆိုရင်တော့ အဲဒီအလုပ်ကိုလျှောက်ဖို့ စဉ်းစားလိုက်ပါတော့။ ဥပမာ အလုပ်ဖော်ပြချက်တွေထဲမှာ အလုပ်အတွေ့အကြုံ ၃ နှစ်ကနေ ၅ နှစ်အထိ လိုတယ်လို့ပြောထားပေမဲ့ ကိုယ့်ရဲ့လုပ်ငန်းလုပ်သက်က ၂ နှစ်ခွဲလောက်ပဲရှိပြီး ကျန်တဲ့လိုအပ်ချက်တွေမှာ အရည်အသွေးလုံးဝကိုပြည့်မီတယ်ဆိုရင် အဲဒီအလုပ်ကကိုယ်နဲ့ ကိုက်ညီကောင်းကိုက်ညီပါလိမ့်မယ်။ ဒါပေမဲ့ ၆ လလောက်လုပ်သက်နဲ့တော့ သွားမလျှောက်ပါနဲ့။

အလုပ်ကြော်ငြာစာတစ်ခုကိုတွေ့တာနဲ့ အဲဒီအလုပ်ဟာကိုယ်နဲ့သင့်တော်တဲ့အလုပ်ဟုတ်လား မဟုတ်လားဘူးဆိုတာကို ဘယ်လိုဆုံးဖြတ်ရမလဲဆိုတာကတော့ အဲဒီအလုပ်ကြော်ငြာစာမှာပါတဲ့ဖော်ပြချက်တွေကို အသေးစိတ်သေချာနားလည်အောင် ဖတ်ပါ။ တစ်ခါတလေမှာ အလုပ်ကြော်ငြာစာမှာပါတဲ့ အလုပ်ရာထူးအမည် ( Job Title) ကိုပဲကြည့်ပြီး ကိုယ်နဲ့မရင်းနှီးတဲ့စကားလုံးအခေါ်အဝေါ်တွေကို တွေ့တဲ့အခါမှာ မကိုက်ညီဘူးထင်ပြီး ကျော်သွားတတ်ပါတယ်။ တကယ်ကတော့ သိပြီးသားအလုပ်ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ မတူညီတဲ့စကားလုံးအခေါ်အဝေါ်တွေကြောင့် အဲဒီလိုဖြစ်သွားတာဖြစ်ပါတယ်။ တချို့စီးပွားရေးလုပ်ငန်းတွေဟာ သူတို့ရဲ့အလုပ်ကြော်ငြာစာတွေမှာ အဖွဲ့အစည်းအတွင်းမှာသုံးတဲ့အသုံအနှုန်းတွေနဲ့ ခေါ်လေ့ရှိတဲ့အတွက်ကြောင့် ကိုယ့်အရည်အသွေးနဲ့ ကိုက်ညီတဲ့အလုပ်အကိုင်တွေကို လက်မလွက်သွားရတာအောင် အလုပ်ကြော်ငြာစာတွေရဲ့ဖြော်ပချက်တွေကို သေချာဖတ်ပါ။ ဥပမာ - တချို့ကုမ္ပဏီတွေမှာဆိုရင် “Customer Service” အစား “Customer Success” ဒါမှမဟုတ် “Customer Champion” ဆိုပြီးသုံးတတ်ပါတယ်။

သတ်မှတ်ထားတဲ့အရည်အချင်းတွေထက် သာလွန်နေတဲ့အခါ - ကိုယ့်ရဲ့ လုပ်ငန်းအတွေ့အကြုံတွေနဲ့ ပညာအရည်အချင်းတွေဟာ သတ်မှတ်တာတွေထက်သာလွန်နေလို့ အလုပ်ရှင်တွေက ကိုယ့်ကိုငြင်းပယ်လိုက်တယ်ဆိုတာဟာ အဓိပ္ပာယ်မရှိဘူးလို့ ထင်ရပါတယ်။ ဒါပေမဲ့ တစ်ခုသတိထားရမှာက အလုပ်ခေါ်ယူနေသူတွေနဲ့ ဝန်ထမ်းရွေးချယ်စီစစ်တဲ့မန်နေဂျာတွေဟာ သူတို့ရဲ့လုပ်ငန်းခွင်မှာ ပျော်ပျော်ရွှင်ရွှင်ကြာကြာလုပ်မယ့်သူကိုပဲ ရှာဖွေနေတယ်ဆိုတာပါပဲ။ တကယ်လို့ အလုပ်လျှောက်ထားသူတစ်ယောက်ရဲ့ အရည်အချင်းတွေက သူတို့ခေါ်ယူနေတဲ့အလုပ်မှာ သတ်မှတ်ထားတာထက် အရမ်းကိုသာလွန်နေတယ်ဆိုရင် အဲဒီအလုပ်ကိုခဏလေးနဲ့ငြီးငွေ့သွားပြီး အလုပ်ထွက်သွားမှာကို စိုးရိမ်ကြပါတယ်။

တကယ်လို့ MBA ဘွဲ့ရတစ်ယောက်အနေနဲ့ Inbound Call Center အလုပ်ကို လျှောက်ထားနေတယ်ဆိုရင် သူဟာဒီအလုပ်ကို ခဏလေးနဲ့ငြီးငွေ့သွားနို်င်တယ်လို့ အလုပ်ခေါ်ယူနေသူတွေကထင်မြင်နိုင်ပြီး အလုပ်မခေါ်ဘဲ နေကောင်းနေပါလိမ့်မယ်။ ကိုယ့်အနေနဲ့ကလည်း အဲဒီအလုပ်ကိုမှမဖြစ်မနေလျှောက်ချင်တယ်ဆိုရင် Cover Letter မှာ ကိုယ်ရဲ့အရည်အချင်းနဲ့အတွေ့အကြုံတွေဟာ ဒီအလုပ်ကခေါ်ယူထားတဲ့သတ်မှတ်ချက်တွေထက်သာလွန်ဆိုတာကို သိပေမဲ့ ဘာကြောင့် ဒီအလုပ်ကိုမှလုပ်ချင်ရသလဲဆိုပြီး တိကျခိုင်လုံတဲ့သက်သေကို ဖော်ပြပေးပါ။

လုပ်ငန်းပိုင်းဆိုင်ရာ ကိုယ်ရေးအချက်အလက်တွေနဲ့ Cover Letter ကို သေချာမပြင်ဆင်ခြင်း - CV နဲ့ Cover Letter တွေဟာ ဘောလုံးပွဲတစ်ခုက တိုက်စစ်မှူးတွေလိုပါပဲ။ ကိုယ်နဲ့တစ်ခါမှမတွေ့ဘူးမမြင်ဘူးတဲ့ အလုပ်ခေါ်ယူနေသူတစ်ယောက်ကို စာရွက်လေး ၁ စောင် ၂ စောင်လောက်မှာ ကိုယ့်အကြောင်းကိုဖြော်ပပြီး ကိုယ့်ကိုယ်ကိုရောင်းရတာပဲဖြစ်ပါတယ်။ အဲဒါကြောင့် အဲဒီစာမျက်နှာတွေကနေ အချိန်တခဏလေးအတွင်းမှာ ကိုယ့်ကို သူတို့မြင်သာလာအောင် သတိထားမိလာအောင် ကြိုးစားရမှာပဲဖြစ်ပါတယ်။ အဲဒီလိုဖြစ်ဖို့ဆိုရင် အလုပ်ရှာဖွေတဲ့အခါမှာ အဓိကအခန်းကဏ္ဍကနေပါဝင်တဲ့ CV ကို စွဲမက်ဖွယ်ကောင်းအောင်ပြင်ဆင်ရမှာပဲ ဖြစ်ပါတယ်။ အလုပ်ကြော်ငြာတစ်ခုမှာပါဝင်တဲ့ ဖော်ပြချက်တွေကိုသေချာနားလည်အောင်ဖတ်ခြင်းဟာ စွဲဆောင်မှုရှိတဲ့ CV နဲ့ Cover Letter တွေဖြစ်လာအောင် အကူအညီပေးနိုင်ပါတယ်။ အရေးကြီးဆုံးအချက်တွေထဲက တစ်ခုကတော့ လျှောက်ထားဖို့ရည်ရွယ်ထားတဲ့ အလုပ်ကြော်ငြာထဲက ဖော်ပြချက်တွေနဲ့ကိုက်ညီတဲ့စကားလုံး (Key Words) တွေကို များများသုံးပေးဖို့ပါပဲ။ အဲဒီအပြင် ရရှိခဲ့ဖူးတဲ့အောင်မြင်မှုတွေကို အချက်အလက်အတိအကျနဲ့ ထည့်သွင်းဖော်ပြတာကလည်း ကိုယ့်ရဲ့ CV ကို အလုပ်ခေါ်ယူနေတဲ့မန်နေဂျာရဲ့အာရုံကိုဖမ်းစားနိုင်အောင် အကူအညီပေးနိုင်ပါတယ်။

CV နဲ့ Cover Letter ရေးနည်းတွေနဲ့ပတ်သက်ပြီး လေ့လာချင်တယ်ဆိုရင် ဒီနေရာမှာ လာရောက်လေ့လာနိုင်ပါတယ်။ အကယ်၍ JobNet.com.mm လိုမျိုး အလုပ်လျှောက်ထားသူတွေကို အလိုအလျောက်ခြေရာခံတဲ့စနစ် (ATS) ကို အသုံးပြုပြီး အလုပ်တွေလျှောက်ထားနေတယ်ဆိုရင် ကိုယ့်ရဲ့ Job-Seeker Profile ကို မြန်မာနိုင်ငံရဲ့ထိပ်တန်းကုမ္ပဏီတွေက ရှာဖွေတွေ့ရှိနိုင်အောင် ပြုလုပ်လိုက်ပါ။ ဒါနဲ့ JobNet.com.mm မှာ ကိုယ့်ရဲ့ Profile ကို ဘယ်လိုမျိုးစွဲဆောင်မှုရှိအောင်နဲ့ အလုပ်ရှင်တွေကရှာဖွေတွေ့ရှိနိုင်အောင် ဘယ်လိုပြုလုပ်ရမလဲဆိုတာကို သိချင်တယ်ဆိုရင် ဒီနေရာမှာ လေ့လာဖတ်ရှုနိုင်ပါတယ်။

၂။ အလုပ်အင်တာဗျူးအခေါ်ခံရပေမဲ့ အလုပ်မရတာဘာကြောင့်လဲ

ကိုယ့်ရဲ့ CV ဟာ အလုပ်ဖော်ပြချက်တွေနဲ့လည်း လုံးဝကိုကိုက်ညီပြီး အင်တာဗျူးလည်းအခေါ်ခံခဲ့ရတယ်။ အင်တာဗျူးမှလည်း အကောင်းဆုံးဖြေဆိုခဲ့တယ်။ ဒါပေမဲ့ အလုပ်မရခဲ့ဘူး။ ဘာဖြစ်လို့လဲ။ အင်တာဗျူးမှာ ကိုယ်ဟာဘာကြောင့် ငြင်းပယ်ခံခဲ့ရသလဲဆိုတဲ့အကြောင်းအရင်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။

အင်တာဗျူးအတွက် သေချာမပြင်ဆင်ခဲ့ခြင်း - အလုပ်အင်တာဗျူးမှာ အလုပ်ရှင်အများစုဟာ အလုပ်ကိုတာဝန်ယူစိတ်ရှိပြီး ယုံကြည့်ချက်အပြည့်နဲ့ စိတ်ဝင်တစားအလုပ်လုပ်လိုစိတ်ရှိတဲ့သူတွေကို ရှာဖွေလေ့ရှိပါတယ်။ အင်တာဗျူးကို ဘယ်လောက်အထိပြင်ဆင်လာခဲ့သလဲဆိုတာကိုကြည့်ပြီး ကိုယ်လုပ်ဆောင်ရမယ့်အရာကို တာဝန်ယူစိတ်ရှိတယ်၊ မရှိဘူး ဆိုတာကို လေ့လာကြည့်လို့ရပါတယ်။ များသောအားဖြင့်တော့ “ကိုယ့်အကြောင်းကို ကိုယ်မိတ်ဆက်ပေးပါဦး” ဒါမှမဟုတ် “ဘာဖြစ်လို့ဒီအလုပ်ကိုလျှောက်ဖို့ရွေးချယ်တာလဲ” အစရှိတဲ့မေးခွန်းတွေကိုမေးပြီး သူတို့လိုချင်တဲ့အရည်အသွေးတွေ “ရှိ၊ မရှိ” ကိုလေ့လာဆုံးဖြတ်ကြပါတယ်။ ဒီမေးခွန်းတွေဟာ ရိုးရှင်းတယ်လို့ထင်ရပေမဲ့ လူတစ်ယောက်ရဲ့ လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်မှုအရည်အသွေးတွေကို ဒီမေးခွန်းတွေကနေ လေ့လာဆင်ခြင်ဆုံးဖြတ်လို့ရပါတယ်။ ဥပမာပြောရမယ်ဆိုရင် အလုပ်ရှင်က ကိုယ့်ရဲ့အကြောင်းကိုမိတ်ဆက်ပေးပါဦး လို့မေးလာခဲ့ရင် ကိုယ်ရေးကိုယ်တာအကြောင်းတွေထက်  လုပ်ငန်းပိုင်းဆိုင်ရာအရည်အသွေး၊ အတွေ့အကြုံတွေအပြင် ရရှိခဲ့တဲ့အောင်မြင်မှုတွေကို တိကျတဲ့ကိန်းဂဏန်းတွေနဲ့ထည့်သွင်းပြီး ဖြေဆိုပေးသင့်ပါတယ်။

တစ်ခါတလေမှာ အင်တာဗျူမေးနေတဲ့အလုပ်ရှင် ဒါမှမဟုတ် အလုပ်ခေါ်ယူနေသူက ကိုယ်အခုလျှောက်ထားတဲ့အလုပ်နဲ့ ကုမ္ပဏီအပေါ်မှာ ဘယ်လောက်အထိစိတ်ဝင်စားမှုရှိနေသလဲဆိုတာကို လေ့လာလာချင်လို့ မေးလိုက်တဲ့အချိန်မှာ ကိုယ့်အနေနဲ့ ချောချောမွေ့မွေ့မပြောနိုင်တဲ့အခြေအနေမျိုးတွေ ကြုံတွေ့နိုင်ပါတယ်။ အဲဒီလိုအခြေအနေမျိုးတွေအတွက် ပြင်ဆင်ထားချင်တယ်ဆိုရင် ကိုယ်လျှောက်ထားတဲ့ကုမ္ပဏီနဲ့ အလုပ်ဖော်ပြချက်တွေကို အရင်ဆုံးသေချာလေ့လာပါ။ ဖြစ်နိုင်မယ်ဆိုရင် အင်တာဗျူးမေးမယ့်သူတွေရဲ့ လုပ်ငန်းဆိုင်ရာဆက်သွယ်ရေးလမ်းကြောင်းတွေဖြစ်တဲ့ LinkedIn တို့ Blog တွေမှာ ဝင်ရောက်ကြည့်ရှုလိုက်ပါ။  မြန်မာနိုင်ငံမှာရှိတဲ့ ထိပ်တန်းကုမ္ပဏီတွေနဲ့ပတ်သက်ပြီး လေ့လာချင်တယ်ဆိုရင် JobNet.com.mm မှာ ဝင်ရောက်လေ့လာလိုက်ပါ။

ကိုယ့်ရဲ့ပုံရိပ်နဲ့ပတ်သက်ပြီး ဂရုတစိုက်သေချာမပြင်ဆင်ခြင်း - အလုပ်အင်တာဗျူးဆိုတာဟာ ကိုယ်နဲ့ပထမဆုံးအကြိမ်တွေ့မယ့် အလုပ်ခေါ်ယူသူက ကိုယ့်အပေါ်အထင်ကြီးလေးစားမှုဖြစ်သွားစေနိုင်တဲ့ အခွင့်အရေးတစ်ခုဖြစ်သလို အထင်သေးသွားစေနိုင်တဲ့နေရာတစ်ခု ပဲဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ပုံပန်းသွင်ပြင်က သူ့ရဲကလုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်မှုတွေကို မဆုံးဖြတ်နိုင်ဘူးဆိုပေမဲ့လည်း အလုပ်အကိုင်ရှာဖွေရေးမှာတော့ အထောက်အပံ့ကောင်းတစ်ခုဖြစ်ပါတယ်။ ကိုယ့်အနေနဲ့ Sales Executive ရာထူးအလုပ်အတွက် အင်တာဗျူးသွားတဲ့အခါမှာ ကိုယ်ကတီရှပ်နဲ့ ဂျင်းဘောင်းဘီဝတ်သွားရင်တော့ အလုပ်ခေါ်ယူနေသူတွေဆီကနေတော့ အမှတ်ကောင်းကောင်းရတော့မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အရောင်းပိုင်းဆိုင်ရာလုပ်ငန်းနယ်ပယ်မှာ အလုပ်လုပ်နေတဲ့ကျွမ်းကျင်ပညာရှင်တွေဟာ ပြင်ပမှာဝယ်ယူသူတွေ ဖောက်သည်တွေနဲ့ဆက်ဆံရတဲ့အခါမှာ သူတို့လုပ်ကိုင်နေတဲ့ကုမ္ပဏီ ဒါမှမဟုတ် စီးပွားရေးလုပ်ငန်းကို ကိုယ်စားပြုပါတယ်။

အဲဒါကြောင့် အင်တာဗျူးမေးတဲ့သူတွေဟာ ခေါ်ယူနေတဲ့ဝန်ထမ်းတွေရဲ့ပုံရိပ်ကို အင်တာဗျူးမှာအဓိကထားပြီး လေ့လာကြည့်ရှုကြပါတယ်။ အင်တာဗျူးသွားတဲ့အခါမှာ ကိုယ့်ရဲ့ပုံရိပ်ကိုမြှင့်တင်စေမယ့် သင့်တော်တဲ့အဝတ်အစားကို ဝတ်ဖို့မမေ့ပါနဲ့။ နောက်တစ်ချက်ကတော့ အဝတ်အစားတင်မကပါဘူး ကိုယ်နေဟန်ထား၊ သန့်ရှင်းသပ်ရပ်မှု၊ ကျန်းမာရေးအစရှိတာတွေကိုလည်း ဂရုတစိုက်လေ့လာဖို့လိုပါတယ်။

ကိုယ့်ရဲ့အရည်အချင်းကိုသက်သေပြနိုင်မယ့် Portfolios တွေကို ယူသွားဖို့မေ့ခဲ့ခြင်း - ဒီတစ်ချက်ဟာ တီထွင်ဖန်တီးမှုကိုအလေးပေးတဲ့အလုပ်တွေ Graphic Designer, Video Editor, Interior Designer, TV အစီအစဉ်ထုတ်လုပ်သူ အစရှိတဲ့လုပ်ငန်းတွေအတွက် အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအလုပ်တွေဟာ သူတို့ရဲ့ကျွမ်းကျင်မှုအရည်အချင်းတွေကို လက်တွေ့ပြသနိုင်ဖို့လိုပါတယ်။  အလုပ်အင်တာဗျူးတစ်ခုရဲ့ရည်ရွယ်ချက်က အလုပ်လျှောက်ထားလိုက်တဲ့ကုမ္ပဏီအတွက် ဘာတွေလုပ်ပေးနိုင်မလဲဆိုတာကို အချိန်တိုအတွင်းမှာ လူကိုယ်တိုင်ဆန်းစစ်လေ့လာအကဲဖြတ်တာပဲ ဖြစ်ပါတယ်။ “အပြောထက် အလုပ်နဲ့သက်သေပြတာက ပိုကောင်းတယ်” ဆိုတဲ့စကားလိုပဲ အောင်မြင်အောင်လုပ်ခဲ့ဖူးတဲ့အလုပ်တွေကို စုဆောင်းသိမ်းဆည်းပြီး အင်တာဗျူးမေးမြန်းနေတဲ့အလုပ်ရှင်ကို ပြသနိုင်မယ်ဆိုရင် ကိုယ်ဟာတခြားအလုပ်လျှောက်သူတွေထက် ပိုပြီးနှာတစ်ဖျားသာတယ်ဆိုတာကို ပြသနိုင်မယ်အခွင့်အရေးဖြစ်ပါတယ်။

အခုပြောပြသွားခဲ့တဲ့ရိုးရှင်းတဲ့အချက်တွေကို သေချာမှတ်ပြီး အသုံးချမယ်ဆိုရင် ကိုယ်လိုချင်တဲ့အလုပ်ကိုရှာဖွေတဲ့အခါမှာ အထောက်အကူဖြစ်စေပါလိမ့်မယ်။