26th February, 2020

JobNATION Mandalay 2020 တွင် အလုပ်အကိုင်ရှာဖွေသူပေါင်း ၃၀၀၀ ကျော်တက်ရောက်ခဲ့

ဒစ်ဂျစ်တယ်နည်းပညာကိုပထမဦးဆုံးနဲ့ အပြည့်အဝအသုံးပြုထားတဲ့ မန္တလေးမြို့ရဲ့နံပါတ် ၁ JobNATION အလုပ်အကိုင်ပြပွဲကြီးကို ၂၀၂၀ ခုနှစ်ဖေဖော်ဝါရီလ ၂၃ ရက်နေ့ Hotel Marvel Mandalay မှာ အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါတယ်။ JobNet.com.mm ကကျင်းပပြုလုပ်ခဲ့တဲ့ထိုအလုပ်အကိုင်ပြပွဲကို လုပ်ငန်းနယ်ပယ်အသီးသီးကအလုပ်အကိုင်တွေကိုရှာဖွေရန်နဲ့ နိုင်ငံတကာနဲ့ပြည်တွင်းကုမ္ပဏီတွေမှာ ခိုင်မာတဲ့အလုပ်အကိုင်လမ်းကြောင်းတစ်ခုပေါ်ကိုရောက်ရှိနိုင်မယ့် အခွင့်အလမ်းတွေကိုရှာဖွေရန် လုပ်ငန်းပိုင်းဆိုင်ရာအတွေ့အကြုံရှိကျွမ်းကျင်သူပေါင်း ၃၀၀၀ ကျော်တတ်ရောက်ခဲ့ကြပါတယ်။

ဒီတစ်ခေါက်မှာတော့ JobNATION အလုပ်အကိုင်ပြပွဲဟာ ပြီးခဲ့တဲ့လေးနှစ်က ကျင်းပခဲ့တဲ့အလုပ်အကိုင်ပြပွဲတွေနဲ့မတူဘဲ Digital CV ID လို့ခေါ်တဲ့နည်းပညာနဲ့အတူ မန္တလေးမြို့ကိုတမူထူးခြားစွာ ပြန်လာခဲ့ပါတယ်။ အဲဒီနည်းပညာဟာ QR code တစ်ခုကိုအခြေခံထားတဲ့နည်းပညာဖြစ်ပါတယ်။ ကုမ္ပဏီတစ်ခုချင်းစီ၊ ခေါ်ယူနေတဲ့လစ်လပ်ရာထူးတစ်ခုချင်းစီနဲ့ အလုပ်လျှောက်ထားသူတစ်ယောက်ချင်းစီမှာ သူတို့ရဲ့ကိုယ်ပိုင် ID QR code တွေရှိပြီး အဲဒီ QR code တွေကိုအချင်းချင်း Scan ဖတ်ကာ အလုပ်လျှောက်ထားမှုနဲ့ ခေါ်ယူမှုတွေပြုလုပ်ရတာပဲဖြစ်ပါတယ်။ အလုပ်လျှောက်ထားသူတွေအနေနဲ့လည်း မိမိတို့ရဲ့ Digital CV ID ကို ကုမ္ပဏီတွေဆီပြသနိုင်ပြီး ကုမ္ပဏီတွေဘက်ကလည်းအဲဒီ ID QR code ကို Scan ဖတ်ပြီး အလုပ်လျှောက်ထားသူရဲ့လုပ်ငန်းပိုင်းဆိုင်ရာ အချက်အလက်တွေကို သိမ်းဆည်းထားနိုင်ပါတယ်။ နောက်ပြီး အလုပ်လျှောက်ထားသူဘက်က သူတို့ရဲ့ကိုယ်ရေးအချက်အလက်တွေကို အချိန်မရွေးထပ်မံဖြည့်စွက်တိုင်း အလုပ်ရှင်ဘက်ကသိမ်းဆည်းထားတဲ့အချက်အလက်တွေမှာ update ဖြစ်သွားမှာဖြစ်ပါတယ်။ ကုမ္ပဏီတွေအနေနဲ့လည်း သူတို့ရဲ့ကိုယ်ပိုင် Digital ID QR Code တွေရှိပြီး အလုပ်ရှာဖွေနေသူတွေက အဲဒီ QR Code တွေကို Scan ဖတ်ပြီး အဲဒီကုမ္ပဏီကခေါ်ယူနေတဲ့အလုပ်အကိုင်တွေနဲ့ ကုမ္ပဏီအကြောင်းတွေကိုလေ့လာကြည့်ရှုလို့ရပါတယ်။ အဓိကအချက်ကတော့ တစ်ကြိမ် Scan ဖတ်ပြီး အီလတ်ထရောနစ်အချက်အလက်တွေကိုဖလှယ်လိုက်ခြင်းဟာ အမြဲတမ်းအချက်အလက်တွေကို လဲလှယ်နိုင်ပါတယ်။

ပွဲကိုတတ်ရောက်ပြီးအလုပ်ရှာဖွေသူတွေထဲက IT နည်းပညာနယ်ပယ်မှာအလုပ်လုပ်ကိုင်နေသူတစ်ဦး အဲဒီပွဲနဲ့ပတ်သက်ပြီး “ဒီနေ့မှာ Digital ID နည်းပညာကိုအသုံးပြုပြီးအလုပ်လျှောက်ရတာဟာ တော်တော်ကိုအဆင်ပြေလွယ်ကူပါတယ်။ အရင်တုန်းက အလုပ်လျှောက်ဖို့အတွက်ဆိုရင် Document တွေ အများကြီးလိုအပ်တယ်။ အခုကျတော့အဲဒါတွေမလိုအပ်တော့ဘူး။ ကျွန်တော်က IT သမားဆိုတော့ ဒီလိုဒစ်ဂျစ်တယ်နည်းပညာသုံးထားတဲ့အလုပ်အကိုင်ပြပွဲတွေကို ကြိုက်တယ်” လို့ သူ့ရဲ့အမြင်ကိုဝေမျှပေးသွားပါတယ်။

အဲဒီပြပွဲမှာ Ooredoo Myanmar, Colgate-Palmolive [Myanmar] Ltd, Wall Street English, MYCL, Global Technology Group, Hayman Microfinance, Foodpanda အစရှိတဲ့နာမည်ကြီးကုမ္ပဏီတွေအပါအဝင် ပြည်တွင်းနဲ့ နိုင်ငံတကာကုမ္ပဏီပေါင်း ၂၀ ကျော်က ITနဲ့ အင်ဂျင်နီယာ၊ အရောင်းနဲ့ ဈေးကွက်ရှာဖွေရေး၊ ဘဏ္ဍာရေးစီမံခန့်ခွဲမှုနဲ့ စာရင်းကိုင်၊ HR နဲ့ရုံးပိုင်းဆိုင်ရာစီမံခန့်ခွဲမှုအလုပ်တွေအပြင် နယ်ပယ်အစုံကအလုပ်အကိုင်ရာပေါင်းများစွာကို ခေါ်ယူသွားခဲ့ပါတယ်။ ထူးထူးခြားခြားအနေနဲ့ကတော့ Ooredoo Myanmar ကနေ သူတို့ရဲ့အထက်မြန်မာပြည်ရုံးမန္တလေးရုံးခွဲအလုပ်သင်အစီအစဉ် (Internship Program) အတွက် သင့်တော်ကိုက်ညီတဲ့သူတွေကို တစ်ခါတည်းချက်ချင်းအင်တာဗျူးပြုလုပ်ပြီးရှာဖွေခဲ့ကြပါတယ်။ ဒီပွဲကြီးမှာ အလုပ်အကိုင်ခေါ်ယူလျှောက်ထားမှုတွေအပြင် ပွဲတတ်ရောက်ခဲ့ကြသူတွေအတွက် စိတ်လှုပ်ရှားစရာကံစမ်းမဲအစီအစဉ်တွေလည်း ပါဝင်ခဲ့ပါတယ်။ ထို့အပြင် မန္တလေးတိုင်းဒေသကြီးအလုပ်သမားညွှန်ကြားရေးဦးစီးဌာနက JobNet.com.mm နှင့်အတူပူးပေါင်းပြီး အလုပ်လျှောက်ထားရာမှာလိုအပ်တဲ့အလုပ်သမားကဒ်တွေကို ပွဲတတ်ရောက်ပြီးအလုပ်ရှာဖွေသူတွေအတွက် One Stop Service ၀န်ဆောင်မှုပေးသွားခဲ့ပါတယ်။

JobNATION Mandalay 2020 အလုပ်အကိုင်ပြပွဲကြီးမှာပါဝင်ပြီးအလုပ်အကိုင်တွေခေါ်ယူခဲ့ကြတဲ့ ထိပ်တန်းကုမ္ပဏီတွေ၊ မန္တလေးတိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနဲ့ အထူးသဖြင့် ပွဲတတ်ရောက်လာကြပြီးအလုပ်ရှာဖွေခဲ့ကြသူအားလုံးကို JobNet Myanmar မှအထူးပင်ကျေးဇူးတင်ရှိပါတယ်။ မြန်မာနိုင်ငံရဲ့စီးပွားရေးအခြေအနေတိုးတက်မှုမှာ အရေးပါတဲ့အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါ်ပေါက်လာနိုင်စေဖို့ အားလုံးပူးပေါင်းပါဝင်ပြီး အောင်မြင်ထူးခြားစွာကျင်းပပြီးစီးခဲ့တဲ့ JobNATION အလုပ်အကိုင်ပြပွဲကြီးရဲ့ ပွဲတွင်းလှုပ်ရှားမှုပုံရိပ်တွေကို အထက်မှာပေးထားတဲ့ဗီဒီယိုမှာကြည့်ရှုလိုက်ပါ။ ထို့အပြင် JobNet Myanmar မှ ဧပြီလနှင့်စက်တင်ဘာလတို့တွင် ရန်ကုန်မြို့မှာကျင်းပမယ့် JobNATION အလုပ်အကိုင်ပြပွဲကြီးနှင့် ဇွန်လတွင် စင်္ကာပူနိုင်ငံမှာကျင်းပမယ့် Myanmar Job Expo in Singapore အလုပ်အကိုင်ပြပွဲကြီးတွေမှာ ထပ်မံဆုံတွေ့ကြရအောင်နော်…