လူတိုင်းမှာ သူတို့ရဲ့ကိုယ်ပိုင်အလုပ်လုပ်တဲ့ပုံစံတွေ ရှိကြပါတယ်။ တချို့က ပတ်ဝန်းကျင်နဲ့အလုပ်လုပ်ရတာကို နှစ်သက်ကြတယ်။ ဥပမာ - ဝါသနာတူတဲ့လူတွေနဲ့ ကုမ္ပဏီတစ်ခုတည်းမှာ အလုပ်လုပ်ရတာမျိုးပေါ့။ တချို့ကျတော့လည်း အိမ် ဒါမှမဟုတ် တိတ်ဆိတ်တဲ့နေရာတစ်ခုခုမှာအလုပ်လုပ်ရင် ထိထိရောက်ရောက်နဲ့ မြန်မြန်ဆန်ဆန်အလုပ်ပြီး ကြပါတယ်။ နေ့လည်စာစားချိန်ကျရင် တချို့ကဖုန်းသုံးကြတယ်။ တချို့ကျတော့ သူငယ်ချင်းတွေနဲ့ဆိုင်တစ်ဆိုင်ထိုင်ပြီး စကားပြောရတာကို ပိုပြီးသဘောကျကြတယ်။ တကယ်တော့ ကိုယ့်ရဲ့အလုပ်လုပ်တဲ့ပုံစံ၊ စကားပြောဆိုပုံနဲ့ အားလပ်ချိန်ကို ဘယ်လိုကုန်ဆုံးသလဲဆိုတဲ့အရာတွေက ကိုယ့်ရဲ့ပင်ကိုယ်စရိုက်ကို ဖော်ပြနေပါတယ်။ အဲဒါကြောင့် ကိုယ်ရဲ့ပုံစံဟာ လူတွေနဲ့ပေါင်းသင်းဆက်ဆံရတာကို ကြိုက်တဲ့ပုံစံ (Extrovert) လား ဒါမှမဟုတ် တစ်ယောက်တည်းသီးသန့်နရတာကို ကြိုက်တဲ့ပုံစံ (Introverts) လား ဆိုတာကိုသိရှိနိုင်ပြီး ဘယ်လိုအလုပ်အကိုင်လမ်းကြောင်းနဲ့ ပိုပြီးကိုက်ညီမလဲဆိုတာကိုဆုံးဖြတ်ရာမှာ အကူအညီဖြစ်စေနိုင်မယ့် အကြံဉာဏ်တချို့ကို JobNet.com.mm ကနေ ဖော်ပြပေးလိုက်ပါတယ်။
လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေရဲ့အကြံပေးချက်တွေအရ ဘယ်လိုအလုပ်အကိုင်မျိုးတွေဟာ အသင်းအဖွဲ့နဲ့အလုပ်လုပ်ရာတာကို နှစ်သက်တဲ့သူတွေနဲ့ တစ်ကိုယ်တည်းအတွေးထဲမှာ နစ်မြောပြီးအလုပ်လုပ်ရတာကို နှစ်သက်တဲ့သူတွေအတွက် ရွေးချယ်သင့်တဲ့ အကောင်းဆုံးအလုပ်အကိုင်တွေလဲဆိုတာကို ဒီနေရာမှာ လေ့လာကြည့်လိုက်ရအောင်။
တစ်ကိုယ်တည်းတွေးတောတီထွင်ဖန်တီးရတာကို နှစ်သက်သူတွေအတွက် အသင့်တော်ဆုံးအလုပ်အကိုင်များ
တီထွင်ဖန်တီးမှုနယ်ပယ် - တစ်ကိုယ်တည်းတွေးတောတီထွင်ဖန်တီးရတာကို နှစ်သက်တဲ့သူတွေဟာ စွန့်ဦးတီထွင်သူ၊ ဈေးကွက်ဖော်ဆောင်သူ ဒါမှမဟုတ် ဂရပ်ဖစ်ဒီဇိုင်းတွေရေးဆွဲသူ အစရှိတဲ့သူတွေလိုမျိုး စိတ်ကူးစိတ်သန်းနဲ့ တီထွင်မှုတွေအများကြီးလိုအပ်တဲ့ နယ်ပယ်တွေနဲ့နေရာတွေအတွက် အရမ်းကိုသင့်တော်ပါတယ်။ ဥပမာ Content Writer အလုပ်ကို တစ်ကိုယ်တည်းတွေးတောဖန်တီးရတာကိုနှစ်သက်တဲ့သူတွေ ရွေးချယ်လေ့ရှိတဲ့အလုပ်ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စာရေးရတယ်ဆိုတာဟာ တီထွင်ဖန်တီးမှုရော အသေးစိတ်ကိုသေချာအာရုံစိုက်ပြီး လုပ်ရတဲ့အလုပ် ဖြစ်ပါတယ်။ စာရေးတဲ့သူတွေဟာ တစ်ယောက်တည်းအေးအေးဆေးဆေးနဲ့ ရေးရမယ့်အကြောင်းအရာတွေကို လေ့လာဖတ်ရှုရင်း စာရေးလိုက်၊ တည်းဖြတ်လိုက်နဲ့ အာရုံစိုက်ပြီးအလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။
Freelance အလုပ် - တစ်ကိုယ်တည်းတွေးတောတီထွင်ဖန်တီးရတာကို နှစ်သက်တဲ့သူတွေဟာ အဖွဲ့နဲ့အလုပ်လုပ်ရတာကို နှစ်သက်တဲ့သူတွေလောက် ပြင်ပပတ်ဝန်းကျင်တွန်းအားနဲ့ အတည်တကျအလုပ်တွေကို စိတ်မဝင်စားကြပါဘူး။ သူတို့တွေက ထိန်းချုပ်မှုမရှိဘဲ ကိုယ့်စိတ်ကြိုက်လွတ်လွတ်လပ်လပ် တီထွင်ဖန်တီးလို့ရတဲ့ Freelance အလုပ်တွေမှာ များသောအားဖြင့် အားသန်ကြပါတယ်။ ဘယ်လိုမျိုးလုပ်ငန်းနယ်ပယ်မှာမဆို ဒီလိုမျိုး Freelance အလုပ်မျိုးတွေရှိကြပါတယ်။ လူတွေနဲ့ထိတွေ့ပြောဆိုဆက်သွယ်မှု သိပ်မရှိတဲ့သူဖြစ်ပေမဲ့လည်း အလုပ်နဲ့ပတ်သက်လာရင်တော့ e-mail တို့ တယ်လီဖုန်းတို့နဲ့ ပတ်ဝန်းကျင်မှာရှိတဲ့သူတွေနဲ့တော့ ဆက်သွယ်ပြောဆိုနိုင်ပါတယ်။
အဆင့်မြင့်နည်းပညာပိုင်းဆိုင်ရာအလုပ်များ - တချို့တစ်ကိုယ်တည်းတီထွင်ဖန်တီးလိုစိတ်ရှိသူတွေဟာ ဆုံးဖြတ်တစ်ခုမချခင် သေချာစဉ်းစားတွေးတောပြီး လိုချင်တဲ့အရာကို စနစ်တကျချဉ်းကပ်ရတာကို ပိုပြီးနှစ်သက်ကြပါတယ်။ အဲဒီလိုလူမျိုးတွေဟာ ပြဿနာတွေကိုဖြေရှင်းရတာနဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်တွေပါဝင်တဲ့ လုပ်ငန်းနယ်ပယ်နဲ့ အလုပ်တွေမှာ အောင်မြင်မှုရရှိနိုင်ကြပါတယ်။ ဥပမာ အင်ဂျင်နီယာတွေ၊ နည်းပညာနဲ့ ကွှန်ပျူတာပညာရှင်တွေ၊ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေဟာဆိုရင် ဖန်တီးမှုအသစ်တွေဖော်ထုတ်တဲ့နေရာမှာ တိုးတက်အောင်ပြုလုပ်တာ၊ အရည်အသွေးထိန်းချုပ်ကွပ်ကဲမှုတွေကို အကောင်အထည်ဖော်လုပ်ဆောင်တာ၊ ရလဒ်တွေကို ဆန်းစစ်လေ့လာတာစရှိတဲ့နယ်ပယ်တွေမှာ ပါဝင်လုပ်ဆောင်နိုင်ပါတယ်။ တစ်ကိုယ်တည်းတွေးတောပြီး အလုပ်လုပ်ရတာကိုနှစ်သက်တဲ့သူတွေဟာ IT နယ်ပယ်မှာရှိတဲ့အလုပ်အကိုင်တွေကို ရွေးချယ်တတ်ကြပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ အဲဒီနယ်ပယ်က သက်မွေးဝမ်းကြောင်းအလုပ်အကိုင်တွေဟာ သူတို့ရဲ့ပင်ကိုယ်စရိုက်နဲ့ကိုက်ညီတဲ့အပြင် လစာဝင်ငွေလည်းကောင်းပါတယ်။ နောက်ပြီး တစ်ဖက်ကြည့်မယ်ဆိုရင် System administrator တို့ Technical support service တို့ External consultant တို့ Developer တို့အပြင် အခြားနည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူအလုပ်တွေဟာဆိုရင် ဆက်သွယ်ပြောဆိုမှုသိပ်မရှိဘဲနဲ့ ကိုယ်ပိုင်လုပ်ငန်းအဖြစ် လုပ်လို့ရတဲ့အလုပ်တွေလည်း ဖြစ်ပါတယ်။
စာရင်းစစ်၊ စာရင်းကိုင်အလုပ် - ဒီလိုအလုပ်အကိုင်နယ်ပယ်နဲ့ပတ်သက်ပြီး တစ်ကိုယ်တည်းအေးအေးဆေးဆေးအလုပ်လုပ်ရတာကို နှစ်သက်တဲ့သူတွေကတော့ ဥပဒေရေးရာရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ စည်းမျဉ်းစည်းကမ်းအတိုင်းပြုလုပ်ရတာကို ကြိုက်ကြပါတယ်။ ဒါပေမဲ့လည်း ကွဲပြားခြားနားမှုအနည်းငယ်တော့ ရှိပါတယ်။ မကြာခဏဆိုသလို စာရင်းကိုင်တစ်ယောက်ရဲ့အလုပ် သဘောသဘာဝအရ ဖိအားတော်တော်များများအောက်မှာ အလုပ်လုပ်ရပါတယ်။
ဒီလိုမျိုး တစ်ကိုယ်တော်အလုပ်လုပ်ရတာကို အားသာတဲ့သူတွေအတွက် သင့်တော်တဲ့အခြားသက်မွေးဝမ်းကြောင်း အလုပ်အကိုင်တွေကတော့ ဘာသာပြန်၊ ပန်းချီဆရာ၊ စာတွေကိုသင့်တော်အောင် ပြင်ဆင်ရေးသားသူ (Proofreader)၊ စာတည်း (အယ်ဒီတာ)၊ စာကြည့်တိုက်မှူး၊ စာရင်းဇယားတွေကိုကိုင်တွယ်ရသူ၊ ပန်းအလှဆင်သူ၊ ဓာတ်ခွဲခန်းနည်းပညာရှင်၊ တိရိစ္ဆာန်ဆရာဝန်၊ ယာဉ်မောင်း အစရှိတဲ့အလုပ်တွေအပြင် တစ်ကိုယ်တည်းလုပ်ရတဲ့ အခြားသက်မွေးဝမ်းကြောင်းအလုပ်တွေလည်း ပါဝင်ပါတယ်။
လူအများနဲ့ပေါင်းသင်းဆက်ဆံရတာကို နှစ်သက်သူများအတွက် အသင့်တော်ဆုံးအလုပ်အကိုင်များ
စိန်ခေါ်မှု စွန့်စားမှုများတဲ့အလုပ် - အများနဲ့ပြောဆိုဆက်ဆံပြီးအလုပ်လုပ်ရတာကို နှစ်သက်တဲ့သူတွေဟာ တစ်ကိုယ်တည်းတွေးတောပြီးအလုပ်လုပ်ရတာကို အားသားတဲ့သူတွေထက် စိန်ခေါ်မှုတွေ စွန့်စားမှုတွေကို ပိုပြီးခံနိုင်ရည်ရှိကြပါတယ်။ ပိုပြီး လိုလားကြပါတယ်။ နောက်ပြီး အများနဲ့ဆက်သွယ်ပြောဆိုပြီး အလုပ်လုပ်ရတာကို နှစ်သက်တဲ့သူတွေဟာ အသစ်အသစ်တွေကို စမ်းသပ်ကြည့်ရတာကိုနှစ်ခြိုက်တယ်။ ဖြစ်လာနိုင်တဲ့စိန်ခေါ်မှုတွေကို ကြိုတင်ခန့်မှန်းထားလေ့ရှိပြီး စွန့်စားမှုတွေပြုလုပ်လိုတယ်။ ဆန်းသစ်တီထွင်မှုနဲ့ ကုမ္ပဏီစီးပွားရေးလုပ်ငန်းတွေရဲ့ တိုးတက်မှုတွေကို အားသွန်ခွန်စိုက်ဖော်ဆောင်နိုင်တဲ့သူမျိုးတွေ ဖြစ်ပါတယ်။ အဲဒီလိုလူမျိုးတွေဟာ အရောင်းပိုင်းဆိုင်ရာအလုပ်အကိုင်တွေမှာ ပိုပြီးတော့သင့်တော်ပြီး အောင်မြင်မှုပိုရရှိကြပါတယ်။ အကြောင်းအရင်းကတော့ တည်မြဲတဲ့ဆက်ဆံရေးတည်ဆောက်မှုနဲ့ ကိုယ်လိုချင်တာကို အာဝဇ္ဇန်းကောင်းကောင်းနဲ့ ပြောဆိုဆွဲဆောင်နိုင်မှုဆိုတဲ့ အရည်အချင်းတွေဟာ အရောင်းပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ နှလုံးသားထဲမှာ ကိန်းအောင်းနေပါတယ်။ စေ့စပ်ပြောဆိုနိုင်ခြင်းနဲ့ တခဏအတွင်းမှာသင့်တော်တဲ့ဆုံးဖြတ်ချက်ချနိုင်ခြင်း စတဲ့အရည်အချင်းတွေဟာလည်း ဒီကဏ္ဍမှာအဓိကလိုအပ်ချက်ဖြစ်ပါတယ်။
ပေါင်းသင်းဆက်ဆံရေးများစွာလိုအပ်သောအလုပ် - တချို့လုပ်ငန်းနယ်ပယ်တွေဟာ ပေါင်းသင်းဆက်ဆံပြောဆိုမှုစွမ်းရည်ကို တခြားနယ်ပယ်တွေထက်ကို အများကြီးလိုအပ်ပါတယ်။ အဲဒါကြောင့် အများနဲ့ပေါင်းသင်းပြောဆိုဆက်ဆံပြီးအလုပ်လုပ်ရတာကို နှစ်သက်တဲ့သူတွေဟာ အဲဒီလိုအလုပ်မျိုးတွေမှာ ပိုပြီးကျွမ်းကျင်ကြပါတယ်။ ဥပမာ လူ့စွှမ်အားအရင်းအမြစ်စီမံခန့်ခွဲမှု HR ပိုင်းဆိုင်ရာအလုပ်တွေမှာဆိုရင် အများနဲ့ပေါင်းသင်းပြောဆိုဆက်ဆံရတာကိုနှစ်သက်တဲ့သူတွေအတွက် အကိုက်ညီဆုံးဖြစ်ပါတယ်။ အကြောင်းအရင်းကတော့ ဝန်ထမ်းအသစ်တွေကို ငှားရမ်းခန့်ထားမှုမှာ အဆင်ပြေလွယ်ကူအောင်ပြုလုပ်ရတာကနေစလို့ သူတို့တွေကို သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အလိုက် အသားကျအောင် သင်တန်းပေးလမ်းညွှန်မှုတွေပြုလုပ်ရတဲ့အဆင့်အထိ အများနဲ့ပေါင်းသင်းဆက်ဆံရေးအရည်အချင်းဟာ အဓိကလိုအပ်ချက်ဖြစ်ပါတယ်။
မြန်မြန်ဆန်ဆန်ပြောင်းလဲမှုတွေကို လိုအပ်တဲ့အလုပ် - စဉ်ဆက်မပြတ်ပြောင်းလဲဖြစ်ပျက်နေပြီး လေ့လာမှုအသစ်သစ်တွေကိုလိုအပ်နေတဲ့နယ်ပယ်မှာဆိုရင် အများနဲ့ပြောဆိုဆက်သွယ်ပြီး အလုပ်လုပ်ရတာကိုနှစ်သက်တဲ့သူတွေဟာ ပိုမိုကောင်းမွန်တဲ့အရာတွေပြုလုပ်နိုင်ဖို့ ပြောင်းလဲမှုတွေကို ခုံမင်ကြပါတယ်။ ဒီလိုလူမျိုးတွေအတွက် သင့်တော်တဲ့နောက်ထပ်အလုပ်ကတော့ ဘဏ္ဍာရေးဆိုင်ရာအကြံပေးအရာရှိ အလုပ်ပဲဖြစ်ပါတယ်။ ဘဏ္ဍာရေးဆိုင်ရာနယ်ပယ်ဟာဆိုရင် မကြာခဏဆိုသလို ပြောင်းလဲမှုတွေဖြစ်ပေါ်တတ်လေ့ရှိပြီး အများနဲ့အလုပ်လုပ်ရတာကို နှစ်သက်တဲ့သူတွေအတွက် အခြားအခွင့်အလမ်းကောင်းတွေကိုလည်းပေးပါတယ်။ ဒီလိုလူမျိုးတွေဟာ တစ်ခါတလေမှာ အခြားလူတွေကို သူတို့ကိုယ်တိုင်အကဲဖြတ်တဲ့နေရာမှာ ပိုပြီးယုံကြည်မှု ရှိကြပါတယ်။ တစ်ကိုယ်တည်းတေားတွေပြီးအလုပ်လုပ်ရတာကို နှစ်သက်သူတွေက ငွေရေးကြေးရေးနဲ့ပတ်သက်ပြီး အခြားသူတွေကိုအကြံဉာဏ်ပေးရာမှာ အခက်အခဲတွေကြုံတွေ့ရပေမဲ့ အများနဲ့ပြောဆိုဆက်ဆံပြီးအလုပ်လုပ်ရတာကို အားသာတဲ့သူတွေအတွက်ကတော့ ဘဏ္ဍာရေးအစီအစဉ်တွေရေးဆွဲတာနဲ့ပတ်သက်ပြီး အခြားသူတွေကိုကူညီအကြံပေးရာမှာ သူတို့ကိုယ်သူတို့ယုံကြည်မှုရှိကြပါတယ်။ နောက်ပြီး အဲဒီလို ဘဏ္ဍာရေးအစီအစဉ်ရေးဆွဲသူတွေဟာ သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေပိုမိုတိုးတက်အောင် ဟောပြောပွဲတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေကို တက်ရောက်ပြီး သူတို့ရဲ့လုပ်ငန်းကွန်ယက်ကိုဖြန့်ကြက်လေ့ရှိပါတယ်။
ဒီလိုပင်ကိုယ်စရိုက်ရှိတဲ့သူတွေအတွက် သင့်တော်တဲ့အခြားအလုပ်တွေကတော့ စီမံခန့်ခွဲရေး၊ သတင်းထောက်၊ အစီအစဉ်တင်ဆက်သူ၊ ဧည့်လမ်းညွှန်၊ အတွင်းရေးမှူး၊ ရှေ့နေ၊ ကျောင်းဆရာ၊ ဆရာဝန်၊ စိတ်ပညာကျွမ်းကျင်သူ၊ နိုင်ငံရေးသမား အစရှိတဲ့အလုပ်အကိုင်တွေအပြင် လူအများနဲ့မကြာခဏထိတွေ့ဆက်ဆံရတဲ့အလုပ်တွေ ပါဝင်ပါတယ်။
တကယ်တော့ တစ်ယောက်တည်းအလုပ်လုပ်ရတာကို နှစ်သက်သူပဲဖြစ်ဖြစ် အများနဲ့ပြောဆိုဆက်သွယ်ပြီး အလုပ်လုပ်ရတာကို နှစ်သက်သူပဲဖြစ်ဖြစ် နှစ်ခုစလုံးကိုနှစ်သက်သူပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် အသက်မွေးကြောင်းလုပ်ငန်းကတော့ ဘယ်တော့မှအဆုံးမရှိပါဘူး။ အဲဒါကြောင့် အလုပ်ခေါ်ယူနေတဲ့သူတွေ ဒါမှမဟုတ် အလုပ်အကိုင်အကြံပေးတွေနဲ့ ဆက်သွယ်တွေ့ဆုံခြင်းအားဖြင့် ကိုယ်ဟာဘယ်နယ်ပယ်၊ ဘယ်ပတ်ဝန်းကျင်နဲ့ကိုက်ညီသင့်တော်လည်းဆိုတာကို သိရှိနိုင်ပြီး ကိုယ့်ရဲ့သက်မွေးဝမ်းကြောင်းခရီးလမ်းအတွက် အထောက်အကူရမှာဖြစ်ပါတယ်။
အဲဒါကြောင့် ကိုယ့်ရဲ့လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်မှုတွေနဲ့ အရည်အချင်းတွေကို မြန်မာနိုင်ငံရဲ့ထိပ်တန်းကုမ္ပဏီတွေက အလုပ်အကိုင်ခေါ်ယူနေသူတွေနဲ့ HR ကျွမ်းကျင်သူတွေ တွေ့မြင်နိုင်စေဖို့ အခုပဲ JobNet.com.mm မှာ စာရင်းပေးသွင်းပြီး ကိုယ်ရေးအချက်အလက်တွေကို ပြည့်စုံအောင်ဖြည့်စွက်လိုက်ပါ။