11th November, 2020

မိမိရဲ့အလုပ်လျှောက်ထားမှုအခြေအနေကိုသိရှိနိုင်မယ့် JobNet ရဲ့ Feature အသစ်များ

အလုပ်တစ်ခုကိုလျှောက်ထားပြီးတဲ့နောက်မှာ မိမိရဲ့အလုပ်လျှောက်လွှာနဲ့ပတ်သက်ပြီး ဘယ်အခြေအနေမှာရှိနေမလဲဆိုတာကို အလုပ်လျှောက်ထားသူဘယ်သူမဆို စိတ်အားထက်သန်စွာသိချင်ကြပါတယ်။ နောက်ပြီး အလုပ်ခေါ်ယူခန့်အပ်မှုလုပ်ငန်းစဉ်ဟာ အချိန်အတိုင်းအတာတစ်ခုအထိကြာနိုင်ပြီး ချက်ချင်းလက်ငင်းသိရှိနိုင်တဲ့အရာမဟုတ်ဘူးဆိုတာကို နားလည်သဘောပေါက်ဖို့လည်းအရေးကြီးပါတယ်။ အဆိုးဆုံးအနေနဲ့ အလုပ်ခန့်အပ်ဖို့အတွက်ရွေးချယ်မခံရတဲ့အခါ ဒါမှမဟုတ် အင်တာဗျူးအတွက်အရွေးမခံရတဲ့အခါမျိုးမှာတောင် ဘာအကြောင်းပြန်စာမှကိုမရတာမျိုး ဖြစ်နိုင်ပါတယ်။

တချို့ကုမ္ပဏီတွေကတော့ အလုပ်လျှောက်ထားသူတွေရဲ့အမြင်မှာ မိမိတို့ရဲ့လုပ်ငန်းရှင်ပုံရိပ်ကို တာဝန်ယူတတ်တဲ့လုပ်ငန်းအဖွဲ့အစည်းတစ်ခုအဖြစ်မြင်စေဖို့အတွက် အလုပ်ခေါ်ယူမှုလုပ်ငန်းစဉ်တိုင်းကို အသိပေးလေ့ရှိပါတယ်။ ဥပမာ - အီးမေးလ်က သို့မဟုတ် အွန်လိုင်းကတစ်ဆင့်အလုပ်လျှောက်တဲ့အခါမျိုးမှာ အဲဒီကုမ္ပဏီတွေအနေနဲ့ အလုပ်လျှောက်ထားသူတွေဆီကို လျှောက်လွှာလက်ခံရရှိကြောင်း၊ အလုပ်လျှောက်လွှာတွေကို လျှောက်လွှာနောက်ဆုံးပိတ်ရက်မှစတင်ပြီး အချိန်အတိုင်းအတာတစ်ခုအတွင်း (နှစ်ပတ်အတွင်းဖြစ်စေ၊ သုံးပတ်အတွင်းဖြစ်စေ) စီစစ်မှာဖြစ်ပြီး ပဏာမဆန်ကာတင်ရွေးချယ်ခံရသူစာရင်း (Shortlists) တွင်ဝင်ရောက်မယ့်သူများကိုသာ အင်တာဗျူးဖြေဆိုရန် သို့မဟုတ် ရေးဖြေစာမေးပွဲဖြေဆိုရန် အကြောင်းကြားဆက်သွယ်မှာဖြစ်ကြောင်း အစရှိတဲ့အီးမေးလ်မျိုးကိုပို့လေ့ရှိပါတယ်။ အဲဒီလိုအခါမျိုးမှာ အလုပ်လျှောက်ထားသူတွေအနေနဲ့ သတ်မှတ်ထားတဲ့အချိန်ကာလအတွင်း မိမိဆီကိုအကြောင်းကြားစာရောက်မရောက်နဲ့ပတ်သက်ပြီး အဲဒီအလုပ်အတွက်ရွေးချယ်ခြင်းခံရလား၊ မခံရဘူးလားဆိုတာကို ခန့်မှန်းနိုင်ပါတယ်။ ရွေးချယ်ခံရတဲ့အခါမှာ နောက်တစ်ဆင့်အတွက်ပြင်ဆင်နိုင်ပြီး ရွေးချယ်မခံရတဲ့အခါမျိုးမှာလဲ နောက်အလုပ်အကိုင်တစ်ခုကို စိတ်လွတ်လွတ်လပ်လပ်နဲ့လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

အလုပ်လျှောက်ထားသူတွေအနေနဲ့ကလည်း မိမိလျှောက်ထားတဲ့အလုပ်က မိမိကိုရွေးချယ်သည်ဖြစ်စေ မရွေးချယ်သည်ဖြစ်စေ ၄င်းတို့လျှောက်ထားထားတဲ့အလုပ်လျှောက်လွှာက ဘယ်အဆင့်အထိရောက်ခဲ့သလဲဆိုတာကိုတော့ သိရှိချင်ကြပါတယ်။ အဲဒီအတွက်ကြောင့် JobNet.com.mm ကနေ အလုပ်လျှောက်ထားသူတွေအကြားမှာ ဖြစ်ပေါ်တတ်လေ့ရှိတဲ့အခက်အခဲစိန်ခေါ်မှုတွေကို နည်းပညာကိုအသုံးပြုပြီးအတတ်နိုင်ဆုံးဖြေရှင်းပေးနေပါတယ်။ အရင်ကဆိုရင် JobNet ကနေအလုပ်လျှောက်ထားသူတွေဟာ မိမိတို့ရဲ့အလုပ်လျှောက်လွှာအခြေအနေနဲ့ပတ်သက်ပြီး လျှောက်ထားလိုက်တဲ့ကုမ္ပဏီဘက်ကလက်ခံရရှိလျှင် Received ၊ မိမိရဲ့အလုပ်လျှောက်လွှာနဲ့ မိမိရဲ့ JobNet Profile ကိုအလုပ်ခေါ်ယူသူဘက်က ဝင်ရောက်ကြည့်ရှုခဲ့တယ်ဆိုလျှင် Viewed လို့သာမြင်နိုင်ခဲ့ပါတယ်။ အခုအခါမှာတော့ JobNet.com.mm ကနေ အလုပ်လျှောက်ထားသူတွေအတွက် ကုမ္ပဏီတွေရဲ့အလုပ်ခေါ်ယူမှုလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုတွေရှိလာအောင် နည်းပညာတွေကိုအဆင့်မြင့်တင်ပေးထားပါတယ်။

အလုပ်လျှောက်ထားသူတစ်ယောက်အနေနဲ့ JobNet.com.mm မှာ ကုမ္ပဏီတစ်ခုကတင်ထားတဲ့အလုပ်ကြော်ငြာစာတစ်ခုကို လျှောက်ထားလိုက်တဲ့အခါမှာ အဲဒီကုမ္ပဏီရဲ့အလုပ်လျှောက်လွှာအားလုံးကိုစုစည်းထားတဲ့ဖိုင်တစ်ခုတည်းကို ရောက်ရှိသွားမှာဖြစ်ပါတယ်။ အဲဒီလိုရောက်ရှိသွားတဲ့အခါမှာ အလုပ်လျှောက်ထားသူရဲ့ Application Status တွင် received လို့ပေါ်မှာဖြစ်ပါတယ်။ အဲဒီကုမ္ပဏီက အလုပ်အကိုင်ခေါ်ယူမှုအတွက်တာဝန်ရှိသူ ဒါမှမဟုတ် HR တစ်ယောက်က လက်ခံရရှိတဲ့အလုပ်လျှောက်လွှာတွေကိုစီစစ်ရင်း မိမိရဲ့အလုပ်လျှောက်လွှာထဲမှာဖော်ပြထားတဲ့ အရည်အချင်းနဲ့အတွေ့အကြုံတွေကိုကြိုက်နှစ်သက်သွားပြီး စဉ်းစားမယ့်လူစာရင်းထဲမှာလျာထားလိုပါက Consideration ဖိုင်ထဲကို ခဏထည့်ထားနိုင်ပါတယ်။ ဒါမှမဟုတ် ပဏာမဆန်ကာတင်စာရင်း Shortlist ထဲမှာထည့်သွင်းစဉ်းစားမည်ဆိုပါကလည်း Shortlist ဖိုင်ထဲကိုထည့်ထားနိုင်ပါတယ်။ တကယ်လို့ သူတို့လိုချင်တဲ့အရည်အချင်းနဲ့မကိုက်ညီပါက Reject ဖိုင်ထဲကိုထည့်ထားပါလိမ့်မယ်။ အဲဒီလိုမျိုး မိမိရဲ့အလုပ်လျှောက်လွှာနဲ့ပတ်သက်ပြီး HR ဌာနရဲ့လုပ်ငန်းစဉ်အဆင့်ဆင့်ကို မိမိ JobNet Profile ရဲ့ Application Status ကနေသိရှိနိုင်ပါပြီ။

အဲဒီလိုမျိုး ရွေးချယ်ဖို့စဉ်းစားထားတဲ့လူတွေထဲမှ ဒါမှမဟုတ် ပဏာမဆန်ကာတင်စာရင်းထဲကမှ ပြန်ပြီးစီစစ်ရွေးချယ်ကာ အင်တာဗျူးခေါ်ယူမယ့်သူကိုဆုံးဖြတ်လေ့ရှိကြပါတယ်။ အဲဒီအခါကျရင်တော့ အင်တာဗျူးခေါ်ယူမယ့်လျှောက်လွှာတွေကို သိမ်းဆည်းထားတဲ့ဖိုင်ထဲကိုရွေ့ပါလိမ့်မယ်။ အဲဒီအခါကျရင်လည်း မိမိရဲ့ Application Status မှာ Interview ဆိုပြီးပေါ်ပါလိမ့်မယ်။ အဲဒီအခါကျရင် ထိုကုမ္ပဏီကနေ တစ်နည်းနည်းနဲ့ဆက်သွယ်လာပါလိမ့်မယ်။ ဒါပေမဲ့လည်း ကုမ္ပဏီတစ်ခုနဲ့တစ်ခုရဲ့အလုပ်ခေါ်ယူမှုလုပ်ငန်းစဉ်တွေဟာ အနည်းငယ်ကွဲလွဲနိုင်တဲ့အတွက်ကြောင့် အင်တာဗျူးခေါ်ဆိုဖို့သင့်တော်တဲ့သူတွေကို Interview ဖိုင်ထဲမှာစုထားပြီး အဲဒီအထဲကမှသူတို့အကြိုက်ဆုံးလူတွေကိုပဲ ရွေးပြီးခေါ်ဆိုနိုင်ပါတယ်။ အဲဒါကြောင့် မိမိရဲ့ Application Status မှာ Interview လို့ပြပြီး ဘာအကြောင်းကြားမှုမရသေးဘူးဆိုရင် အဲဒီကုမ္ပဏီရဲ့ HR ဌာနကိုဆက်သွယ်လို့ရမယ့်ဖုန်းနံပါတ်၊ အီးမေးလ်တို့ကိုစုံစမ်းပြီး ဆက်သွယ်ကြည့်ပါ။ JobNet ကတော့ နည်းပညာအရကူညီပေးတဲ့အလုပ်အကိုင်ဝက်ဆိုက်ဖြစ်တဲ့အတွက်ကြောင့် အလုပ်ခေါ်ယူသူနဲ့အလုပ်လျှောက်ထားသူအကြား အင်တာဗျူးခေါ်ဆိုတာနဲ့ပတ်သက်ပြီး ကြားဝင်လုပ်ဆောင်ပေးခြင်းမျိုးမရှိပါ။

အဲဒီနောက် အလုပ်ခေါ်ယူကမ်းလှမ်းဖို့အတွက် စဉ်းစားထားတဲ့လူစာရင်းထဲမှာပါဝင်ခဲ့တယ်ဆိုရင်လည်း Job Offer ဖိုင်၊ အလုပ်ခန့်အပ်ဖို့အတွက် လျာထားတဲ့လူစာရင်းထဲမှာပါဝင်ခဲ့တယ်ဆိုရင်လည်း Hire ဖိုင် အစရှိသဖြင့် အမျိုးအစားခွဲခြားပြီး HR တွေနဲ့ အလုပ်ခေါ်ယူနေသူတွေဘက်သိမ်းဆည်းထားမှာဖြစ်ပါတယ်။ ထိုကဲ့သို့ ၄င်းတို့ဘက်မှ လုပ်ဆောင်နေတဲ့အဆင့်တစ်ခုချင်းစီကို မိမိရဲ့ Application Status မှာမြင်တွေ့ရမှာဖြစ်ပါတယ်။

အလုပ်လျှောက်ထားသူတချို့ မေးလေ့ရှိတဲ့အကြောင်းအရာကတော့ မိမိရဲ့ Application Status မှာ Interview ဒါမှမဟုတ် Job Offer ဒါမှမဟုတ် Hire အစရှိသဖြင့်ဖော်ပြနေပြီး မိမိကိုအဲဒီကုမ္ပဏီဘက်က လုံးဝဖုန်းခေါ်ဆိုမှု အီးမေးလ်ဖြင့်ဆက်သွယ်မှုလည်း မရှိဘူးဆိုပြီးမေးလေ့ရှိကြပါတယ်။ ခုနကပြောသွားသလိုပါပဲ ဒါဟာ မိမိရဲ့အလုပ်လျှောက်လွှာကို အဆင့်တစ်ခုအတွက် (ဥပမာ - အင်တာဗျူးအတွက်၊ အလုပ်ကမ်းလှမ်းဖို့အတွက်) စဉ်းစားလျာထားခြင်းပဲရှိပါသေးတယ်။ အဲဒီလျာထားတဲ့လူအားလုံးထဲကမှ သူတို့လိုချင်တဲ့အရည်အချင်းတွေနဲ့ ပြည့်စုံကိုက်ညီမှုအများဆုံးဖြစ်တဲ့သူကိုပဲ ဆက်သွယ်အကြောင်းကြားမှာဖြစ်ပါတယ်။ ကုမ္ပဏီတစ်ခုနဲ့တစ်ခုမှာ ကျင့်သုံးနေတဲ့အလုပ်ခေါ်ယူမှုလုပ်ငန်းစဉ်တွေ အပေါ်မှာပဲမူတည်ပါတယ်။ နောက်ပြီး အလုပ်လျှောက်ထားသူတချို့ မေးလေ့ရှိတဲ့မေးခွန်းကတော့ “အဲဒီအလုပ်ကကိုယ့်ကိုယ်မခေါ်မချင်းစောင့်နေရမှာလား၊ အဲဒီအလုပ်နဲ့ပတ်သက်ပြီး အလုပ်ခေါ်ယူမှုတွေကပြီး မပြီးဘယ်လိုသိနိုင်မလဲ” ဆိုပြီးဖြစ်ပါတယ်။ အဲဒီအတွက်လည်း Application Status ရဲ့အနောက်ကပ်လျက်မှာ Job Status ဆိုပြီးရှိပါတယ်။ မိမိလျှောက်ထားထားတဲ့အလုပ်က ခေါ်ယူနေတုန်းဆိုရင် Open လို့ပြနေမှာဖြစ်ပြီး ခေါ်ယူမှုလုပ်ငန်းပြီးစီးသွားပြီဆိုရင် Closed ဆိုပြီးပြမှာဖြစ်ပါတယ်။

 

နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ ဘယ်တော့မှအလုပ်တစ်ခုတည်းကိုပဲလျှောက်ပြီး အဲဒီအလုပ်ကိုပဲမျှော်လင့်ချက်တွေနဲ့မစောင့်စားပါနဲ့။ မိမိနဲ့ကိုက်ညီသမျှအလုပ်တွေကို လျှောက်ထားပါ။ အဲဒီလိုလျှောက်ထားတဲ့နေရာမှာလဲ အလုပ်အားလုံးကို CV တစ်မျိုးတည်းနဲ့လျှောက်ထားမယ့်အစား အလုပ်တစ်ခုချင်းစီမှာလိုအပ်တဲ့အရည်အချင်းတွေအလိုက် ကိုက်ညီအောင်ပြင်ဆင်ပြီးလျှောက်ထားခြင်းက မိမိရဲ့အလုပ်လျှောက်လွှာကို အလုပ်ခေါ်ယူသူတွေထူးထူးခြားခြားသတိထားမိလာစေနိုင်ပါတယ်။

ဆက်လက်ဖတ်ရှုရန် >>> JobNet မှာ အလုပ်ရှာဖွေပြီး လျှောက်ထားတော့မယ်ဆိုရင် သိထားသင့်တဲ့အချက်များ