11th September, 2020

ကိုယ်မကြိုက်တဲ့သူနဲ့ ဘယ်လိုအလုပ်အတူတူတွဲလုပ်မလဲ

အလုပ်ထဲမှာ ကိုယ်နဲ့မတည်တဲ့သူတစ်ယောက်ရှိပါသလား။ ကိုယ်မကြိုက်တဲ့သူတစ်ယောက်နဲ့အလုပ်လုပ်ရတာဟာ စိတ်ရှုပ်ထွေးစေပြီး စိတ်ပျက်စေပါတယ်။ အလုပ်ထဲမှာ ကိုယ်နဲ့မတည့်တဲ့လူတွေရှိပေမဲ့လည်း သူတို့နဲ့တွဲပြီး အလုပ်လုပ်ကိုလုပ်ရတဲ့အချိန်တွေရှိပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေကြောင့် နိုင်ငံခြားကုမ္ပဏီတော်တော်များများဟာ အရင်ကထက်ပိုပြီး နိုင်ငံအတွင်းကိုဝင်ရောက်လာကြပါပြီ။ အဖွဲ့အစည်းတော်တော်များတွင်လည်း ယဉ်ကျေးမှုမျိုးစုံရှိလာပြီး မတူညီတဲ့ယဉ်ကျေးမှုတွေနဲ့ လူမှုရေးအမြင်တွေရှိတဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့လည်း အပြန်အလှန်ပြောဆိုဆက်ဆံနေရပါတယ်။ မှန်ကန်တဲ့နည်းလမ်းတွေကို ကျင့်သုံးမယ်ဆိုရင် ကိုယ်နဲ့မတည့်တဲ့သူနဲ့ အတူတူလုပ်လုပ်ရမယ်ဆိုရင်တောင် အရာရောက်တဲ့အလုပ်ဆက်ဆံရေးတွေ ရှိလာနိုင်ပါတယ်။

၁။ မိမိရဲ့အပြုအမူတွေကို ထိန်းချုပ်စီမံပါ

ကြောက်စရာကောင်းတဲ့လုပ်ဖော်ကိုင်ဖက်ကို တုံ့ပြန်လိုက်တဲ့မိမိရဲ့အပြုအမူဟာ တစ်ခါတလေမှာအနည်းငယ်အဆင်မပြေသလို တစ်ခါတလေမှာဆိုးဆိုးရွားရွားကို ပေါက်ကွဲတတ်သွားပါတယ်။ အဲဒီလိုအခြေအနေတွေအတွက် မိမိရဲ့အပြုအမူကိုထိန်းချုပ်ပါ။ အခြားလူတစ်ယောက်က ဘယ်လောက်ပဲစိတ်အနှောက်အယှက်ဖြစ်အောင်လုပ်လုပ် သူ့အပြုအမူကိုမစဉ်းစားဘဲ ကိုယ်ဘယ်လိုတုံ့ပြန်မလဲဆိုတာကိုပဲ အာရုံထားပါ။ မိမိရဲ့အပြုအမူတွေကို ကိုင်တွယ်နိုင်ဖို့အတွက် နေ့စဉ်စိတ်တည်ငြိမ်စေတဲ့လေ့ကျင့်ခန်းမျိုးတွေ လုပ်ပါ။ ဒါဟာ စိတ်ဖိစီးမှုတွေကိုကိုင်တွယ်နိုင်ပြီး ကိုယ့်ရဲ့စွမ်းဆောင်နိုင်ရည်တွေကိုတိုးတက်စေပါတယ်။

၂။ ကိုယ်မကြိုက်တဲ့အရာကို ကိုယ့်စိတ်ထဲမှာပဲထားပါ

စိတ်ကျေနပ်စရာမကောင်းဘဲ အလုပ်လုပ်နေရတဲ့အချိန်မှာ တခြားလုပ်ဖော်ကိုင်ဖက်ဆီကို မိမိရဲ့မကျေနပ်ချက်တွေကို ငြီးတွားပြောပြနေတာကိုလည်း ရှောင်ပါ။ ဥပမာ - “ငါ အဲဒီတစ်ယောက်ကို လုံးဝကြည့်မရဘူး။ နင်ရောကြည့်ရလား”   ဆိုပြီး အနားပေးတဲ့အချိန် သို့မဟုတ် ထမင်းစားချိန်မှာ တခြားသူကိုလိုက်မပြောပါနဲ့။ စိတ်ခံစားချက်ဆိုတာ ကူးစက်တတ်တဲ့အတွက်ကြောင့် ကိုယ်ကပါတခြားသူကို စိတ်ညစ်အောင်ပြုလုပ်တာနဲ့တူပါတယ်။ နောက်တစ်ချက်က ရုံးမှာလူတစ်ယောက်အကြောင်းကို အဲဒီလိုလိုက်ပြောခြင်းကြောင့် မိမိကိုပဲလူတွေကအဆိုးမြင်ပါလိမ့်မယ်။ တကယ်လို့ ကိုယ့်စိတ်ထဲကမွန်းကြပ်နေမှုကို ဖွင့်ဟတိုင်ပင်ဆွေးနွေးချင်တယ်ဆိုရင်လည်း မိမိကိုသေချာအကြံဉာဏ်ပေးနိုင်တဲ့ ရုံးပြင်ပအသိုင်းအဝိုင်းမျိုးက မိတ်ဆွေတွေကိုရှာဖွေပြီး ဆွေးနွေးပါ။

၃။ အချိန်တွေကိုသူတို့နဲ့အတူ ပိုပြီးကုန်ဆုံးပါ

ကိုယ်နဲ့မတည့်တဲ့သူကို တည့်လာအောင်လုပ်ဖို့အကောင်းဆုံးနည်းလမ်းတွေထဲကတစ်ခုကတော့ အတူတကွအပြန်အလှန်ကူညီပြီးလုပ်ဆောင်ရမယ့် အလုပ်စီမံချက်တစ်ခုမှာ အတူတူလုပ်ကြည့်ပါ။ အဲဒီလူနဲ့မျက်နှာချင်းမဆိုင်ချင်ပေမဲ့လည်း အတူတကွအလုပ်လုပ်ခြင်းအားဖြင့် သူ့ကိုပိုပြီးနားလည်လာနိုင်ပြီး စာနာခံစားမှုရှိကောင်းရှိလာနိုင်ပါတယ်။ အဲဒီလူအပေါ်မှာ ဒေါသအစား စာနာနားလည်မှုကို ခံစားရကောင်းခံစားလာနိုင်ပါတယ်။ သူဘာကြောင့် အဲဒီလိုပြုမူနေသလဲဆိုတဲ့အကြောင်းအရင်းတွေ ဥပမာ - အိမ်ကိစ္စစိတ်ဖိစီးမှု ဒါမှမဟုတ် သူ့အထက်လူကြီးရဲ့ဖိအားပေးမှု အစရှိတာတွေကို ရှာဖွေသိရှိကောင်းသိရှိလာနိုင်ပါတယ်။ အကယ်၍ တစ်စုံတစ်ယောက်က မိမိရဲ့စိတ်အနှောက်အယှက်ဖြစ်အောင် ပြုလုပ်လေ့ရှိတယ်ဆိုရင် သူနဲ့အဝေးမှာရှောင်နေတာကလည်း မကောင်းတဲ့နည်းတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ့်ရန်သူတော်နဲ့အတူတူအချိန်တော်တော်များများ အလုပ်တွဲလုပ်ပြီး သူ့အထာကိုနပ်သွားရင်တော့ ဒါကကိုယ့်အတွက် အတွေ့အကြုံကောင်းတစ်ခုပါပဲ။

၎။ မိမိရဲ့အမြင်ကိုသူသိအောင်လုပ်ဖို့ စဉ်းစားကြည့်ပါ         

အပေါ်မှာပြောပြခဲ့တဲ့နည်းလမ်းတွေက အလုပ်မဖြစ်ဘူးဆိုရင်တော့ အဲဒီလုပ်ဖော်ကိုင်ဖက်နဲ့ပတ်သက်ပြီး မိမိရဲ့အမြင်တွေကို ပြောပြဖို့စဉ်းစားကြည့်ပါ။ Professional တစ်ယောက်အနေနဲ့ လုပ်ငန်းခွင်မှာ သူရဲ့ဘယ်လိုအပြုအမူတွေဟာ မိမိကိုစိတ်အနှောက်အယှက်ဖြစ်စေတယ်ဆိုတာကို အေးအေးဆေးဆေး ပြောပြကြည့်ပါ။ တချို့လူတွေက သူတို့ရဲ့အပြုအမူတွေဟာ သူများကိုစိတ်အနှောက်အယှက်ပေးတဲ့ပုံဖြစ်နေမှန်း သူတို့ကိုယ်တိုင်ပင်သတိမထားမိကြပါဘူး။ အကယ်၍ ကိုယ်ကအေးအေးဆေးဆေးနဲ့ ဂရုတစိုက်သေချာလေးပြောပြပေးမယ်ဆိုရင် သူတို့အနေနဲ့ မိမိကိုယ်ကိုပိုမိုသတိထားမိလာနိုင်ပြီး အများကသူတို့ကိုနှစ်လိုဖွယ်ဖြစ်လာအောင်လည်း ပြောင်းလဲနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီလိုပြောဆိုတဲ့အခါမှာ သေသေချာချာလေး သတိထားပြီး အခြားသူရဲ့နားထဲကိုချိုချိုသာသာနဲ့ ထိရောက်စေမယ့်စကားလုံးတွေကို အသုံးပြုပြီးပြောရပါမယ်။

၅။ ဂရုမစိုက်ဘဲနေတတ်အောင်သာ ကြိုးစားလိုက်ပါ

အဲဒီလူဟာ အချိုလည်းကျွေးမရ အချဉ်လဲမကျွေးမရတဲ့နောက်ဆုံးအခြေအနေမှာတော့ အဲဒီလူပြုမူသမျှတွေကို လုံးဝဂရုစိုက်မနေတော့ဘဲ  လျစ်လျူရှုခြင်းအနုပညာကိုသာ ကျင့်သုံးလိုက်ပါတော့။ သူ့ရဲ့စိတ်အနှောက်အယှက်ဖြစ်စရာအပြုအမူတွေကို လျစ်လျူရှုခြင်းအားဖြင့် အဲဒီအရာတွေဟာ မိမိဆီကိုမကျရောက်နိုင်တော့ဘဲ ဓာတ်ပြယ်သွားပါလိမ့်မယ်။

မိမိရဲ့မိသားစုအတွင်းမှာပင် တစ်ယောက်နဲ့တစ်ယောက်ရဲ့ အတွေးအမြင်၊ စိတ်နေသဘောထားတွေက မတူညီကြပါဘူး။ နေရာမျိုးစုံနဲ့ နောက်ခံမျိုးစုံကလာတဲ့လူတွေနဲ့ စုစည်းထားတဲ့လုပ်ငန်းခွင်ဟာ ပို၍ပင်အကျင့်စရိုက်တွေနဲ့ စိတ်နေသဘောထားတွေကလည်း တူမှာမဟုတ်ပါဘူး။ အဲဒီလို ပတ်ဝန်းကျင်တွေမှာ ကိုယ်တိုင်ထိန်းချုပ်နိုင်တဲ့အရာအတွက်စိတ်ပူပန်မနေဘဲ ထိန်းချုပ်နိုင်တဲ့ကိုယ့်စိတ်ကိုသာအကောင်းဆုံးထားပြီး မိမိရဲ့အလုပ်အကိုင်လမ်းကြောင်းကို အကောင်းဆုံးတည်ဆောက်ဖို့ တိုက်တွန်းလိုက်ပါတယ်။

ဆက်လက်ဖတ်ရှုရန် >>> မကောင်းတဲ့အထက်လူကြီးဆီကနေ သင်ယူနိုင်တဲ့သင်ခန်းစာ ၃ ခု

ဆက်လက်ဖတ်ရှုရန် >>> လုပ်ငန်းခွင်မှာထိထိရောက်ရောက်ပြောဆိုဆက်သွယ်နိုင်တဲ့သူတစ်ယောက်ဖြစ်ဖို့