11th January, 2021

အလုပ်မှာရာထူးတိုးဖို့အတွက် ဘယ်လိုပြင်ဆင်မလဲ

လုပ်ငန်းခွင်ဝင်ရောက်နေသူတွေအနေနဲ့ တစ်နှစ်ပြီးတစ်နှစ်ကုန်ဆုံးပြောင်းလဲသွားတဲ့အချိန်တွေနဲ့အတူ မိမိရဲ့အနာဂတ်အတွက် ရည်ရွယ်ထားတဲ့ပန်းတိုင်တွေ အမှန်တကယ်ဖြစ်လာပြီလားဆိုတာကို စဉ်းစားတွေးတောနေမိမှာပါ။ အလုပ်အကိုင်ဆိုတာ မိမိလိုချင်တဲ့နေရာတစ်ခုဆီကို ရောက်ရှိအောင်ခေါ်သွားနိုင်မယ့်လှေကားရဲ့ ခြေကုပ်တစ်ခုပဲဖြစ်ပါတယ်။ ကောင်းမွန်တဲ့လစာနဲ့ သင့်တင့်လျောက်ပတ်တဲ့အလုပ်အကိုင်တစ်ခုဟာ တချို့အတွက်ရည်မှန်းချက်ဖြစ်သလို ကိုယ့်ရဲ့လုပ်ငန်းနယ်ပယ်မှာ အမြင့်ဆုံးနေရာတစ်ခုအထိတက်ရောက်နိုင်ဖို့ကလည်း တချို့အတွက်ရည်မှန်းချက်ဖြစ်ပါတယ်။ အဲဒါကြောင့် လုပ်ငန်းခွင်မှာ ပိုမိုကောင်းမွန်တဲ့ရာထူးနေရာကို တက်လှမ်းဖို့ကြိုးစားနေသူတွေအတွက် ထိရောက်တဲ့နည်းလမ်း ၅ ခုကို ဖော်ပြပေးလိုက်ပါတယ်။

၁။ မိမိကိုတွန်းအားပေးစေတဲ့အချက်ကိုစဉ်းစားပါ

ရာထူးတိုးပေးဖို့ ကိုယ့်ရဲ့မန်နေဂျာကိုမတောင်းဆိုခင်မှာ ဘာကြောင့်ကိုယ်ကဒီရာထူးကိုလိုချင်တာလဲဆိုတာကို သိအောင်လုပ်ဖို့အရေးကြီးပါတယ်။ ပိုပြီးတာဝန်ယူရတဲ့အလုပ်တွေကို လုပ်ချင်တာလား၊ ပိုပြီးအဆင့်မြင့်တဲ့လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်မှုတွေကို သင်ယူချင်လို့လား၊ တခြားဌာန ဒါမှမဟုတ် အဖွဲ့ကိုပြောင်းချင်လို့လား၊ လစာတိုးချင်လို့လား၊ ခေါင်းဆောင်မှုပိုင်း စီမံခန့်ခွဲမှုအပိုင်းကို သွားချင်လို့လား အစရှိတဲ့အကြောင်းအရင်းကိုစဉ်းစားရပါ့မယ်။ နောက်ပြီး မိမိရဲ့အကြောင်းပြချက်က ကုမ္ပဏီရဲ့လုပ်ဆောင်ချက်တွေနဲ့ ကိုက်ညီလားဆိုတာလဲစဉ်းစားပါ။ ကိုယ့်ရဲ့လုပ်ငန်းပိုင်းဆိုင်ရာရည်မှန်းချက်က အဖွဲ့အစည်းရဲ့လုပ်ဆောင်ချက်တွေနဲ့ကိုက်ညီနေရင် ရာထူးတိုးမှာကိုယ့်ကိုယ်စဉ်းစားပေးဖို့ အခွင့်အလမ်းပိုများပါတယ်။

၂။ လေ့လာမှုတွေပြုလုပ်ပါ

ကုမ္ပဏီတိုင်းမှာ ဝန်ထမ်းရာထူးတိုးအစီအစဉ်တွေနဲ့ပတ်သက်ပြီး ကိုယ်ပိုင်နည်းစနစ်တွေနဲ့ လုပ်ထုံးလုပ်နည်းတွေရှိပါတယ်။ ကိုယ့်အနေနဲ့ ရာထူးတိုးမြှင့်ခံရဖို့ ဒါမှဟုတ် ရာထူးတိုးတောင်းဆိုဖို့ပြင်ဆင်နေတယ်ဆိုရင် ကိုယ့်ကုမ္ပဏီရဲ့ရာထူးတိုးလုပ်ငန်းစဉ်ကို ပထမဆုံးလေ့လာပါ။ ဝန်ထမ်းလက်စွဲစာအုပ်မှာ ဖော်ပြချက်တွေကိုလေ့လာတာ ဒါမှမဟုတ် HR ဌာနဆီကို တိုက်ရိုက်မေးမြန်းစုံစမ်းကြည့်ပါ။ နောက်တစ်ချက် လုပ်ဖော်ကိုင်ဖက်ထဲမှာ ရာထူးတိုးခံရဖူးတဲ့သူရှိရင် သူ့ရဲ့အတွေ့အကြုံတွေကိုမေးမြန်းစုံးစမ်းကြည့်ပါ။ ရာထူးတိုးတောင်းဆိုတာအချိန်ဘယ်လောက်ကြာသလဲ၊ ဘယ်မန်နေဂျာတွေနဲ့ပြောဆိုခဲ့သလဲ၊ ဘာတွေတင်ပြခဲ့ရသလဲဆိုတာတွေကိုပါစုံစမ်းပါ။ အတိအကျတော့မဖြစ်ရင်တောင်မှ အဖိုးတန်တဲ့အချက်အလက်တွေကိုရနိုင်ပါတယ်။

၃။ အခွင့်အလမ်းတွေကိုရှာဖွေပါ

ရာထူးတိုးတောင်းဆိုရာမှာ ကိုယ့်ရဲ့အခွင့်အရေးပိုများစေဖို့အတွက် ဖြစ်လာမယ့်လုပ်ငန်းပိုင်းဆိုင်ရာအခွင့်အလမ်းတွေကို ပထမဆုံးသိရှိတဲ့သူဖြစ်အောင်ကြိုးစားပါ။ ဥပမာ - ရုံးတွင်းမှာ ကိုယ်လိုချင်တဲ့ရာထူးမှာရှိတဲ့သူကအလုပ်ထွက်တာပဲဖြစ်ဖြစ် ဒါမှမဟုတ် တခြားရာထူးကိုပြောင်းသွားတာပဲဖြစ်ဖြစ် သူနေရာလွတ်တော့မယ်လို့သတင်းကြားရင် အဲဒီလူနဲ့စကားသွားပြောကြည့်ပြီး အဲဒီရာထူးနေရာရဲ့တာဝန်ယူရမှုတွေနဲ့စိန်ခေါ်မှုတွေကို အသေးစိတ်စုံစမ်းပါ။ ဒါဆိုရင် ရာထူးတိုးအင်တာဗျူးဖြေဆိုတဲ့အခါမှာ ဒါမှမဟုတ် ရာထူးတိုးတောင်းဆိုတဲ့အခါမှာ အဲဒီအချက်အလက်တွေက ကိုယ့်ကိုယ်အများကြီးအထောက်အကူပြုပါလိမ့်မယ်။

၎။ ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေကို သိသာအောင်ပြုလုပ်ပါ

ဘယ်အဖွဲ့အစည်းမှာမဆို ဝန်ထမ်းတစ်ယောက်ကရာထူးတိုးတောင်းဆိုတဲ့အခါမှာ အဲဒီဝန်ထမ်းရဲ့ယခင်ကလုပ်ဆောင်ချက်တွေကို ပြန်လည်စီစစ်သုံးသပ်ပြီးမှ ရာထူးတိုးပေးသင့်မသင့်ကို ဆုံးဖြတ်လေ့ရှိကြပါတယ်။ အဲဒါကြောင့် မိမိတောင်းဆိုလိုက်တဲ့ရာထူးကို သေချာတာဝန်ယူနိုင်ပါတယ်ဆိုတာကို သက်သေပြပေးနိုင်တဲ့လုပ်ဆောင်ချက်ကောင်းကောင်းတွေ ကိုယ့်ဆီမှာရှိထားသင့်ပါတယ်။ ယခင်ကအောင်မြင်အောင်လုပ်ခဲ့ဖူးတဲ့ပရောဂျက်တွေမှာ ကုမ္ပဏီအတွက် ဘယ်လောက်အထိအကျိုးအမြတ်ရခဲ့သလဲဆိုတာနဲ့ အဲဒီအတွေ့အကြုံတွေဟာ အခုတောင်းဆိုထားတဲ့ရာထူးအတွက် ဘယ်လောက်အထိအကျိုးထိရောက်သလဲဆိုတာကို တင်ပြနိုင်အောင်ပြုစုထားပါ။

၅။ သင့်တော်တဲ့အချိန်ကိုရှာဖွေထား

ရာထူးတိုးတောင်းဆိုတဲ့အခါမှာ သင့်တော်တဲ့အချိန်ကောင်းတစ်ခုကိုရှာပြီး ပြောဆိုမယ်ဆိုရင် မိမိရဲ့အခွင့်အရေးကိုပိုပြီးအောင်မြင်စေနိုင်ပါတယ်။ သတင်းကောင်းတစ်ခုနဲ့အတူတကွပြောဆိုနိုင်မယ့် အချိန်ကောင်းတစ်ခုကိုကြိုးစားပြီးရှာဖွေပါ။ ဥပမာ - Client အသစ်နဲ့စာချုပ်ချုပ်ဆိုနိုင်တဲ့အခါမှာ ဒါမှမဟုတ် ချမှတ်ထားတဲ့ Target ကောင်းကောင်းတစ်ခုကို ပြီးစီးအောင်လုပ်ဆောင်နိုင်တဲ့အခါမျိုးတွေမှာ အဲဒီသတင်းတွေနဲ့အတူတောင်းဆိုကြည့်ပါ။

အဲဒီလိုနည်းလမ်းတွေကို သေချာပြင်ဆင်ပြီးသွားပြီဆိုရင်တော့ ကိုယ့်ရဲ့မန်နေဂျာ ဒါမှမဟုတ် ကြီးကြပ်ရေးမှူးကို ရာထူးတိုးတောင်းဆိုတဲ့အခါမှာ ဘယ်လိုမျိုးစကားစပြီးပြောဆိုမလဲဆိုတာနဲ့ မေးလာနိုင်ချေရှိတဲ့မေးခွန်းတွေကို ဘယ်လိုမျိုးထိထိရောက်ရောက်နဲ့ဖြေဆိုမလဲဆိုတာကို ပြင်ဆင်ထားပါ။ စကားစတဲ့အခါမှာ ကိုယ့်ရဲ့တောင်းဆိုမှုကိုပထမဆုံးပြောဆိုပါ။ ပြီးရင် အောင်မြင်အောင်လုပ်ဆောင်ခဲ့ဖူးတဲ့ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေကို အချက်အလက်တွေအသုံးပြုပြီး ရှင်းပြပါ။ ကိုယ့်ရဲ့အလုပ်အကိုင်နဲ့ပတ်သက်တဲ့ပန်းတိုင်နဲ့ လိုချင်တဲ့အနာဂတ်အခွင့်အလမ်းတွေကိုလည်း ပါဝင်အောင်ဆွေးနွေးပါ။ အဲဒါတွေက ကုမ္ပဏီရဲ့လုပ်ဆောင်ချက်တွေနဲ့ ဘယ်လိုမျိုးကိုက်ညီနေသလဲဆိုတာကိုလည်း ရှင်းလင်းတင်ပြပါ။ ဒါဆိုရင်တော့ ကိုယ့်ရဲ့မန်နေဂျာဟာ အဲဒီရာထူးအတွက် ကိုယ့်အနေနဲ့ဘယ်လောက်အထိကြိုးစားပြင်ဆင်ပြီး စိတ်အားထက်သန်မှုရှိနေသလဲဆိုတာကို ခံစားမိပါလိမ့်မယ်။ ဒါပေမဲ့လည်း သူ့အနေနဲ့အဖြေချက်ချင်းပြန်ပေးနိုင်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့အထက်လူကြီးတွေနဲ့ အဆင့်ဆင့်ဝန်ထမ်းရာထူးတိုးကိစ္စကို ဆွေးနွေးရမှာပဲဖြစ်ပါတယ်။ အဲဒါကြောင့် စိတ်ရှည်ရှည်နဲ့စောင့်ပြီး ပုံမှန် Follow up လေးလုပ်ပေးပါ။

အကယ်၍ အခုလက်ရှိအလုပ်မှာမဟုတ်ဘဲ တခြားပိုမိုကောင်းမွန်တဲ့ကုမ္ပဏီမှာ ပိုမိုကောင်းမွန်တဲ့အလုပ်အကိုင်အခွင့်အလမ်းတွေကို ရှာဖွေချင်တယ်ဆိုရင် ဒီနေရာမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

ဆက်လက်ဖတ်ရှုရန် >>> ဒီနှစ်မှာလစာတိုးအောင်ဘာလုပ်မလဲ

ဆက်လက်ဖတ်ရှုရန် >>> နှစ်သစ်မှာရည်မှန်းချက်အသစ်တွေကို စတင်နိုင်မယ့်နည်းလမ်း ၅ သွယ်