23rd January, 2020

မကောင်းတဲ့အထက်လူကြီးဆီကနေ သင်ယူနိုင်မယ့်သင်ခန်းစာ ၃ ခု

ကိုယ်လေးစားအားကျရတဲ့သူဆီကပဲ လေ့လာသင်ယူခြင်းဟာလုံလောက်တယ်လို့ လုပ်ငန်းပိုင်းဆိုင်ရာအတွေ့အကြုံရှိ ကျွမ်းကျင်သူတချို့ကထင်ကြပါတယ်။ အဲဒီလိုလူတွေဆီမှာ ကိုယ်သိချင်တဲ့အရာတိုင်းအတွက်အဖြေရှိတယ်လို့ ထင်ကြလို့လေ။ တကယ်တော့ အဲဒါဟာ ညီမျှခြင်းတစ်ခုရဲ့တစ်ဘက်အခြမ်းကိုပဲ ဖြေရှင်းပေးနိုင်တဲ့သင်ခန်းစာကိုပဲပေးပါတယ်။ အခြားတစ်ဘက်ကဒီထက်ပိုပြီး အရေးကြီးတဲ့သင်ခန်းစာတွေကိုတော့ ကိုယ်မနှစ်မြို့ပြီး လေးစာစရာမကောင်းတဲ့သူတွေဆီကနေ လေ့လာနိုင်ပါတယ်။ လူတိုင်းပြောနေကြစကားလိုပါပဲ မီးကိုကြည့်ပဲကြည့်မယ်ဆိုလျှင် အလင်းနဲ့အပူကိုပေးတယ်ဆိုပေမဲ့ သွားပြီးထိကြည့်လိုက်မယ်ဆိုလျှင်တာ့ မီးဆိုတာလောင်တတ်တယ်ဆိုတဲ့အသိကို သင်ပေးလိမ့်မယ်။ သူ့ကိုဘယ်လိုအသုံးချရမလဲဆိုတာကိုလေ့လာမယ်ဆိုလျှင်တော့ မီးဆိုတာအရမ်းကိုအသုံးဝင်တဲ့အရာတစ်ခု ဖြစ်ပါတယ်။ အဲဒီလိုမျိုးပဲ ကိုယ့်ရန်သူတွေဆီကနေ အသုံးဝင်တဲ့အလင်းနဲ့အပူကို ဘယ်လိုမျိုးအသုံးချရမလဲဆိုဟာလည်း လေ့လာသင့်တဲ့အရာဖြစ်ပါတယ်။

Harvard Business Review မှာဖော်ပြထားတဲ့လေ့လာမှုတစ်ခုအရ လုပ်ငန်းခွင်မှာအထက်လူကြီးရဲ့အသိအမှတ်ပြုမှုကိုမခံရဘဲ ဖိနှိပ်ခံခဲ့ရတဲ့ဝန်ထမ်းတွေဟာ အဲဒီလိုတွေမတွေ့ကြုံခဲ့ရတဲ့ဝန်ထမ်းတွေထက် ခေါင်းဆောင်နေရာကိုရောက်တဲ့အခါမှာ ပိုပြီးလူ့ကျင့်ဝတ်နဲ့ကိုက်ညီပြီး လူသားဆန်တဲ့ခေါင်းဆောင်အရည်အသွေးတွေရှိလာကြတယ်ဆိုတာကို တွေ့ရှိရပါတယ်။ အဲဒါဟာဘာကိုပြောနေသလဲဆိုတော့ ကိုယ်ရဲ့ဘဝမှာမကောင်းတဲ့အရာတွေနဲ့တွေ့ကြုံရတယ်ဆိုလျှင်တောင် အဲဒီလိုမျိုးစိန်ခေါ်မှုရဲ့ကောင်းကျိုးတွေကို အသိဉာဏ်ရှိရှိအသုံးချတတ်မယ်ဆိုလျှင် ကိုယ့်ရဲ့အလုပ်အကိုင်လမ်းကြောင်းကို တိုးတက်စေပါတယ်။ ကိုယ့်အလုပ်အကိုင်လမ်းကြောင်းရဲ့တစ်ချိုးတစ်ကွေ့မှာလည်း မကောင်းတဲ့အထက်လူကြီးနဲ့ တွေ့ဆုံရနိုင်ပါတယ်။ အနည်းဆုံးတော့ ကိုယ့်နဲ့ပဲမတည့်နေတဲ့အထက်လူကြီးနဲ့ တွေ့ကြုံရနိုင်ပါတယ်။ မကောင်းတဲ့အထက်လူကြီးလို့ပြောလိုက်ပြီဆိုလျှင် တချို့ကခက်ထန်ကြမ်းတမ်းပြီး စာနာစိတ်ကင်းမဲ့တယ်၊ တချို့ကဆုံးဖြတ်ချက်မပြတ်သားဘူး၊ တချို့ကတသတ်မတ်တည်းမရှိသလို ဘက်လိုက်မှုရှိတတ်တယ်၊ တချို့တော့ ဝန်ထမ်းတွေရဲ့လုပ်ဆောင်နိုင်တဲ့စွမ်းရည်တွေကိုထိန်းချုပ်ထားတဲ့ အသေးစိတ်ကိုလိုက်ပြီးစီမံခန့်ခွဲနေတတ်သူတွေနဲ့ တစ်ခုခုပြဿနာတတ်လာလျှင် ခေါင်းရှောင်ပြီးလက်အောက်ငယ်သားကို အပြစ်လွှဲချတတ်သူမျိုးတွေ အစရှိသဖြင့်ပုံစံမျိုးစုံနဲ့ ရှိတတ်ကြပါတယ်။

မကောင်းတဲ့အထက်လူကြီးဆိုတာ မကောင်းတဲ့သတင်းတစ်ခုဖြစ်နိုင်ပါတယ်။ ဒါပေမဲ့လည်း သူတို့ရဲ့မကောင်းတဲ့အပြုအမူတွေကနေ လေ့လာစရာတွေအများကြီးရှိပါတယ်။ အဲဒါတွေကိုလေ့လာမယ်ဆိုလျှင် ခေါင်းဆောင်တစ်ယောက်မှာမရှိသင့်တဲ့အပြုအမူတွေကို သင်ကြားပေးနိုင်တဲ့အဆင့်မြင့်သင်တန်းတစ်ခုလိုပါပဲ။ ကဲ… ဒါဆိုရင် မကောင်းတဲ့အထက်လူကြီးဆီကနေ ဘယ်လိုမျိုးသင်ခန်းစာတွေကိုလေ့လာရမလဲဆိုတာကို ကြည့်လိုက်ကြရောအာင်…

၁။ လေးစားမှုမရှိတဲ့အပြုအမူတွေဟာ ဘယ်တော့မှာအဆင်မပြေပါဘူး

မကောင်းတဲ့အထက်လူကြီးအများစုဟာ ဝန်ထမ်းတွေကိုမလေးစားတဲ့အပြုအမူ ဒါမှမဟုတ် ရန်လိုတဲ့အပြုအမူတွေကို မကြာခဏပြလေ့ရှိပါတယ်။ သူတို့ပြုလုပ်လေ့ရှိတဲ့အချက်တွေထဲကတစ်ခုကတော့ လူကိုလှောင်ပြောင်ပြီးအရွဲ့တိုက်ပြောဆိုတာပဲ ဖြစ်ပါတယ်။ ဒါမှမဟုတ် လက်အောက်ငယ်သားရဲ့ကြိုးစားအားထုတ်မှုတွေကို အလေးမထားတာပဲဖြစ်ပါတယ်။ အဲဒီလိုအထက်လူကြီးတွေဟာ စိတ်မရှည်တတ်သလို အထင်အမြင်သေးတတ်တဲ့သူတွေဖြစ်ပါတယ်။ အဲဒီလိုလူမျိုးတွေဟာ အခြားသူကိုကူညီဖို့နဲ့ ပိုမိုကောင်းမွန်တဲ့လမ်းကြောင်းကိုညွှန်ပြပေးဖို့ အချိန်မယူကြသလို အဖွဲ့သားတွေရဲ့ကြိုးစားအားထုတ်မှုကို တိုက်တွန်းအားပေးဖို့နဲ့ စစ်မှန်တဲ့ချီးမွမ်းစကားတွေကို ရက်ရက်ရောရောပြောဖို့လည်း ဘယ်တော့မှစိတ်မဝင်စားကြပါဘူး။

အဲဒီလိုမျိုး မကောင်းတဲ့အပြုအမူတွေကနေ ဘာတွေကိုလေ့လာနိုင်သလဲ။ စီမံခန့်ခွဲမှုတွေကိုပြုလုပ်ရတဲ့ မန်နေဂျာတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့အဖွဲ့သားတွေရဲ့ကောင်းကွက်တွေကိုရှာပါ။ လူတစ်ယောက်က သူ့ရဲ့အလုပ်ကိုယူဆောင်လာနိုင်တဲ့အရာ၊ အဲဒီလူကနေ တခြားသူတွေကိုပြန်လည်ဖြန့်ဝေပေးနိုင်တဲ့ကျွမ်းကျင်မှုတွေ၊ သူကပြန်လုပ်ပေးနိုင်တဲ့ သူမတူတဲ့အရာ အစရှိတာတွေကို မြင်တတ်အောင်ပြုလုပ်ပါ။ ဒါတွေဟာ ကျေးဇူးတင်ချီးမွမ်းတတ်ခြင်းရဲ့ အခြေခံသဘောတရားတွေပဲဖြစ်ပါတယ်။ အထက်လူကြီးတစ်ယောက်အနေနဲ့ အလုပ်တစ်ခု ဒါမှမဟုတ် လုပ်ငန်းကိစ္စတစ်ခုနဲ့ပတ်သက်ပြီး ပြုလုပ်ရမယ့်အသေးစိတ်အကြောင်းအရာကို ကိုယ့်ရဲ့အဖွဲ့ကိုသေချာပြောပြပြီး အကောင်းဆုံးပြုလုပ်ဖို့ လုံ့လောက်တဲ့အချက်အလက်တွေကိုထောက်ပံ့ပေးမယ်ဆိုလျှင် ကိုယ့်ရဲ့အဖွဲ့သားတွေကလည်း အကောင်းဆုံးပြန်လုပ်ပေးကြမှာပါ။

၂။ အသေးအမွှားတွေကိုလိုက်ပြီးစီမံခန့်ခွဲခြင်းက ဖန်တီးနိုင်စွမ်းကိုသေဆုံးစေပါတယ်

ကိုယ်လုပ်တဲ့နည်းလမ်းကပဲ တစ်ခုတည်းသောမှန်ကန်တဲ့နည်းလမ်းဖြစ်တယ်ဆိုပြီး ထင်ကြတဲ့အထက်လူကြီးတွေအတွက် အများစုကအလုပ်လုပ်ပေးနေကြတာပါ။ နယ်ပယ်တစ်ခုအတွက် ကျွမ်းကျင်သူတစ်ယောက်ကိုငှားရမ်းထားတယ်ဆိုလျှင်တောင်မှ အဲဒီလူနားမှာ ရစ်သီရစ်သီလုပ်ပြီိး အဲဒီလူလုပ်ကိုင်သမျှအရာတွေကို အမြဲတမ်းစောင့်ကြည့်နေပြီး တစ်ခုပြီးတစ်ခုညွှန်ကြားတတ်ကြပါတယ်။ မကောင်းတဲ့အထက်လူကြီးတွေဟာ သူတို့ရဲ့နည်းလမ်းကပဲ အကောင်းဆုံနည်းလမ်းလို့ထင်ပြီး ညှိုနှိုင်းဆောင်ရွက်ဖို့လည်းဆန္ဒမရှိကြပါဘူး။ အသေးအမွှားတွေကိုလိုက်ပြီး စီမံခန့်ခွဲနေတယ်ဆိုတာ အထက်လူကြီးတစ်ယောက်ဟာ သူ့ရဲ့ဝန်ထမ်းတွေကိုမယုံကြည်လို့ သူကိုယ်တိုင်အရာအားလုံးမှာဝင်ပါနေတယ်ဆိုပြီး သွယ်ဝိုက်ပြောပြနေပါတယ်။

အရည်အချင်းရှိတဲ့ဝန်ထမ်းတွေဟာ သူတို့ကိုယ်တိုင်လုပ်ရမယ့်ဆုံးဖြတ်ချက်တွေကို ကိုယ်တိုင်မလုပ်ရတဲ့အတွက်ကြောင့် အချိန်ကြာလာရင် သူတို့တွေဟာ လုပ်ငန်းခွင်မှာစိတ်ဓာတ်တက်ကြွမှုမရှိတော့ဘဲ အလုပ်လုပ်နိုင်စွမ်းတွေနဲ့ ဖန်တီးနိုင်စွမ်းတွေလျော့ကျသွားနိုင်ပါတယ်။ အဲဒါကြောင့် အထက်လူကြီးတစ်ယောက်ဟာ လုပ်ငန်းခွင်မှာလူမှန်နေရာမှန်ချထားနိုင်ဖို့အရေးကြီးသလို အဖွဲ့သားတွေကိုလည်း သူတို့ရဲ့အလုပ်ကိုသူတို့ကိုယ်တိုင်လုပ်နိုင်ဖို့ အခွင့်အရေးပေးရပါမယ်။ လူတွေဟာ သူတို့ဘာသာကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ အလုပ်တွေကိုပြီးစီးအောင်မြင်အောင်ပြုလုပ်ရတာကို သူတို့ကိုယ်သူတို့ပြန်မြင်တဲ့အခါမှာ ပိုပြီးတော့စိတ်ဓာတ်ခွန်အား ရရှိစေပါတယ်။ မန်နေဂျာတစ်ယောက်အနေနဲ့ ကိုယ်ရဲ့ဝန်ထမ်းတွေကို လုပ်ပိုင်ခွင့်ပေးလိုက်တဲ့အခါမှာ ရရှိလာတဲ့ရလဒ်တွေနဲ့ပတ်သက်ပြီး မကြာခဏဆိုသလိုအံ့အားသင့်သွားအောင် ချီးမွမ်းပြောဆိုပေးသင့်ပါတယ်။

၃။ စာနာစိတ်ထားပြီးလူသားဆန်စွာ ဦးဆောင်ပါ

တချို့သောစက်ရုပ်လူသားအထက်လူကြီးတွေမှာ မေတ္တာတရားရော နွေးထွေးမှုရောမရှိကြပါဘူး။ သူတို့ရဲ့အလုပ်ကိစ္စတွေကိုလုပ်ကိုင်ဆောင်ရွက်တဲ့အခါမှာလည်း သူတို့ရဲ့အဖွဲ့သားဝန်ထမ်းတွေရဲ့နေရာကနေဝင်ပြီး ဘယ်တော့မှမကြည့်ပေးပါဘူး။ သူတို့ရဲ့ကိုယ်ပိုင်စံနှုန်းတွေတိုင်းတာပြီး ဘယ်အရာကိုမဆိုဆုံးဖြတ်တတ်ကြပါတယ်။ လုပ်ငန်းခွင်မှာအလုပ်လုပ်ရတာကလည်း အဖြူအမဲဇာတ်ကားတွေလိုမျိုး စိတ်ခံစားချက်မရှိဘဲပျင်းရိငြီးငွေ့ဖွယ်ရပဲ ဖြစ်နေတတ်ပါတယ်။ အဖွဲ့အတွင်းမှာရှိတဲ့ဝန်ထမ်းတွေအနေနဲ့လည်း မကြာခဏဆိုသလိုလုပ်ငန်းခွင်မပျော်ရွှင်မှုတွေကိုခံစားရပြီး မကောင်းတဲ့အထက်လူကြီးနဲ့ပတ်သက်ပြီးတော့လည်း သူ့ရဲ့နောက်ကွယ်မှာလှောင်ပြောင်ပြောဆိုကြပါလိမ့်မယ်။

ဒီလိုမျိုးအခြေအနေမှာ အဲဒီလိုပြဿနာတွေကိုချေဖျက်ဖို့နည်းလမ်းကောင်းတစ်ခုကတော့ အထက်လူကြီးနဲ့ လက်အောက်ဝန်ထမ်းကြားကဆက်ဆံရေးကို အချိန်ယူပြီးသေချာနားလည်အောင်ပြုလုပ်ပါ။ ကိုယ့်အဖွဲ့မှာရှိတဲ့ဝန်ထမ်းတွေရဲ့ သဘောထားအမြင်တွေကိုနားလည်ဖို့ဆိုလျှင် ကိုယ့်အဖွဲ့ရဲ့ခံစားချက်ကိုနားထောင်ဖို့လိုအပ်ပြီး စာနာစိတ်နဲ့လူသားဆန်စွာ ဦးဆောင်သင့်ပါတယ်။ အဖွဲ့ထဲမှာရှိတဲ့ဝန်ထမ်းတိုင်းဟာ အဖွဲ့အတွင်းမှာဖြစ်နေတဲ့မကောင်းတဲ့ခံစားချက်တွေကို သတိမထားမိဘူးမထင်ပါနဲ့။ ဝန်ထမ်းတွေဟာ သူတို့အထက်လူကြီးရဲ့မကောင်းတဲ့အပြုအမူကိုယ်ရည်ကိုယ်သွေးတွေကို သတိထားပြီး အထက်လူကြီးကအဲဒီလိုအပြုအမူတွေကို မကြာခဏပြုမူတယ်ဆိုလျှင် အဲဒီလူနဲ့ဆက်သွယ်ပြောဆိုဖို့ကို ရှောင်ရှားကြပါတယ်။ ကိစ္စတစ်ခုကိုလုပ်ဆောင်တဲ့အခါမှာ ဒေါသနဲ့အမိန့်ပေးပြီးပြောဆိုမယ်ဆိုလျှင် ဒါဟာကောင်းမွန်တဲ့အကူအညီတောင်းဆိုမှုနဲ့ နားလည်မှုရှိအောင်ပြုလုပ်တာ မဟုတ်ပါဘူး။ မန်နေဂျာတစ်ယောက်အနေနဲ့ ကိုယ့်အဖွဲ့ထဲမှာရှိတဲ့အသေးအမွှားပြဿနာကိုတောင် နားထောင်မပေးနိုင်ဘူးဆိုလျှင် သူတို့ကလည်း သူတို့ရင်ဆိုင်ရတဲ့ပြဿနာတွေကို ပြောပြပေးနေမှာမဟုတ်ပါဘူး။

မကောင်းတဲ့အထက်လူကြီးနဲ့ဆက်ဆံရတာဟာ အလုပ်အကိုင်လမ်းကြောင်းမှာ စိတ်ပျက်စရာအကောင်းဆုံးအချိန်တွေထဲက တစ်ခုပါပဲ။ အထူးသဖြင့် အဲဒီပြဿနာကိုသေချာမကိုင်တွယ်ဘူးဆိုရင် ပိုဆိုးပါတယ်။ ဒါပေမဲ့လည်း ကိုယ့်ရဲ့အဲဒီလိုမျိုးအတွေ့အကြုံဟောင်းတွေကို သင်ခန်းစာယူပြီး အခက်အခဲတွေကနေရလဒ်ကောင်းတွေ ထွက်လာဖို့ Competitive Advantages တွေကိုသေချာအသုံးချမယ်ဆိုရင် ကိုယ့်ရဲ့အလုပ်အကိုင်လမ်းကြောင်းမှာတိုးတက်မှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ လုပ်ငန်းခွင်တစ်ခုမှာ လုပ်ကိုင်နေတဲ့ဝန်ထမ်းတွေအနေနဲ့ ကိုယ်ရဲ့ရည်ရွယ်ထားတဲ့ဈေးကွက်က ကိုယ့်ရဲ့လုပ်ငန်းရှင်ဖြစ်ပြီး အကျိုးအမြတ်ကကိုယ်လုပ်ကိုင်နေတဲ့အလုပ်ကနေရတဲ့အကျိုးအမြတ်ဖြစ်ပြီး ကိုယ့်ရဲ့စိန်ခေါ်မှုတွေက ကိုယ့်ရဲ့အထက်လူကြီး၊ အခြားဝန်ထမ်းတွေနဲ့ နည်းပညာပိုင်းတွေလို့စဉ်းစားပြီးပါ။ ပြီးရင် အဲဒီစိန်ခေါ်မှုနဲ့သေချာချိတ်ဆက်ပြီး ကိုယ့်ရဲ့အလုပ်အကိုင်လမ်းကြောင်းကို တိုးတက်အောင်ပြုလုပ်ဖို့အတွက် ကိုယ့်ရဲ့သွင်ပြင်၊ CVနဲ့ အင်တာဗျူးတွေအတွက်လည်း သေချာပြင်ဆင်ပါ။ တကယ်လို့အလုပ်ရခဲ့တယ်ဆိုလျှင်တောင် ကိုယ့်ရဲ့လုပ်ငန်းခွင်လုပ်ဆောင်ချက်တွေကို အမြဲတမ်းမြှင့်တင်ပေးနေသင့်ပါတယ်။

မြန်မာနိုင်ငံရဲ့အလုပ်အကိုင်ဈေးကွက်မှာ ဖြစ်ပေါ်နေတဲ့သတင်းအချက်အလက်တွေကို ပိုပြီးရရှိချင်တယ်ဆိုရင်လည်း www.jobnet.com.mm ကိုဝင်ရောက်ကြည့်ရှုဖို့မမေ့ပါနဲ့။ ပြီးရင်တော့ မြန်မာနိုင်ငံကထိပ်တန်းလုပ်ငန်းရှင်တွေရဲ့ ရှာဖွေမှုတွေကိုရယူလိုက်ပါ။