19th January, 2021

အလုပ်အင်တာဗျူးမှာ ကိုယ့်ရဲ့အားသာချက်နဲ့ပတ်သက်ပြီးမေးလာခဲ့လျှင်

အလုပ်အင်တာဗျူးမှာ “ကိုယ့်ရဲ့အားသာချက်ပြောပြပေးပါဦး” ဆိုပြီးမေးတဲ့အခါမှာ အဲဒီအင်တာဗျူးမေးတဲ့သူက အဲဒါနဲ့ပတ်သက်ပြီးသူတို့ကြားချင်တဲ့အချက်တွေရှိသလို မကြားချင်တဲ့အချက်တွေလည်းရှိပါတယ်။ နောက်ပြီး အင်တာဗျူးမှာ ကိုယ့်အကြောင်းကိုအမေးခံလိုက်ရတဲ့အချိန်မှာ ချက်ချင်းစဉ်းစားပြီးပြန်လည်ဖြေဆိုရတယ်ဆိုတာဟာလည်း မလွယ်ကူလှပါဘူး။ ဒါပေမဲ့လည်း အခုဖော်ပြသွားမယ့်အချက်တွေကို သေချာလိုက်နာပြီးအသုံးပြုကြည့်မယ်ဆိုရင် အင်တာဗျူးမေးသူတွေလိုချင်တဲ့အဖြေကို ကိုယ့်ဘက်ကနေ ခိုင်ခိုင်မာမာဖြေဆိုနိုင်သွားပါလိမ့်မယ်။

၁။ အားသာချက်တစ်ခုကိုရွေးချယ်ပါ

ကိုယ့်ရဲ့အားသာချက်တွေထဲက တစ်ခုကိုပဲထုတ်နုတ်ရွေးချယ်မယ်ဆိုရင် ရှင်းလင်းတိကျတဲ့အဖြေတစ်ခုကိုပေးနိုင်ဖို့ ပိုပြီးလွယ်ကူပါတယ်။ အဲဒါကြောင့် ကိုယ့်ရဲ့အားသာချက်တစ်ခုကိုပဲရွေးချယ်ပါ။ ပြီးရင် အဓိကအားသာချက်ကို သိသာအောင်ဖော်ပြနိုင်တဲ့ ကျစ်လစ်ရှင်းလင်းတဲ့အဖြေကိုပေးပါ။ အကယ်၍ ကိုယ့်ရဲ့ဘယ်လိုမျိုးအရည်အချင်းတွေကို အားသာချက်အဖြစ်ယူရမလဲဆိုတာကို မသိဘူးဆိုရင် အောက်မှာဖော်ပြထားတဲ့အဆင့်တွေကို ဆက်လက်ပြုလုပ်ကြည့်ပါ။

၂။ ကိုယ်ပြောမယ့်အရာကို ကြိုတင်သိအောင်လုပ်ထားပါ

ဘယ်လောက်ပဲအင်တာဗျူးဖြေဆိုတဲ့အတွေ့အကြုံတွေရှိရှိ ဘယ်တော့မှမပြင်ဆင်ဘဲမသွားပါနဲ့။ မေးနိုင်ချေရှိတဲ့မေးခွန်းတွေအတွက် ကောင်းမွန်တဲ့အဖြေတွေကို ပြင်ဆင်သွားခြင်းဟာ အင်တာဗျူးအခန်းထဲရောက်မှ ချက်ချင်းစဉ်းစားပြီးဖြေဆိုတဲ့အဖြေထက် ပိုပြီးကောင်းမွန်ပါတယ်။ အဲဒါကြောင့် ကိုယ့်ရဲ့ဘယ်လိုအားသာချက်ကို ဆွေးနွေးဖြေဆိုမလဲဆိုတာကို ကြိုတင်ပြီးပြင်ဆင်သွားပါ။

၃။ ခေါ်ယူနေတဲ့အလုပ်နဲ့ ကိုက်ညီတဲ့အားသာချက်တစ်ခုကိုရွေးပါ

ကိုယ့်ရဲ့အားသာချက်ကိုစဉ်းစားတဲ့အခါမှာ အင်တာဗျူးဖြေဆိုမယ့်အလုပ်နဲ့ကိုက်ညီတဲ့အရာကိုရွေးချယ်မယ်ဆိုရင် အဲဒီအင်တာဗျူးဟာ ကိုယ့်အတွက်ပိုပြီးအခွင့်အရေးများပါတယ်။ အဲဒါကြောင့် ကိုယ်လျှောက်ထားထားတဲ့အလုပ်နဲ့အကိုက်ညီဆုံးဖြစ်မယ့် ကိုယ့်ရဲ့အားသာချက်တွေကိုစဉ်းစားပါ။ အလုပ်ခေါ်စာမှာဖော်ပြထားတဲ့အချက်တွေကို ပြန်လည်ဖတ်ရှုပါ။ ပြီးရင် အဲဒီအလုပ်ရဲ့လိုအပ်ချက်တွေ ဒါမှမဟုတ် အဲဒီကုမ္ပဏီအတွက် ဘယ်လိုအရာတွေကအရေးကြီးဆုံးလဲဆိုတာကို သိအောင်လုပ်ပါ။ ဥပမာ - လုပ်ငန်းပိုင်းဆိုင်ရာ အဆင့်မြင့်နည်းပညာပိုင်းနဲ့ပတ်သက်တာလား၊ ခေါင်းဆောင်မှုပိုင်းကိုအဓိကထားလုပ်ဆောင်ရမှာလား၊ ဝန်ဆောင်မှုပိုင်းမှာ ကုန်ပစ္စည်းဝယ်သူသုံးစွဲသူတွေနဲ့ ဆက်သွယ်ပြောဆိုရမှာလား၊ ဖန်တီးနိုင်မှုစွမ်းအားကောင်းရမယ့်အလုပ်လား အစရှိသဖြင့်သိအောင်လုပ်ပါ။

၎။ ကိုယ့်ရဲ့အားသားချက်က အလုပ်မှာဘယ်လိုမျိုးအကူအညီဖြစ်စေမလဲဆိုတာကိုရှင်းပြပါ

ကိုယ့်ရဲ့အားသာချက်ကိုပြောပြပြီးတဲ့နောက် အဲဒီအားသာချက်ဟာ ကိုယ့်ရဲ့အလုပ်မှာအောင်မြင်အောင် ဘယ်လိုမျိုးကူညီနိုင်မလဲဆိုတာကို အတိအကျထောက်ပြပြောဆိုပါ။ ဥပမာ - “ကျွန်တော်/ကျွန်မရဲ့အားသာချက်ကတော့ အသေးစိတ်ကိုအာရုံစိုက်ပြီးလုပ်နိုင်ပါတယ်။ ကိုယ့်ရဲ့အလုပ်တွေကိုလည်း အမြဲတမ်းအသေးစိတ်စနစ်တကျဖြစ်ဖို့ ဦးတည်လုပ်ဆောင်ပါတယ်။ အဲဒါဟာ ကျွန်တော်/ကျွန်မရဲ့ပျော်ရွှင်မှုတစ်ခုလည်းဖြစ်ပါတယ်။ အလုပ်ခေါ်စာထဲမှာလည်း အခုဒီရာထူးဟဟာ အသေးစိတ်စနစ်တကျလုပ်ဆောင်ရမည့်အလုပ်တွေအများကြီးပါဝင်တာကို တွေ့ရပါတယ်။ အဲဒါကြောင့်လည်း ဒီအလုပ်ကိုလျှောက်ထားဖြစ်တာပါ” ဆိုပြီးထောက်ပြပြောဆိုနိုင်ပါတယ်။

၅။ တိကျတဲ့သက်သေပြချက်ကိုပေးပါ

အထက်မှာပြောပြခဲ့သလို ကိုယ့်ရဲ့အားသာချက်နဲ့ အဲဒီအားသာချက်က အလုပ်မှာဘယ်လိုမျိုးအထောက်အကူပြုနိုင်မလဲဆိုတာကို ပြောပြပြီးပြီဆိုရင် အဲဒါကိုခိုင်မာစေတဲ့သက်သေအချို့ကို ပြောပြပေးနိုင်ရင်ကောင်းပါတယ်။ အရင်အလုပ်မှာ အဲဒီအားသာချက်ကိုအသုံးပြုပြီး ကိုယ့်တာဝန်တွေကို ဘယ်လိုမျိုးအောင်မြင်အောင်လုပ်ဆောင်ခဲ့နိုင်သလဲဆိုတဲ့နမူနာဖြစ်ရပ်တွေကို ပြောပြပေးပါ။ ဥပမာပြရမယ်ဆိုရင် “အရင်အလုပ်မှာ ကျွန်တော်/ကျွန်မဟာ တစ်ချိန်တည်းမှာပဲ ပရောဂျက် ၈ ခုကနေ ၁၀ အထိကိုစီမံခန့်ခွဲရပါတယ်။ မကြာခဏဆိုသလို မတူညီတဲ့ပရောဂျက်တွေမှာ မတူညီတဲ့အလုပ် ၇၅ ခုလောက်နဲ့သွားရပါတယ်။ ဒါပေမဲ့လည်း အသေးစိတ်ကိုစနစ်တကျလုပ်ဆောင်နိုင်တာကြောင့် ကုမ္ပဏီရဲ့ဝန်ဆောင်မှုကိုသုံးစွဲနေသူတွေဆီ ၁၀၀% အပြည့် ပရောဂျက်တွေကိုအပ်နိုင်ခဲ့ပါတယ်။ ပေးအပ်ထားတဲ့အလုပ်တွေရဲ့ ၄၅% ကိုလည်း နောက်ဆုံးသတ်မှတ်ရက်မတိုင်ခင် ပြီးစီးအောင်လုပ်ဆောင်နိုင်ခဲ့ပါတယ်။”

အခုဆိုရင်တော့ အလုပ်အင်တာဗျူးမှာ ကိုယ့်ရဲ့အားသာချက်နဲ့ပတ်သက်ပြီးပေးလာခဲ့ပြီဆိုရင် ဘယ်လိုမျိုးထိထိမိမိဖြေဆိုရမလဲဆိုတာကို သိရှိလိမ့်မယ်လို့ထင်ပါတယ်။ နောက်တစ်ချက်မှာချင်တာကတော့ အခုဆိုရင် မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအဖွဲ့အစည်းတွေများပြားလာတာကြောင့် စီးပွားရေးလုပ်ငန်းဆက်သွယ်မှုမှာ အင်္ဂလိပ်စကားကိုပိုပြီးပြောဆိုအသုံးပြုလာပါတယ်။ အဲဒါကြောင့် အင်တာဗျူးဖြေဆိုတဲ့အခါမှာလည်း အင်္ဂလိပ်စကားကိုအဓိကထားအသုံးပြုတဲ့အတွက်ကြောင့် အင်တာဗျူးအတွက်ပြင်ဆင်တဲ့အခါမှာ ကိုယ့်ရဲ့အဖြေတွေကိုအင်္ဂလိပ်ဘာသာစကားအသုံးပြုပြီး ပြင်ဆင်လေ့ကျင့်စေချင်ပါတယ်။ ဒါဆိုရင်တော့ အင်တာဗျုးမှာအခွင့်အရေးကောင်းတွေကိုရရှိနိုင်ဖို့ သေချာပါတယ်။

ဆက်လက်ဖတ်ရှုရန် >>> အင်တာဗျူးမှာ မျှော်မှန်းလစာနဲ့ပတ်သက်ပြီးမေးလာခဲ့လျှင်

ဆက်လက်ဖတ်ရှုရန် >>> အမေးများပြီးစဉ်းစားရခက်တဲ့မေးခွန်းများ