5th November, 2020

လျှောက်ထားထားတဲ့အလုပ်ကနေ ဘာသတင်းမှမကြားရတဲ့အခါ

လျှောက်ထားတဲ့အလုပ်တစ်ခုကနေ အကြောင်းပြန်စာကိုစောင့်ရတဲ့ကာလဟာ စိတ်ပျက်ဖို့ကောင်းပါတယ်။ အကယ်၍ ကိုယ်ကစိတ်ဖိစီးမှုတွေဖြစ်နေတဲ့အချိန်၊ အလုပ်အကိုင်ဈေးကွက်မှာ အခက်အခဲစိန်ခေါ်မှုတွေဖြစ်နေတဲ့အချိန် ဒါမှမဟုတ် တစ်ချိန်တည်းမှာအလုပ်တွေအများကြီးကို ဆက်တိုက်လျှောက်လိုက်တဲ့အချိန်မှာ ကိုယ်လျှောက်ထားတဲ့အလုပ်တွေဆီကနေ ဘာမှပြန်မကြားရဘူးဆိုရင် ပိုလို့တောင်ဆိုးပါသေးတယ်။ အဲဒီလိုအခြေအနေမျိုးမှာ အခက်ခဲဆုံးအရာတစ်ခုကတော့ မိမိကိုယ်ကိုယ်ကိုယ်မထိန်းချုပ်နိုင်ခြင်းပါပဲ။

ဒါပေမဲ့လည်း ကိုယ့်ရဲ့စိုးရိမ်မှုတွေကိုလျော့နည်းစေပြီး လျှောက်ထားထားတဲ့အလုပ်ကနေအကြောင်းပြန်စာကိုသိရှိစေဖို့အတွက် အကူအညီပေးနိုင်တဲ့အရာတချို့ရှိပါတယ်။ အခြေအနေတိုင်းကတော့ တူညီမှာမဟုတ်ပေမဲ့ တချို့အလုပ်ရှင်တွေက ဘယ်အချိန်လောက်အလုပ်ခေါ်ယူမှုကိုစတင်ပြုလုပ်မယ်ဆိုတဲ့အချက်ကိုတော့ အလုပ်ခေါ်စာတွေထဲမှာဖြော်ပထားလေ့ရှိပါတယ်။ တချို့ကျတော့လည်း ဖော်ပြထားလေ့မရှိပါဘူး။ ဒါပေမဲ့လည်း အဲဒီအလုပ်ခေါ်စာက အမြဲတမ်းခေါ်နေမှာမဟုတ်တဲ့အတွက်ကြောင့် နောက်ဆုံးလျှောက်ထားရမယ့်အချိန်ပြီးသွားရင် ရရှိထားတဲ့အလုပ်ခေါ်စာတွေကိုစီစစ်ရွေးချယ်ဖို့ ရက်သတ္တပတ်အနည်းငယ်ကြာတော့ကြာပါလိမ့်မယ်။ အဲဒီတော့ နောက်ဆုံးလျှောက်လွှာပိတ်ရက်ကနေစပြီးရေတွက်ကြည့်လိုက်လို ရက်အတော်အတန်ကြာတဲ့အထိ မိမိလျှောက်ထားထားတဲ့အလုပ်နဲ့ပတ်သက်ပြီး ဘာအကြောင်းမှမကြားရဘူးဆိုရင် အောက်မှာဖော်ပြထားတဲ့အချက်တွေကို စဉ်းစားကြည့်ပါ။

၁။ ဖုန်းခေါ်ဆိုကြည့်ပါ

ကိုယ့်ရဲ့အလုပ်လျှောက်လွှာအခြေအနေနဲ့ပတ်သက်လို့ပိုပြီးသိရှိချင်တယ်ဆိုရင် အဲဒီအလုပ်ရာထူးကိုခေါ်ယူနေတဲ့တာဝန်ရှိသူတစ်ယောက်နဲ့ ဆက်သွယ်ကြည့်ပါ။ အဲဒီအခြေအနေမှာ ဖုန်းခေါ်ဖို့အကောင်းဆုံးလူကို သေချာရှာဖွေပါ။ ဥပမာ - အလုပ်ရှာဖွေရေးအေဂျင်စီက ကိုယ့်အလုပ်လျှောက်လွှာကို တာဝန်ယူထားတဲ့သူဆီကိုဆက်သွယ်မှာလား ဒါမှမဟုတ် အလုပ်ရှင်ဆီကိုတိုက်ရိုက်ဆက်သွယ်မှာလား ဒါမှမဟုတ် အလုပ်ခေါ်ယူနေတဲ့မန်နေဂျာဆီကို ဆက်သွယ်မှာလားဆိုတာကိုပေါ့။ ဖုန်းခေါ်လိုက်တဲ့အခါမှာလဲ မိမိနဲ့စကားပြောဖို့သူတို့အနေနဲ့အဆင်ပြေရဲ့လားဆိုတာကို အရင်ဆုံးမေးပါ။ အဆင်မပြေတဲ့အခါမျိုးဆိုရင် နောက်မှပြန်ခေါ်တာမျိုး ဒါမှမဟုတ် မက်ဆေ့ခ်ျချန်ထားတာမျိုးကိုလုပ်ပါ။ ပြောဆိုတဲ့အခါမှာလည်း မိမိလျှောက်ထားထားတဲ့အလုပ်ကို သူတို့သိအောင်အရင်ဆုံးပြောပြပါ။ ပြီးရင် ဘာကြာင့်အဲဒီအလုပ်နဲ့ ခေါ်ယူနေတဲ့ကုမ္ပဏီအဖွဲ့အစည်းကို စိတ်ဝင်စားရသလဲဆိုတာအရင်ဆုံးပြောပြပေးပါ။ နောက်ပြီး မိမိကအဲဒီအလုပ်ကို ဘယ်အချိန်တုန်းကလျှောက်ခဲ့တာပါ။ အဲဒီအလုပ်ရဲ့အလုပ်ခေါ်ယူမှုလုပ်ငန်းစဉ်တွေက ပြီးစီးသွားပြီလားဆိုတာကို မေးမြန်းကြည့်ပါ။ နောက်ပြီး ဖုန်းခေါ်ဆိုတဲ့အခါမှာ စိတ်လှုပ်ရှားမှုကြောင့်ပြောချင်တာတွေမေ့သွားတတ်ပါတယ်။ အဲဒါကြောင့် ဖုန်းမဆက်ချင်မှာ ကိုယ်ပြောချင်တဲ့အချက်တွေချပြီးရေးထားလိုက်ပါ။

၂။ အီးမေးလ်ပို့ပြီးမေးမြန်းစုံစမ်းကြည့်ပါ

 တစ်ခါတစ်ရံမှာ ဖုန်းထဲမှာ ကိုယ်တကယ်တွေ့ချင်တဲ့သူနဲ့တွေ့ချင်မှ တွေ့ရပါလိမ့်မယ်။ အဲဒီလိုအခြေအနေမျိုးမှာဆိုရင် အီးမေးလ်ကအကောင်းဆုံးရွေးချယ်မှုပဲဖြစ်ပါတယ်။ ဖြစ်နိုင်တယ်ဆိုရင် ကိုယ်လျှောက်ထားတဲ့အလုပ်ရာထူးကို အမှန်တကယ်တာဝန်ယူကိုင်တွယ်တဲ့သူဆီကို အီးမေးလ်ပေးပို့တာဟာ အဲဒီကုမ္ပဏီက HR တွေ အားလုံးကိုင်တဲ့ယေဘုယျအီးမေးလ်ကိုပေးပို့တာထက် ပိုပြီးအကျိုးထိရောက်မှုရှိပါလိမ့်မယ်။ အီးမေးလ်ရေးသားတဲ့အခါမှာလည်း တိုတိုတုပ်တုပ်၊ ပညာရှင်ပီပီသသနဲ့ အဓိကအချက်တွေပါအောင်ရေးသားပါ။ မိမိလျှောက်ထားတဲ့အလုပ်ရာထူးနာမည်ကိုလည်း Subject မှာထည့်ရေးပါ။ အီးမေးလ်ထဲမှာလည်း လျှောက်ထားထားတဲ့အလုပ်ကိုထပ်ပြီးဖော်ပြပါ။ နောက်ပြီး ဘယ်အချိန်မှာ ဘယ်လိုလျှောက်ခဲ့တာပါထည့်ရေးပါ။ အဲဒီအလုပ်ရာထူးနဲ့ ကုမ္ပဏီကိုဘာကြောင့် စိတ်ဝင်စားရသလဲဆိုတာကိုလည်း ဖော်ပြဖို့မမေ့ပါနဲ့။ မိမိရဲ့အလုပ်လျှောက်လွှာကိုလက်ခံရရှိသလားဆိုတာနဲ့ အဲဒီရာထူးအတွက်အလုပ်ခေါ်ယူမှုအခြေအနေ ဒါမှမဟုတ် အလုပ်ခန့်ထားမှုလုပ်ငန်းစဉ်ကဘယ်လောက်ကြာဦးမလဲ ဆိုတာကိုမေးမြန်းကြည့်ပါ။ နောက်ပြီး မိမိအလုပ်လျှောက်ထားမှုမှာ တခြားနောက်ထပ်လိုအပ်တဲ့အချက်အလက်တွေရှိတယ်ဆိုရင် မိမိရဲ့ဖုန်းကိုဆက်သွယ်နိုင်ပါတယ်ဆိုပြီး ဖုန်းနံပါတ်ကိုပါထည့်ပေးနိုင်ပါတယ်။

၃။ အဆက်အသွယ်တစ်ခုကိုရှာပါ

လျှောက်ထားထားတဲ့ကုမ္ပဏီ ဒါမှမဟုတ် အလုပ်ရှင်နဲ့ဆက်သွယ်နိုင်မယ့် အဆက်အသွယ်တစ်ခုကိုယ့်မှာရှိတယ်ဆိုရင်လည်း အဲဒါဟာလည်း ဆက်သွယ်သင့်တဲ့အရာတစ်ခုပါ။ ကိုယ်ရဲ့အဲဒီအဆက်အသွယ်နဲ့ဟာ ဘယ်လောက်အထိရင်းနှီးသလဲဆိုတဲ့အပေါ်မှာမူတည်ပြီး မိမိရဲ့အလုပ်လျှောက်ထားမှုအခြေအနေကို သူဆီကနေဆက်သွယ်စုံစမ်းနိုင်ပါတယ်။ ကိုယ့်ရဲ့လုပ်ငန်းနယ်ပယ် ဒါမှမဟုတ် လူမှုအသိုင်းအဝိုင်းနယ်ပယ်တွေကနေလည်း အပြန်အလှန်သိနိုင်တဲ့အဆက်အသွယ်မျိုးတွေ ရှိနိုင်မလားဆိုတာကိုလည်း စစ်ဆေးကြည့်ပါ။

 

နောက်ဆုံးအနေနဲ့ အသိပေးချင်တာကတော့ အဲဒီလိုဆက်သွယ်တဲ့အခါမှာ ကိုယ့်ဘက်ကအမြဲတမ်းပညာရှင်ပီပီသသပြုမူပါ။ ရိုးရှင်းယဉ်ကျေးစွာပြောဆိုဆက်သွယ်ပါ။ ခဏခဏတော့ မဆက်သွယ်မိပါစေနဲ့။ တကယ်လို့ အဲဒီလိုကိုယ့်ဘက်ကနေ နောက်ဆက်တွဲမေးမြန်းမှုတွေပြုလုပ်တာတောင်မှ ဘာအကြောင်းမှမကြားရဘူးဆိုရင် စိတ်မပျက်ပါနဲ့။ အဲဒါဟာ ကိုယ့်ရဲ့အလုပ်လျှောက်ထားမှုကို မကောင်းဘူးလို့ပြောတာမဟုတ်ပါဘူး။ မိမိကိုယ်ကိုသံသယမဖြစ်ပါနဲ့။ မိမိမှာဘယ်လိုအတွေ့အကြုံပဲရှိရှိ အလုပ်ရှင်တစ်ယောက်က သဘောကျလောက်တဲ့အရည်အချင်းတွေကိုယ့်မှာရှိပြီးသားပါ။ အဲဒါတွေကို တန်းဖိုးထားပါ။ အရေးကြီးဆုံးကတော့ အလုပ်ရှာဖွေလျှောက်ထားမှုတွေကို လုံးဝမရပ်လိုက်ပါနဲ့။ အလုပ်တစ်ခုတည်းကိုပဲလျှောက်ပြီး အဲဒီတစ်ခုတည်းမှာပဲမျှော်လင့်ချက်တွေစုပြုံထားတာဟာ အရမ်းကိုမိုက်မဲလွန်းတဲ့စွန့်စားမှုပါ။ အဲဒါကြောင့် ကိုယ်လျှောက်ထားတဲ့အလုပ်တွေထဲက သေချာတဲ့ကမ်းလှမ်းချက်တစ်ခုကိုမရမချင်း အလုပ်လျှောက်ထားမှုကိုမရပ်လိုက်ပါနဲ့။

မြန်မာနိုင်ငံရဲ့နံပါတ် ၁ အလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုက် JobNet.com.mm အနေနဲ့လည်း အလုပ်လျှောက်ထားသူတွေနဲ့ အလုပ်ခေါ်ယူနေတဲ့ကြားမှာ ထိရောက်မြန်ဆန်တဲ့ဆက်သွယ်မှုတွေဖြစ်လာအောင် နည်းပညာကိုအသုံးပြုပြီးပံ့ပိုးပေးနေပါတယ်။ မကြာသေးမီက JobNet.com.mm မှာ အလုပ်လျှောက်ထားသူတွေဟာ မိမိတို့ရဲ့အလုပ်လျှောက်ထားမှုအဆင့်တွေကို လျင်မြန်စွာသိရှိနိုင်ပြီဖြစ်ပါတယ်။ အလုပ်လျှောက်ထားသူအနေနဲ့ အလုပ်ကြော်ငြာစာတစ်ခုကိုလျှောက်ထားလိုက်တဲ့အခါမှာ မိမိရဲ့အလုပ်လျှောက်ထားလွှာကို အလုပ်ခေါ်ယူနေသူဘက်ကလက်ခံရရှိသလား၊ စစ်ဆေးကြည့်ရှုခဲ့ရဲ့လား၊ စဉ်းစားနေတဲ့အဆင့်လား၊ Shortlist ထဲကိုဝင်သွားပြီးလား၊ အလုပ်လက်ခံရရှိပြီလားအစရှိတာတွေကို မိမိရဲ့ My Application ရဲ့ App Status မှာကြည့်ရှုနိုင်ပြီဖြစ်ပါတယ်။

ဆက်လက်ဖတ်ရှုရန် >>> အလုပ်အင်တာဗျူးခေါ်ဆိုခြင်းခံရတဲ့အခါ ဘယ်လိုပြုမူတုံ့ပြန်သင့်သလဲ