12th June, 2020

အလုပ်မရှိသေးတဲ့အချိန်မှာ ကိုယ့်ရဲ့စိတ်ကျန်းမာရေးကို ဂရုစိုက်သင့်တဲ့အချက် ၅ ချက်

ကိုယ့်ကိုကိုယ် အကူအညီမဲ့နေတယ်လို့ ခံစားနေရတာလား ဒါမှမဟုတ် ကိုယ်ရဲ့လုပ်ဆောင်နိင်စွမ်းကို အားမလိုအားမရ ဖြစ်နေလား။ လက်ရှိကမ္ဘာတစ်ဝှမ်းမှာဖြစ်ပျက်နေတဲ့ ကျန်းမာရေးနဲ့စီးပွားရေးအခက်အခဲတွေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မူတွေဖြစ်နေပါသလား။ စိတ်ဓာတ်မကျပါနဲ့။  ဒီလိုအခြေအနေမျိုးကိုကြံကြံခံရင်ဆိုင်နိုင်ဖို့ မိမိရဲ့စိတ်ကျန်းမာရေးအတွက် သိကောင်းစရာအချက် ၅ ချက်ကိုဖော်ပြပေးလိုက်ပါတယ်။

၁။ ကိုယ့်ရဲ့ခံစားချက်တွေကိုလက်ခံပါ ဒါပေမဲ့ကိုယ်တစ်ယောက်တည်း ကြုံတွေ့ရတာမဟုတ်ဘူးဆိုတာကိုသိထားပါ

Covid-19 အခြေအနေရဲ့မသေချာမရေရာမှုတွေက ကိုယ့်အလုပ်အကိုင်နဲ့နေထိုင်မှုဘဝကို အနှောက်အယှတ်ပေးရုံသာမက စိတ်ဖိစီးမူနဲ့အထီးကျန်မှုတို့ကိုလည်း ဖြစ်ပေါ်စေပါတယ်။ အဲဒီလို စိတ်ကစဉ်ကလျားဖြစ်မှုတွေနဲ့ခံစားချက်တွေဟာ ခန္ဓာကိုယ်ကနေသဘာဝအလျောက်ဖြစ်ပေါ်လာတဲ့ ကာကွယ်မှုစနစ်တစ်ခုရဲ့အစိတ်အပိုင်းတွေဖြစ်ပြီး အဲဒါတွေကိုလျစ်လျူမရှုထားသင့်ပါဘူး။ တစ်စုံတစ်ခုကိုမေ့ပစ်ဖို့အရမ်းကြီးကြိုးစားဖူးပါသလား။ ဒါပေမဲ့ အဲဒီအချိန်မှာ ဘယ်လိုကြိုးစားကြိုးစား အဲဒီအရာဟာကိုယ့်ရဲ့ခေါင်းထဲမှာအမြဲရှိနေတယ်လို့ ခံစားဖူးကြပါလိမ့်မယ်။

စိတ်ကစဉ်ကလျားဖြစ်မှုတွေနဲ့ခံစားချက်တွေကလည်း အဲဒီလိုပါပဲ။ သူတို့ရဲ့တည်ရှိမှုတွေကို လွယ်လွယ်ကူကူနဲ့မေ့ပစ်လိုက်လို့ မရပါဘူး။ အဲဒီခံစားချက်တွေကို လျစ်လျူရှုမယ့်အစား ဘာကြောင့်အဲဒီခံစားချက်တွေ ဖြစ်ပေါ်လာသလဲတဲ့အရင်းအမြစ်ကို အချိန်ယူစဉ်းစားပြီး ကိုယ့်ရဲ့ကြောက်ရွံ့မှုကိုသိရှိအောင်လုပ်ပါ။ သူငယ်ချင်းဒါမှမဟုတ် ချစ်ရတဲ့သူတွေဆီကို ဖုန်းဆက်ပြီးကိုယ်ခံစားရတာတွေကို ပြောကြည့်လိုက်ပါ။ အရေးကြီဆုံးအချက်ကတော့ အဲဒီလိုခံစားနေရတာဟာ ကိုယ်တစ်ယောက်လည်းမဟုတ်ပါဘူး။ အားလုံးအဲဒီလိုပဲကြုံတွေ့နေရတာဖြစ်ပါတယ်။

၂။ နေ့စဉ်အလုပ်လျှောက်ပါ ဒါပေမဲ့ အလုပ်လျှောက်ဖို့အချိန်အများကြီးမယူပါနဲ့

အလုပ်တစ်ခုကနေရပ်ဆိုင်းခံလိုက်ရတဲ့အတွက်ကြောင့် အလုပ်အသစ်တစ်ခုရှာနေပါသလား။ ဒါမှမဟုတ် လက်ရှိအလုပ်အပြင် အပိုဝင်ငွေရအောင်အလုပ်အသစ်တစ်ခုရှာဖွေနေပါသလား။ အဲဒါဆိုရင် အခုအချိန်ဟာအလုပ်လျောက်ဖို့ အကောင်းဆုံးအချိန်ပဲဖြစ်ပါတယ်။ ဘယ်အချိန်မှာ စီးပွားရေးလုပ်ငန်းတွေကပြန်လည်ဦးမော့လာပြီး အလုပ်အကိုင်ခေါ်ယူမှုတွေက ပြန်လည်လိုအပ်လာမယ်ဆိုတာကို ဘယ်သူမှမခန့်မှန်းနိုင်ပါဘူး။ အဲဒါကြောင့် အလုပ်အမြဲလျှောက်ပါ။ ဒါပေမဲ့လည်း အဲဒါကြောင့်စိတ်ဖိစီးမူမဖြစ်ပါစေနဲ့။ ဘ၀မှာပျော်ရွှင်ဖို့ ဘယ်တော့မှမမေ့ပါနဲ့။

ဆက်လက်ဖတ်ရှုရန် >>> အလုပ်ရှာဖွေနေစဉ် စိတ်ဖိစီးမှုကင်းဝေးစေရန်

၃။ အွန်လိုင်းအသုံးပြုတဲ့အချိန်ကိုကန့်သက်ပါ

နိုင်ငံအလိုက်နေ့စဉ် Covid-19 ဖြစ်ပွားမူနူန်းနဲ့ ကူးစက်ပြန့်ပွားမှုနောက်ဆုံးရသတင်းတွေဟာ ထိတ်လန့်စရာကောင်းတဲ့အခြေအနေတွေကိုဖြစ်ပေါ်စေပြီး လူတွေရဲ့စိတ်ကိုအေးဆေးတည်ငြိမ်အောင် မလုပ်ပေးနိုင်ပါဘူး။ စိုးရိမ်ထိတ်လန့်မှုတွေဆိုတာ အဲဒီလိုအခြေအနေတွေမှာပုံမှန်လို့ဆိုပေမဲ့လည်း ပုံမှန်ထက်လွန်ကဲပြီးမလိုလားအပ်တဲ့ ထိတ်လန့်မှုတွေကနေသက်ရောက်မှုတွေကိုကာကွယ်ဖို့ဆိုရင်တော့ တစ်နေ့ကိုအချိန်ဘယ်လောက်ပဲသုံးပြီး နောက်ဆုံးရသတင်းတွေကိုကြည့်မယ်ဆိုတဲ့ အချိန်အကန့်အသက်နဲ့သတ်မှတ်ထားပါ။ မဟုတ်မမှန်ရေးသားထားပြီး ယုံကြည်ရတဲ့သတင်းတွေကို သတိထားပြီးရှောင်ရှားပါ။ သတင်းတစ်ခုဖတ်လိုက်တဲ့အခါမှာလည်း အကျိုးအကြောင်းသေချာစဉ်းစားပြီး ဝေဖန်ပိုင်းခြားပြီးမှာယုံကြည်ပါ။

၎။ မိတ်ဆွေတွေနဲ့အွန်လိုင်းကနေမပြတ်ဆက်သွယ်ပါ

လူတွေအားလုံးဟာ အသိုင်းအဝိုင်းပတ်ဝန်းကျင်နဲ့နေထိုင်ကြတဲ့သက်ရှိတွေပါ။ ပြီးတော့ အပြန်အလှန်ဆက်သွယ်မှုနဲ့ ရင်းနှီးမှုကို မက်မောတောင့်တကြတယ်။ အဲဒါကြောင့် သူငယ်ချင်းတွေနဲ့ကိုယ်ချစ်ရတဲ့သူတွေကို အွန်လိုင်းကနေအဆက်အသွယ်မပြတ် ထိတွေ့နေပါစေ။ အထီးကျန်ခြင်းဟာ တစ်ခါတလေမှာ သတိမပြုမိဘဲစိတ်ဓာတ်ကျခြင်းကိုဖြစ်စေတယ်။ အဲဒါကြောင့် ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့သူတွေနဲ့ ဆက်သွယ်ပြောဆိုပြီး ပေါင်းသင်းဆက်ဆံရေးနယ်ပယ်ကိုကောင်းမွန်အောင် ရည်ရွယ်ချက်ရှိရှိလုပ်သင့်ပါတယ်။ မိတ်ဆွေအပေါင်းအသင်းတွေအားလုံးအမြဲမပျက်တွေ့ဆုံနိုင်ဖို့ အွန်လိုင်းကနေ Video Call မကြာခဏခေါ်ယူတာမျိုး ဖုန်းနဲ့အဆက်အသွယ်လုပ်တာမျိုးအစရှိတဲ့အရာတွေကို ပြုလုပ်ကြည့်ပါ။

၅။ အိမ်တွင်းလေ့ကျင်ခန်းလုပ်ပါ

အိမ်မှာနေခြင်းက ထိုင်းမှိုင်းခြင်းနဲ့ ဂနာမငြိမ်ဖြစ်ခြင်း အစရှိတာမျိုးတွေဖြစ်စေပါသလား။ ဒါဆိုရင်တော့ ကိုယ်လက်လှုပ်ရှားမှုအိမ်တွင်းလေ့ကျင့်ခန်းတွေကို လုပ်သင့်တဲ့အချိန်ပဲဖြစ်ပါတယ်။ လေ့ကျင့်ခန်းဟာ ဦးနှောက်နဲ့ အခြားအရေးကြီးတဲ့ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ကျန်းမာစေပါတယ်။ အဓိကအချက်ကတော့ စိတ်ကျန်းမာရေးကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။ ဒါပေမဲ့ ဘယ်ကနေစပြီးလုပ်ရမလဲဖြစ်နေပါသလား။ အေရိုးဗစ်နဲ့ နှလုံးခုန်နှုန်းမြန်ဆန်ပြီး အမောခံနိုင်တဲ့လေ့ကျင့်ခန်းတွေကနေစပြီး ယောဂလေ့ကျင့်ခန်းအထိ များစွာသောကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းတွေကို အင်တာနက်ပေါ်မှာရှာဖွေတွေ့ရှိနိုင်ပါတယ်။ တချို့လေ့ကျင့်ခန်းတွေက အားကစားခန်းမတွေနဲ့ ကိရိယာတွေအများကြီး မလိုအပ်ပါဘူး။ ကိုယ့်ရဲ့သူငယ်ချင်းတွေကိုလည်း ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်ဖို့အဖော်စပ်ပြီး Video Call ခေါ်ဆိုပြီး အဖွဲ့လိုက်လေ့ကျင့်ခန်းပြုလုပ်ကြည့်ကြပါ။

ဆက်လက်ဖတ်ရှုရန် >>> အိမ်မှာနေရင်း စိတ်ရောကိုယ်ပါကျန်းမာစေရန်

အခုကာလအတွင်းမှာ ကိုယ့်ရဲ့စိတ်ကျန်းမာရေးကိုဂရုစိုက်ဖို့က အရင်ကထက်ပိုပြီးအရေးကြီးပါတယ်။ အဲဒါကြောင့် ကိုယ့်စိတ်ထဲမှာနေထိုင်မကောင်းဖြစ်ခဲ့ရင် အကူအညီတောင်းဖို့နဲ့ အဲဒါကိုသိအောင်လုပ်ဖို့ ကြောက်ရွံ့မနေပါနဲ့။ ရုပ်ပိုင်းဆိုင်ရာအရ အထီးကျန်နေမှုကိုကြုံတွေ့နေရတယ်ဆိုရင်လည်း မိမိရဲ့လူမှုအသိုင်းအဝိုင်းနဲ့ထိတွေ့ဆက်ဆံမှုတွေကို မတားဆီးထားပါနဲ့။ သူငယ်ချင်းတွေ၊ ချစ်ရတဲ့သူတွေနဲ့ အခမဲ့အကြံပေးဆွေးနွေးမှုတွေနဲ့ အမြဲမပြတ်ထိတွေ့ဆက်သွယ်နေပါ။

ဆက်လက်ဖတ်ရှုရန် >>> Quarantine နေထိုင်စဉ်အတွင်းမှာ အကျိုးရှိသောအရာများကိုလုပ်ဆောင်ခဲ့သည့် သမိုင်းထဲမှလူငါးဦး