20th August, 2019

အလုပ်အင်တာဗျူးခေါ်ဆိုခြင်းခံရတဲ့အခါ ဘယ်လိုပြုမူတုံ့ပြန်သင့်သလဲ

ကိုယ်လျှောက်ထားတဲ့အလုပ်တစ်ခုကနေ အလုပ်အင်တာဗျူးခေါ်တဲ့ဖုန်း ဒါမှမဟုတ် အီးမေးလ်လက်ခံရရှိပြီဆိုရင် ကိုယ်နဲ့တစ်ခါမှမတွေ့ဖူးသေးတဲ့အလုပ်ခေါ်ယူနေသူက ကိုယ့်ကိုအထင်ကြီးလေးစားသွားအောင် ဘယ်လိုတုံ့ပြန်အကြောင်းကြားမလဲ။ ဒါဆိုရင်တော့ ဝန်ထမ်းရှာဖွေခန့်အပ်တဲ့လုပ်ငန်းစဉ်ရဲ့ အစောပိုင်းအဆင့်တွေမှာ အဆင်ပြေလွယ်ကူချောမွေ့စေဖို့အတွက် သင့်တော်မှန်ကန်တဲ့ကျင့်ဝတ်တွေလိုအပ်လာပါပြီ။ ကိုယ်ပြောဆိုလိုက်တဲ့စကားတစ်ခွန်း ဒါမှမဟုတ် ရေးလိုက်တဲ့စာတစ်ကြောင်းဟာ ကိုယ့်ရဲ့အပြုအမူနဲ့ အလုပ်အပေါ်ထားရှိတဲ့ကိုယ့်ရဲ့စိတ်ဓာတ်ကို ရည်ညွှန်းနေမှာဖြစ်လို့ ဒါတွေဟာတော်တော်လေးကိုအရေးကြီးပါတယ်။ အဲဒါကြောင့် ကိုယ်လျှောက်ထားတဲ့အလုပ်ကနေ အင်တာဗျူးလာရောက်ဖြေဆိုပေးဖို့ဖိတ်ခေါ်ခံရတဲ့အခါမှာ ဘယ်လိုပြုမူတုံ့ပြန်သင့်သလဲဆိုတာကို ဖော်ပြလိုက်ပါတယ်။

ဂရုတစိုက်နဲ့အချိန်မဆွဲဘဲ ချက်ချင်းအကြောင်းပြန်ပါ

ကိုယ်လျှောက်ထားတဲ့အလုပ်က အင်တာဗျူးခေါ်တဲ့အခါ အဲဒီအလုပ်ကကိုယ်နဲ့လည်းကိုက်ညီတယ်၊ အင်တာဗျူးခေါ်တဲ့အချိန်ကလည်း ကိုယ့်အတွက်အဆင်ပြေတဲ့အချိန်ဖြစ်ပြီး သွားရောက်နိုင်တယ်ဆိုရင် အဲဒီအလုပ်အင်တာဗျူးကိုလက်ခံလိုက်ပါ။ နောက်ပြီး အဲဒီအင်တာဗျူးက ဘယ်နေရာမှာရှိတာလဲ၊ ကိုယ့်ရဲ့လက်ရှိအလုပ်ကနေခွင့်ယူပြီးသွားရမှာလား အစရှိတဲ့အကြောင်းအရာတွေကိုလည်း သေချာဂရုတစိုက်စဉ်းစားဖို့ လိုအပ်ပါတယ်။ အင်တာဗျူးခေါ်တဲ့အချိန်က ကိုယ်အားတဲ့အချိန် အဆင်ပြေတဲ့အချိန်ဆိုရင်တော့ ကိစ္စမရှိပါဘူး။ တကယ်လို့များအဆင်မပြေရင်တော့ ကိုယ်အဆင်ပြေမယ့်နေ့ရက်နဲ့အချိန်ကို ပြန်ပြီးညှိနှိုင်းသင့်ပါတယ်။ တကယ်လို့များ အကြောင်းအရင်းတစ်ခုခုကြောင့် အင်တာဗျူးကိုမလာနိုင်တော့ဘူးဆိုရင်လည်း အင်တာဗျူးခေါ်ယူတဲ့အလုပ်ရှင်ကို မလာနိုင်တဲ့အကြောင်းကို ခိုင်ခိုင်လုံလုံနဲ့ အချိန်မီအကြောင်းကြားပါ။ များသောအားဖြင့် အလုပ်ရှင်တွေအနေနဲ့ အင်တာဗျူးခေါ်တဲ့အကြောင်းကို အီးမေးလ်ပို့ပြီးတော့ဖြစ်စေ ဒါမှမဟုတ် ဖုန်းခေါ်ပြီးတော့ဖြစ်စေ တိုက်ရိုက်အကြောင်းကြားလေ့ရှိပါတယ်။ အရေးကြီးတာကတော့ အလုပ်ရှာနေတဲ့အချိန်မှာ ကိုယ့်ဆီဆက်သွယ်နိုင်တဲ့လမ်းကြောင်းတွေအားလုံးကို စစ်ဆေးပြီး မလွဲချော်သွားအောင်ပြုလုပ်ပါ။

အင်တာဗျူးချိန်းဆိုမှုကို လက်ခံရရှိကြောင်းအီးမေးလ်ပို့ပြီးအတည်ပြုပါ

တချို့အလုပ်တွေဟာ အင်တာဗျူးခေါ်ယူတဲ့အခါမှာ အီးမေးလ်ကနေတဆင့်အကြောင်းကြားလေ့ရှိပါတယ်။ အဲဒီအခါကျရင် ကိုယ့်ဘက်နေ အင်တာဗျူးခေါ်ယူတဲ့အတွက်ကျေးဇူးတင်ကြောင်း၊ အီးမေးလ်လက်ခံရရှိကြောင်းနဲ့ ချိန်းဆိုတဲ့အချိန်မှာ အဆင်ပြေကြောင်း အတည်ပြုပြန်လည်ပေးပို့ပေးပါ။ ဒီလိုမျိုး ကိုယ်နဲ့တွေ့ဆုံပြီးအင်တာဗျူးပြုလုပ်ချင်တယ်ဆိုတဲ့ သူတို့ရဲ့ဖိတ်ကြားချက်ကို ကိုယ့်ဘက်ကနေတလေးတစားပြန်အကြောင်းပြန်ပေးခြင်းဟာ ကိုယ့်အပေါ်ကောင်းမွန်တဲ့အမြင်တွေကို ရရှိစေပါတယ်။ တကယ်လို့ အလုပ်ခေါ်ယူနေသူတွေဘက်က အင်တာဗျူးပြုလုပ်မယ့်နေ့ရက်နဲ့အချိန်ကို တစ်ခုထက်ပိုပြီးပို့ထားတယ်ဆိုရင် အဆင်အပြေဆုံးဖြစ်မယ့်အချိန်ကိုရွေးချယ်ပြီး အကြောင်းပြန်ပေးပါ။ ဘယ်တစ်ခုကမှအဆင်မပြေဘူးဆိုရင်တော့ ကိုယ်အဆင်ပြေမယ့်အချိန်ကိုပြန်လည် ညှိနှိုင်းပြီးအချိန်းဆိုမှုပြန်လုပ်ပါ။

နောက်ပြီးအင်တာဗျူးမေးမြန်းမယ့်သူရဲ့အမည်၊ ရာထူး၊ လာရောက်ဖြေဆိုရမယ့်နေရာ အစရှိတာတွေက အီးမေးလ်ထဲမှာမဖော်ပြပေမဲ့ ကိုယ့်အနေနဲ့သိရှိချင်တယ်ဆိုရင်လည်း မေးမြန်းသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါတွေဟာ ကိုယ့်ရဲ့အလုပ်အင်တာဗျူးနေ့အတွက် ကြိုတင်ပြင်ဆင်မှုမှာ အထောက်အကူပြုစေပါတယ်။

ဖုန်းနဲ့အကြောင်းပြန်ပါ

တကယ်လို့များ ကိုယ့်ကိုဖုန်းနဲ့ဆက်သွယ်ပြီး အကြောင်းကြားရင်ပဲဖြစ်ဖြစ် ဒါမှမဟုတ် အီးမေးလ်ထဲမှာဆက်သွယ်ရမယ့်ဖုန်းနံပါတ်တွေပါခဲ့တယ်ဆိုရင် အင်တာဗျူးခေါ်တဲ့အတွက်ကျေးဇူးတင်ကြောင်းနဲ့ လာရောက်တွေ့ဆုံမယ့်နေ့ရက်၊ အချိန်တွေကို ဖုန်းသေချာဆက်သွယ်ပြီးချိန်းဆိုမှုပြုလုပ်ပါ။ နောက်ထပ် ကိုယ်မေးချင်တာတွေနဲ့ပတ်သက်ပြီး မှတ်စုလေးတွေချမှတ်ထားပါ။ ပြီးရင် ကိုယ့်စိတ်ထဲမှာပြောချင်တဲ့အရာတွေကိုလည်း သေချာစီစဉ်ပြီးချရေးထားပါ။ ဒါဆိုရင် စကားပြောဆိုရတဲ့အခါမှာ အစီအစဉ်လိုက်စနစ်တကျပြောဆိုမိပါလိမ့်မယ်။ တကယ်လို့ကိုယ့်အနေနဲ့ သူတို့ချိန်းဆိုတဲ့အချိန်က ကိုယ့်အတွက်အဆင်ပြေလားမပြေဘူးလားဆိုတာကို မသေချာရင်တော့ မကြာခင်မှာဖုန်းပြန်ခေါ်ဆိုပြီးအကြောင်းကြားမယ်လို့အသိပေးပါ။ နောက်ဆုံးပြောချင်တာကတော့ စကားပြောဆိုတဲ့အခါမှာ ကိုယ့်ရဲ့အသံနေအသံထားဟာ ယဉ်ကျေးပြုငှာမှုရှိပြီး ပညာရှင်တစ်ယောက်ပီသစွာပြောဆိုပါ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချက်ဟာ အလုပ်ခေါ်ယူနေသူရှာဖွေနေတဲ့အချက်ဖြစ်လို့ပါပဲ။

အင်တာဗျူးအချိန်ပြောင်းဖို့ ညှိနှိုင်းတဲ့အခါ

တကယ်လို့များ အင်တာဗျူးခေါ်ယူတဲ့နေ့ရက်နဲ့အချိန်က ကိုယ့်အတွက်အဆင်မပြေဘူးဆိုရင် ကိုယ်ရော အလုပ်ခေါ်ယူနေတဲ့သူရောအဆင်ပြေမယ့်အချိန်ကို အတတ်နိုင်ဆုံးညှိနှိုင်းပြီးထပ်မံချိန်းဆိုပါ။ သေချာပေါက်အလုပ်ခေါ်ယူနေတဲ့သူကိုပြောပြရမှာက ဒီလိုအင်တာဗျူးခေါ်ယူတဲ့အတွက် အရမ်းကျေးဇူးတင်ကြောင်း၊ ကိုယ့်အနေနဲ့လည်း အဲဒီနေ့ကိုရောက်အောင်လာပြီးတွေ့ဆုံချင်တဲ့အကြောင်း၊ ဒါပေမဲ့ အဲဒီနေ့အတွက်ကိုယ့်ရဲ့အချိန်က အရမ်းကိုအဆင်မပြေကြောင်း ခိုင်ခိုင်လုံလုံဖြစ်အောင်ပြောပြပေးပါ။ အဲဒါကြောင့် အင်တာဗျူးခေါ်ဆိုတဲ့ရက် ဒါမှမဟုတ် အချိန်ကို ပြောင်းဖို့အဆင်ပြေနိုင်သလားဆိုတာကိုမေးပါ။ ပြီးရင် ကိုယ်ရွေ့စေချင်တဲ့အချိန်ကို အကြံပြုပြောပေးပါ။ ဒါဆိုရင်တော့ အလုပ်ခေါ်ယူနေသူက ရွေ့လိုက်တဲ့အချိန်၊ ဆက်သွယ်ရမယ့်ဖုန်းနံပါတ်၊ ဖြေဆိုရမယ့်နေရာနဲ့ အင်တာဗျူးမေးမြန်းမယ့်သူအကြောင်းတွေကို ကိုယ်သိအောင် ပြန်လည်ဆက်သွယ်ပေးပါလိမ့်မယ်။

ဒီလိုမျိုး အကြောင်းမတိုက်ဆိုင်လို့ အဆင်မပြေဖြစ်တာတွေကို ကိုယ့်ဘက်ကနေကောင်းကောင်းမွန်မွန်ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းဟာ ကိုယ့်ရဲ့အလုပ်တစ်ခုကိုဘယ်လိုမျိုးအကောင်းဆုံးအဆင်ပြေအောင် ပြုလုပ်နိုင်သလဲဆိုတဲ့အရည်အသွေးတွေကို ထင်ဟပ်နေစေပါတယ်။ ဒါဟာ အလုပ်ခေါ်ယူနေတဲ့ကုမ္ပဏီအနေနဲ့လည်း ကိုယ်လျှောက်ထားတဲ့အလုပ်နေရာနဲ့ပတ်သက်ပြီး ကိုယ့်အပေါ်ကိုကောင်းမွန်တဲ့အမြင်တွေကို ရရှိစေပါတယ်။

ဒါဆိုရင်တော့ အင်တာဗျူးခေါ်ယူတဲ့အကြောင်းကြားစာကို လက်ခံရရှိပြီဆိုရင် ကိုယ့်အနေနဲ့ဘယ်လိုမျိုး ပညာရှင်ဆန်ဆန်ပြန်လည်အကြောင်းကြားရမလဲဆိုတာကို သိရှိပြီးသွားပြီဆိုရင်တော့ နောက်တစ်ဆင့်အနေနဲ့ အင်တာဗျူးအတွက် ဘယ်လိုမျိုးပြင်ဆင်ရမလဲဆိုတာပါပဲ။ နောက်ပြီး အင်တာဗျူးခေါ်ယူသူတွေ မေးတတ်တဲ့မေးခွန်းတွေက ဘာတွေလဲ။ မျှော်မှန်းလစာနဲ့ပတ်သက်ပြီးမေးခဲ့ရင် ဘယ်လိုညှိနှိုင်းမလဲဘယ်လိုဝတ်စားဆင်ယင်မှုနဲ့ ကိုယ်နေဟန်ထားတွေကို အထူးသတိပြုရမလဲ အစရှိတဲ့အကြောင်းအရာတွေကို လေ့လာချင်တယ်ဆိုရင် ဒီနေရာမှာ လေ့လာနိုင်ပါတယ်။ ဒါဆို ကိုယ့်ရဲ့နောက်ထပ်ကောင်းမွန်းတဲ့အလုပ်အကိုင်ပြောင်းရွေ့မှုအတွက် အလုပ်အင်တာဗျူးခေါ်ယူခြင်းခံရချင်တယ်ဆိုရင်တော့ အခုပဲ JobNet.com.mm ကိုဝင်ရောက်ပြီး မြန်မာ့ထိပ်တန်းကုမ္ပဏီတွေက အစစ်အမှန်ခေါ်ယူနေတဲ့အလုပ်တွေထဲကနေ ကိုယ်နဲ့ကိုက်ညီတဲ့အလုပ်ကို ရွေးချယ်လျှောက်ထားလိုက်ပါတယ်။