24th August, 2020
HR တစ်ယောက်အနေနဲ့ ရပ်တည်ချင်တယ်ဆိုရင် ဘာတွေပြင်ဆင်သင့်သလဲ
Share
Blog Link Copied
နည်းပညာတွေဟာ လူတွေရဲ့လုပ်ငန်းလုပ်ကိုင်တဲ့ပုံစံတွေကို ပြောင်းလဲနေတယ်ဆိုပေမဲ့လည်း စက်ပစ္စည်းမဟုတ်တဲ့လူသားတွေဟာ အဖွဲ့အစည်းတစ်ခုရဲ့အကောင်းဆုံးအရင်းအမြစ်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေဆဲပါပဲ။ ကျွမ်းကျင်လုပ်သားပြတ်လပ်မှုနဲ့ လုပ်ငန်းပိုင်းဆိုင်ရာအရည်အချင်းရှိဝန်ထမ်းတွေကို အပြိုင်အဆိုင်ခေါ်ယူမှုတွေနဲ့ကြုံတွေ့နေတဲ့အတွက် ကုမ္ပဏီတွေအနေနဲ့ အရည်အသွေးမြင့်ဝန်ထမ်းတွေကို မိမိတို့ရဲ့လုပ်ငန်းတွေမှာအလုပ်လုပ်ကိုင်လာစေဖို့ ဆွဲဆောင်ထိန်းသိမ်းတဲ့နေရာမှာ ကျွမ်းကျင်တဲ့သူတွေလိုအပ်တယ်ဆိုတာကို သိရှိလာကြပါတယ်။
ကျွမ်းကျင် HR ပညာရှင်တွေဟာ လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်သူတွေကို ကုမ္ပဏီအတွက်ဆွဲဆောင်ထိန်းသိမ်းထားနိုင်ရုံသာမက လုပ်ငန်းခွင်မှာရှိတဲ့အဖွဲ့တွေကိုစိတ်ဓာတ်ခွန်အားပေးနိုင်ပြီး ဝန်ထမ်းတွေရဲ့အရည်အသွေးနဲ့ကျွမ်းကျင်မှုတွေကို ဖွံ့ဖြိုးတိုးတက်စေခြင်းအားဖြင့် အလားအလာကောင်းတွေရှိလာအောင် ကူညီပံ့ပိုးပေးတဲ့နိုင်တဲ့အတွက်ကြောင့် ကုမ္ပဏီရဲ့လူသားအရင်းအနှီးတန်ဖိုးတွေ၊ အောင်မြင်မှုနဲ့ အကျိုးအမြတ်တွေကို တိုးတက်စေပါတယ်။ အဲဒါကြောင့်လည်း အခုဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့လုပ်ငန်းအဖွဲ့အစည်းတော်တော်များဟာ လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ ကျွမ်းကျင် HR ဝန်ထမ်းတွေကို သိသိသာသာရှာဖွေလာကြပါတယ်။ နောက်ပြီး အဲဒီအလုပ်အကိုင်လမ်းကြောင်းကို ရွေးချယ်သူတွေလည်းများပြားလာကြပါတယ်။
တကယ်လို့ ကိုယ့်အနေနဲ့လည်း HR လမ်းကြောင်းကိုရွေးချယ်ဖို့စဉ်းစားထားတယ်ဆိုရင် ဘာတွေပြင်ဆင်ထားသင့်သလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
၁။ Soft Skills တွေတိုးတက်အောင်ပြုလုပ်ပါ
Soft Skills ဆိုတာ ကိုယ်ရည်ကိုယ်သွေး၊ အကျင့်စရိုက်၊ အပြုအမူ၊ အတွေးအမြင်စိတ်ထား၊ လူမှုဆက်ဆံရေးနဲ့ ဆက်သွယ်ပြောဆိုမှုအရည်အချင်းတွေအားလုံးကို ဆိုလိုပါတယ်။ အဲဒီအရည်အချင်းတွေဟာ HR တစ်ယောက်အတွက် အောင်မြင်တဲ့အလုပ်အကိုင်လမ်းကြောင်းတစ်ခုပေါ်ကိုရောက်ဖို့ အရမ်းကိုအရေးကြီးပါတယ်။ အထူးသဖြင့် ကောင်းမွန်တဲ့ပေါင်းသင်းဆက်သွယ်ပြောဆိုနိုင်မှု၊ အချိန်စီမံခန့်ခွဲမှု၊ စာနာထောက်ထားတတ်ပြီး လူမှုဆက်ဆံရေးကောင်းမွန်မှုနဲ့ အသင်းအဖွဲ့နဲ့လုပ်ကိုင်နိုင်မှုအရည်အချင်းကောင်းတွေကို တိုးတက်အောင်ပြုလုပ်ထားရပါမယ်။
၂။ လုပ်ငန်းနဲ့သက်ဆိုင်တဲ့ပညာရပ်များလေ့လာဆည်းပူးပါ
ကျွမ်းကျင်တဲ့ပညာရှင်တစ်ယောက်ဟာ နှလုံးရည်ရော လက်ရုံးရည်ရော ပြည့်စုံမှုရှိရတယ်လို့ဆိုသလို မိမိအနေနဲ့လည်း ကျွမ်းကျင်တဲ့ HR တစ်ယောက်ဖြစ်ဖို့ကြိုးစားနေတယ်ဆိုရင် လုပ်ငန်းပိုင်းဆိုင်ရာအရည်အချင်းတွေအပြင် အဲဒီလုပ်ငန်းနဲ့သက်ဆိုင်တဲ့ပညာရပ်တွေကိုလေ့လာထားပြီး တရားဝင်ပညာရေးမှတ်တမ်းတွေကိုစုဆောင်းထားပါ။ ခုနကပြောခဲ့သလိုပါပဲ အခုခေတ်မှာ HR အလုပ်တွေက ပြိုင်ဆိုင်မှုတွေများပြားလာတဲ့အတွက်ကြောင့် ပညာရေးဘက်ကြည့်မယ်ဆိုရင်လည်း မိမိကအသာရအောင်ပြင်ဆင်ထားရပါမယ်။ မြန်မာနိုင်ငံမှာက လူ့စွမ်းအားစီမံခန့်ခွဲမှုနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကို အဓိကမေဂျာတစ်ခုအနေနဲ့ တက္ကသိုလ်တွေမှာသင်ကြားမှုမရှိပေမဲ့ စီးပွားရေးစီမံခန့်ခွဲမှုတွေကိုမေဂျာတွေမှာတော့ ဘာသာရပ်တစ်ခုအဖြစ်ထည့်သွင်းသင်ကြားပါတယ်။ အကယ်၍ ကိုယ့်ရဲ့ပထမဘွဲ့ကစီမံခန့်ခွဲမှုမေဂျာမဟုတ်ခဲ့လို့ HR အကြောင်းမလေ့လာခဲ့ရဘူး၊ HR နဲ့သက်ဆိုင်တဲ့အသိအမှတ်ပြုလက်မှတ်တွေမရှိဘူးဆိုပေမဲ့လည်း စိတ်မပူပါနဲ့။ စီးပွားရေးနဲ့ စီမံခန့်ခွဲမှုဘာသာရပ်တွေကိုသင်ကြားပေးနေတဲ့ အစိုးရတက္ကသိုလ်တွေနဲ့ ပုဂ္ဂလိကကျောင်းတွေမှာ HR ဘာသာရပ်ကိုပြန်လည်လေ့လာနိုင်ပြီး နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်တွေကို ပြန်လည်ရယူလို့ရပါတယ်။
နောက်ပြီး အွန်လိုင်းအခမဲ့ဝက်ဘ်ဆိုက်ဒ်တွေကနေလည်း မိမိလေ့လာလိုတဲ့ဘာသာရပ်တွေကိုရှာဖွေလေ့လာနိုင်ပါတယ်။ အဓိကကတော့ ကျွမ်းကျင်တဲ့ HR တစ်ယောက်ဖြစ်ဖို့ဆိုရင် အလုပ်အကိုင်ဈေးကွက်နဲ့ HR နယ်ပယ်ရဲ့ပြောင်းလဲမှုတွေအပြင် ဝန်ထမ်းတွေ၊ အလုပ်ရှင်တွေနဲ့ လုပ်ငန်းခွင်အခြေအနေတွေကိုလည်း အချိန်နဲ့တပြေးညီသိရှိနေဖို့ပါပဲ။ မြန်မာနိုင်ငံရဲ့အလုပ်အကိုင်ဈေးကွက်ထဲက ကျွမ်းကျင် HR ပညာရှင်တွေရဲ့ အွန်လိုင်းဟောပြောဆွေးနွေးမှုတွေကို နားထောင်လေ့လာခြင်းအားဖြင့်လည်း နောက်ဆုံးရသတင်းအချက်အလက်တွေကို လေ့လာသိရှိနိုင်ပါတယ်။
၃။ သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်မှာ အတွေ့အကြုံတွေကိုစုဆောင်းထားပါ
သင့်အနေနဲ့ HR နယ်ပယ်မှာ အလုပ်အကိုင်လမ်းကြောင်းစတင်ဖို့ ရည်ရွယ်ထားတယ်ဆိုရင် မြန်မာနိုင်ငံရဲ့ထိပ်တန်းကုမ္ပဏီတွေကခေါ်ယူနေတဲ့ HR အလုပ်အကိုင်တွေကို အခုပဲဝင်ရောက်လေ့လာပြီး လျှောက်ထားလိုက်ပါ။ အခြားအလုပ်ကနေ HR နယ်ပယ်ကို အလုပ်အကိုင်လမ်းကြောင်းပြောင်းချင်တဲ့သူတွေလည်းရှိပါတယ်။ အလုပ်အကိုင်လမ်းကြောင်းပြောင်းတဲ့အခါမှာ လုပ်ကိုင်ခဲ့ဖူးတဲ့အလုပ်အမျိုးအစားနဲ့မတူညီတဲ့အတွက်ကြောင့် အလုပ်အတွေ့အကြုံရရှိဖို့ ပြန်လည်ပြင်ဆင်ရမှာတွေရှိပါတယ်။ မိမိလက်ရှိလုပ်ကိုင်နေတဲ့ကုမ္ပဏီရဲ့ HR ဌာနကိုပြောင်းပြီး သက်ဆိုင်ရာလုပ်ငန်းပိုင်းတွေကို ပြန်လည်သင်ယူတာမျိုးကလည်း အလုပ်အကိုင်လမ်းကြောင်းပြောင်းဖို့ အထောက်အကူပြုပါတယ်။ နောက်ပြီး အလုပ်အကိုင်လမ်းကြောင်းပြောင်းဖို့ CV ပြင်ဆင်တဲ့အခါ အရင်ကလုပ်ခဲ့ဖူးတဲ့အလုပ်မှာ HR နဲ့သက်ဆိုင်တာတွေပါခဲ့ရင် အလေးပေးပြီးဖော်ပြပါ။
ဆက်လက်ဖတ်ရှုရန် >>> Customer Service လုပ်ငန်းပိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့အရည်အချင်း ၅ ခု
ဆက်လက်ဖတ်ရှုရန် >>> Sales တစ်ယောက်အဖြစ် လုပ်ကိုင်သင့်တဲ့အကြောင်းအရင်း ၄ ချက်
ဆက်လက်ဖတ်ရှုရန် >>> Introverts နဲ့ Extroverts တွေအတွက် အသင့်တော်ဆုံးအလုပ်အကိုင်များ