14th May, 2020

အရင်အလုပ်ကနေ ရပ်ဆိုင်းခြင်းခံရတဲ့အကြောင်းအင်တာဗျူးမှာမေးလာခဲ့ရင်

လက်ရှိမှာဖြစ်ပွားနေတဲ့ကျန်းမာရေးပြဿနာတွေကြောင့် ဖြစ်ပေါ်လာတဲ့နောက်ဆက်တွဲအခြေအနေတွေက လူတွေကိုသင်ကြားပေးလိုက်တဲ့အရာတစ်ခုရှိပါတယ်။ အဲဒါကတော့ ဘယ်သူမှအနာဂတ်ကိုကြိုတင်မမြင်နိုင်ပါဘူး ဆိုတာပါပဲ။ အခုအချိန်အထိ ကိုယ့်ရဲ့အလုပ်အကိုင်လမ်းကြောင်းကအဆင်ပြေနေတယ်လို့ထင်ရပေမဲ့ တစ်ချိန်ချိန်မှာတော့ ကိုယ်မလိုချင်တဲ့အရာတွေဖြစ်လာနိုင်ပါတယ်။ ကြိုတင်ပြင်ဆင်မှုနဲ့ဇွဲရှိမှုဟာ အလုပ်အကိုင်လမ်းကြောင်းတစ်ခုအောင်မြင်ဖို့ အလိုအပ်ဆုံးအရာတွေပါ။ အကယ်၍ မိမိရဲ့လက်ရှိအလုပ်ကနေရပ်နားခံလိုက်ရမယ်ဆိုရင် အဲဒီအတွက်ဘာတွေပြင်ဆင်ထားသင့်သလဲ။ အလုပ်အကိုင်လမ်းကြောင်းတစ်ခုမှာ အများစုကတော့ အဲဒီလိုမျိုးကြုံတွေ့နိုင်ပါတယ်။ အခုလိုမျိုးစီးပွားရေးအခင်းအကျင်းမှာ မရေရာမသေချာမှုတွေပိုများလေလေ ကိုယ့်ရဲ့အလုပ်ကနေရပ်နားခံရနိုင်ခြေတွေအတွက် ပြင်ဆင်ထားဖို့ကပိုပြီးအရေးကြီးလေပါပဲ။

အနာဂတ်အတွက် ကိုယ်တိုင်ကြိုတင်ပြင်ဆင်ထားပါ

ကိုယ့်အနေနဲ့ ဘယ်အချိန်မှာအလုပ်အထုတ်ခံရမလဲဒါမှမဟုတ် အလုပ်ကနေရပ်ဆိုင်းခံရမလဲဆိုတာကို မခန့်မှန်းနိုင်ခဲ့ရင်တောင်မှ ရုတ်တရက်အဲဒီလိုအခြေအနေနဲ့ကြုံလာခဲ့ရင် ဘာတွေပြင်ဆင်ထားရမလဲဆိုတာကို ကြိုတင်စဉ်းစားထားပါ။ အရင်ကကိုယ်လုပ်ခဲ့တဲ့ပရောဂျက်တွေမှာ ရလဒ်ကောင်းထွက်လာတာကို သက်သေပြနေတဲ့မှတ်တမ်းမှတ်ရာတွေ၊ မိမိရဲ့စွမ်းဆောင်ရည်ကိုပြန်လည်သုံးသပ်ထားတဲ့ Performance reviews တွေကို နောက်အလုပ်အသစ်ရှာဖွေအတွက် စနစ်တကျသိမ်းဆည်းထားပါ။ ပြီးတော့ CV နဲ့လုပ်ဆောင်ထားတဲ့အလုပ် Portfolio တွေကို စနစ်တကျစုစည်းထားပြီး အသစ်ပြန်လည်ဖြည့်စွက်ထားပါ။

အလုပ်တာဝန်ရပ်ဆိုင်းပြီးထွက်ခိုင်းတဲ့အခါမှာလည်း ဘာကြောင့်လဲဆိုတဲ့အကြောင်းအရင်းကို သေချာမေးပါ။ အလုပ်ထုတ်ခံရတာ (Fired)နဲ့ အလုပ်ကနေရပ်နားခံရတာ (Laid off) ဆိုတဲ့အခြေအနေ ၂ ခုဟာမသိမသာလေးကွဲပြားပါတယ်။ အကြမ်းအားဖြင့် အလုပ်ထုတ်ခံရတယ်ဆိုတာဟာ အလုပ်နဲ့ပတ်သက်ပြီးဝန်ထမ်းရဲ့စွမ်းဆောင်ရည်လိုအပ်ချက်ကြောင့် ဒါမှမဟုတ် လုပ်ငန်းခွင်အလေ့အထ(သို့)အလုပ်ပုံစံနဲ့အံဝင်ခွင်ကျမှုမရှိမှုတွေကြောင့်ဖြစ်ပြီး အဲဒီဖြစ်ရပ်အတွက်ကတော့ အလုပ်ကနေထောက်ခံချက်ကောင်းတစ်ခုရဖို့ ခက်ခဲနိုင်ပါတယ်။ အလုပ်ရပ်နားခံရတယ်ဆိုတာကတော့ အခြေအနေအမျိုးမျိုးကြောင့် (ဥပမာ- ကမ္ဘာ့ကပ်ရောဂါကြောင့် စီးပွားရေးအကြပ်အတည်းတွေကြားမှာ) ကုမ္ပဏီကိုကယ်တင်ဖို့အတွက် လုပ်ငန်းဖွဲ့စည်းပုံပြန်လည်ပြင်ဆင်တာဒါမှမဟုတ် အသုံးစရိတ်လျော့ချတာတွေပြုလုပ်တဲ့အခါမှာ ဖြစ်တတ်ပါတယ်။ ကိုယ်ဟာအလုပ်အပေါ်မှာကြိုးစားလုပ်ကိုင်ခဲ့ပြီး အဲဒီအလုပ်ကလည်းအခြေအနေအရဝန်ထမ်းတွေကို ဆက်လက်ခန့်ထားနိုင်ခြင်းမရှိတော့တဲ့အခါမှာ တစ်ခဏတာကံမကောင်းလို့အလုပ်ပြုတ်တဲ့အထဲပါသွားတာမျိုးဖြစ်နိုင်ပါတယ်။ ကိုယ့်အနေနဲ့ အဲဒီလိုအခြေအနေမျိုးကြုံခဲ့ရမယ်ဆိုရင် မိမိရဲ့အရည်အချင်း၊ အလုပ်ကြိုးစားမှုနဲ့ပတ်သက်ပြီး နောက်ထပ်အလုပ်အသစ်ရှာဖွေမှုမှာအနှောက်အယှက်မဖြစ်အောင် လက်ရှိအလုပ်ရှင်ကိုထောက်ခံစာ သေချာစွာရေးခိုင်းသင့်ပါတယ်။  အဲဒီမှာလည်း မိမိရဲ့အမှားကြောင့်တာဝန်ကနေ ရပ်နားခြင်းခံရတာမဟုတ်ကြောင်းနဲ့ ကုမ္ပဏီအခြေအနေအရဖြစ်ကြောင်းကိုထည့်ရေးခိုင်းသင့်ပါတယ်။ အဲဒီလိုရေးခိုင်းတဲ့အခါမှာ မှတ်ချက်ကောင်းတွေရဖို့ဆိုတာကတော့ အလုပ်မှာရှိစဉ်ကတည်းကကိုယ့်အလုပ်တာဝန်ကို ကျေပွန်အောင်မြင်အောင်လုပ်ခဲ့တဲ့သူတစ်ယောက်ဖြစ်ဖို့လည်းလိုအပ်ပါတယ်။

အခုလက်ရှိမှာဘယ်လောက်ကောင်းတဲ့ရာထူးနဲ့ စိတ်ချမှုရှိတဲ့အလုပ်ကိုရရှိထားရရှိထား ဘဝမှာဘယ်အရာမှမသေချာဘူးဆိုတာနဲ့ တစ်နေရာရာမှာတော့လက်ရှိထက်ပိုကောင်းတဲ့အလုပ်အသစ်တွေ အမြဲတမ်းရှိနေတယ်ဆိုတာကိုသိထားပြီး အလုပ်အကိုင်ဈေးကွက်ထဲကအခွင့်အလမ်းသစ်တွေနဲ့ အဆက်မပြတ်မိစေဖို့ကအရေးကြီးဆုံးပါပဲ၊

ဆက်လက်ဖတ်ရှုရန် >>> အခွင့်အလမ်းအသစ်တွေကို ဘာကြောင့်အမြဲတမ်းရှာဖွေသင့်သလဲ

ဆက်လက်ဖတ်ရှုရန် >>> ကိုယ်နဲ့ကိုက်ညီတဲ့အလုပ်တွေကို လွယ်လွယ်ကူကူနဲ့ဘယ်လိုရှာဖွေမလဲ

အလုပ်အင်တာဗျူးမှာမေးနိုင်တဲ့မေးခွန်းအတွက်ပြင်ဆင်ထားပါ

အလုပ်အင်တာဗျူးလုပ်နေရတဲ့အချိန်ဟာ အလင်းရောင်အောက်ကအမှောင်ဆုံးအရိပ်ပါပဲ။ အလုပ်လျှောက်ထားမှုတစ်ခုမှာ အင်တာဗျူးခေါ်ဆိုခံရခြင်းဟာ အဲဒီကုမ္ပဏီအလုပ်လျှောက်ထားသူကိုတကယ်စိတ်ဝင်စားတယ်ဆိုတဲ့လက္ခဏာဖြစ်ပေမဲ့ အဲဒါကပဲအလုပ်ရမလား/မရဘူးလားဆိုတာကို ခွဲခြားပေးသွားမှာဖြစ်တဲ့အတွက် စိတ်ဖိစီးမှုများတဲ့အချိန်လည်းဖြစ်ပါတယ်။

မကြာသေးခင်ကမှ အလုပ်ရပ်ဆိုင်းတာခံခဲ့ရတဲ့သူတစ်ယောက်အနေနဲ့ “ဘာဖြစ်လို့အရင်အလုပ်ကနေ ရပ်ဆိုင်းတာခံရတာလဲ” ဆိုတဲ့မေးခွန်းအမေးခံရတဲ့အခါ ထိတ်လန့်မသွားပါနဲ့။ အကြောင်းအရင်းကို အေးဆေးစွာဖြေဆိုလိုက်ပါ။ အများကြီးလဲပြောပြစရာမလိုပါဘူး။ အခုခေတ်လိုမျိုး အကြပ်အတည်းတွေနဲ့ စိန်ခေါ်မှုတွေများနေတဲ့စီးပွားရေးနယ်ပယ်မှာ ကုမ္ပဏီလုပ်ငန်းတွေအနေနဲ့အသက်ရှင်ကျန်ရစ်နိုင်ဖို့ အပြောင်းအလဲတွေအများကြီးလုပ်နေရတဲ့အတွက် ဘယ်သူမဆိုအလုပ်ရပ်ဆိုင်းတာခံရနိုင်ပါတယ်။ ဒါဟာကိုယ့်ရဲ့စွမ်းဆောင်ရည်နဲ့မဆိုင်ပါဘူး။ စီးပွားရေးအကြပ်အတည်းတွေကြုံနေတဲ့အချိန်မှာ လုပ်ငန်းတွေအနေနဲ့ကုမ္ပဏီရဲ့အခြေအနေအားလုံးအတွက် ဝန်ထမ်းလျော့ချမှုတွေပြုလုပ်တတ်တယ်ဆိုတာကို HR နယ်ပယ်မှာလုပ်ကိုင်နေတဲ့သူအများစုကနားလည်ပါတယ်။ ကိုယ့်ရဲ့အလုပ်အကိုင်လမ်းကြောင်းမှာကြုံတွေ့ရတတ်တဲ့အထစ်အငေါ့တွေကြောင့် ယုံကြည်မှုမပျက်ဆီးဘူးဆိုတာကို ပြသတာကောင်းပါတယ်။ နောက်ပြီး ဒါတွေဟာကိုယ့်ရဲ့အလုပ်အကိုင်လမ်းကြောင်းရှေ့ဆက်နိုင်ဖို့ အတွေ့အကြုံတွေလည်းဖြစ်ပါတယ်။

တကယ်လို့များ အလုပ်နဲ့ပတ်သက်ပြီး ကိုယ့်ရဲ့စွမ်းဆောင်ရည်အားနည်းချက်တစ်ခုကြောင့် အလုပ်ထုတ်ခံထားရတဲ့သူတစ်ယောက်ဖြစ်တယ်ဆိုရင်လည်း ဘာမှစိုးရိမ်မနေပါနဲ့။ ဘယ်သူမဆိုအမှားနဲ့မကင်းနိုင်ပါဘူး။ ဖြစ်ပျက်ခဲ့တဲ့ဖြစ်ရပ်အပေါ်သေချာလေ့လာသုံးသပ်ပြီး နောက်ထပ်အခွင့်အရေးသာရရင် ဒါကိုဘယ်လိုပြောင်းလဲပြင်ဆင်မလဲ၊ ကိုယ့်ရဲ့အားနည်းမှု/ပျက်ကွက်မှုကဘာကြောင့်ပါ၊ ဘယ်လိုသင်ခန်းစာမျိုးရရှိခဲ့ပါတယ်၊ အဲဒါကိုဘယ်လိုပြင်ဆင်ပြီး ကိုယ့်ရဲ့အလုပ်အကိုင်လမ်းကြောင်းပိုမိုကောင်းမွန်အောင်ပြုလုပ်ဖို့ကြိုးစားနေပါတယ်လို့ ထိထိမိမိနဲ့ရိုးသားစွာဖြေဆိုလိုက်ပါ။ အဲဒီဖြစ်ရပ်မှာပါဝင်ခဲ့တဲ့အခြားသူတွေကိုအပြစ်တင်ပြောဆိုခြင်းနဲ့ အရင်အလုပ်ရှင်ကိုပုတ်ခတ်ပြောဆိုတာတွေကို မလုပ်မိပါစေနဲ့။ ဘယ်လိုအခက်အခဲတွေမှာပဲဖြစ်ဖြစ် အတွေ့အကြုံကနေသင်ခန်းစာယူပြီး အကောင်းမြင်စိတ်နဲ့ ကြိုးစားနေသူတစ်ယောက်ဖြစ်ကြောင်းသက်သေပြပါ။ အားလုံးကတော့ အကုန်ကောင်းအောင်လုပ်နိုင်တဲ့သူမဟုတ်ပါဘူး။ ဒါပေမဲ့လည်း အတွေ့အကြုံကနေသင်ခန်းစာယူပြီးပိုကောင်းအောင်ကြံဆောင်တဲ့သူတွေဖြစ်ဖို့ကြိုးစားရပါမယ်။

ဆက်လက်ဖတ်ရှုရန် >>> “အရင်အလုပ်ကနေထွက်ပြီး ဒီအလုပ်ကိုဘာဖြစ်လို့လျှောက်ရတာလဲ” လို့မေးခဲ့ရင်

ဆက်လက်ဖတ်ရှုရန် >>> အင်တာဗျူးမှာ HRနဲ့အလုပ်ရှင်တွေပြောလေ့ရှိတဲ့စကားတွေရဲ့ဆိုလိုရင်း

ဘာအကြောင်းနဲ့ပဲဖြစ်ဖြစ် အလုပ်ကနေရပ်ဆိုင်းခံရတဲ့အချိန်ဟာ မယုံကြည်နိုင်လောက်အောင်ခက်ခဲတဲ့အချိန်တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒါဟာအဆုံးသတ်မဟုတ်ဘူးဆိုတာကို အမြဲသတိရနေပါစေ။ အရေးအကြီးဆုံးကတော့ အလုပ်အကိုင်အခွင့်အလမ်းတွေကို အဆက်မပြတ်ရှာဖွေနေပြီး အလုပ်အကိုင်နဲ့ပတ်သက်တဲ့ဗဟုသုတတွေကို လေ့လာနေပါ။