10th May, 2019

အလုပ်အကိုင်ပြပွဲကို မသွားခင်ပြင်ဆင်သင့်တဲ့အချက် ၈ ချက်

JobNet.com.mm အနေနဲ့ အလုပ်အကိုင်လမ်းကြောင်းတိုးတက်ရေးအတွက် ထိပ်တန်းကုမ္ပဏီတွေကခေါ်ယူနေတဲ့အလုပ်တွေကို ရှာဖွေနေတဲ့မြန်မာနိုင်ငံသားတွေအတွက် ကောင်းမွန်တဲ့အခွင့်အလမ်းတွေကို အဆက်မပြတ်ထောက်ပံ့ပေးနေပါတယ်။ အထူးသဖြင့် JobNet က ဦးစီးကျင်းပပေးနေတဲ့ JobNation လိုမျိုး မြန်မာနိုင်ငံရဲ့အကြီးမားဆုံးအလုပ်အကိုင်ပြပွဲမှာဆိုရင် ထိပ်တန်းကုမ္ပဏီများစွာနဲ့ လုပ်ငန်းနယ်ပယ်အသီးသီးမှာ အရည်အချင်းရှိတဲ့သူတွေကို တွေ့ဆုံစေပြီး ကောင်းမွန်တဲ့ချိတ်ဆက်မှုတွေကို တည်ဆောက်နိုင်ပါတယ်။ ဒီလိုအလုပ်အကိုင်ပြပွဲတွေဟာဆိုရင် ကိုယ်တကယ်လိုချင်တဲ့အလုပ်ကို တစ်ရက်တည်းနဲ့ တစ်နေရာတည်းမှာ ရှာဖွေနိုင်သလို အဲဒီနေ့မှာပဲ အင်တာဗျူးတွေဖြေဆိုဖို့ကမ်းလှမ်းခံရနိုင်ပါတယ်။ နောက်ပြီး ဘယ်အလုပ်အကိုင်လမ်းကြောင်းက ကိုယ့်အတွက်ကိုက်ညီမလဲဆိုတာကို ရွေးချယ်နိုင်သလို၊ နယ်ပယ်အသီးသီးကကျွမ်းကျင်ပညာရှင်တွေရဲ့ အလုပ်အကိုင်နဲ့ပတ်သက်တဲ့အကြံအဉာဏ်တွေကို ရရှိနိုင်ပါတယ်။

ဒါနဲ့ အလုပ်အကိုင်ပြပွဲတစ်ခုကိုသွားဖို့စဉ်းစားထားရင် အဲဒီပွဲအတွက်ဘာတွေကို ပြင်ဆင်ထားဖို့လိုသလဲ။ လုပ်ငန်းရှင်တွေ ဒါမှမဟုတ် အလုပ်ခေါ်ယူနေသူတွေကရော ဒီပွဲကိုလာပြီးအလုပ်အကိုင်ရှာဖွေမယ့်သူတွေဆီက ဘာတွေမျှော်လင့်ထားသလဲ။

ပထမဆုံးအနေနဲ့ကတော့ ကိုယ်ရဲ့အချိန်၊ အားစိုက်ထုတ်မှုနဲ့ လုပ်ငန်းရှင်ရဲ့အချိန်ကို အလေအလွင့်မဖြစ်စေရအောင် ဒီပွဲကိုသွားရောက်လိုတဲ့ကိုယ့်ရဲ့ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်းသိအောင်လုပ်ပါ။ ဒီလိုမျိုး ရည်ရွယ်ချက်ရှိခြင်းက ပွဲအတွက်ကိုယ်ဘာတွေ ပြင်ဆင်သင့်သလဲဆိုတာကို မြင်လာစေပါတယ်။ ပွဲမှာပါဝင်မယ့်ကုမ္ပဏီတွေရဲ့အကြောင်းကို စုဆောင်းရှာဖွေပြီးသိအောင်လုပ်တာ၊ ကုမ္ပဏီအများကြီးထဲကမှ ကိုယ်အကြိုက်ဆုံးကုမ္ပဏီတွေကိုရွေးချယ်ထားပြီး အဲဒီကုမ္ပဏီတွေနဲ့တွေ့ဆုံစကားပြောဆိုဖို့အတွက်ပြင်ဆင်တာ၊ ဒီပွဲမှာ ကိုယ့်ရဲ့အလုပ်အကိုင်လမ်းကြောင်း တိုးတက်ရေးအတွက် ဘယ်လိုထူးခြားတဲ့အစီအစဉ်တွေပါဝင်သလဲဆိုတာကို လေ့လာကြည့်တာ အစရှိတာတွေကို ပြင်ဆင်ရပါမယ်။

ဒီလိုအလုပ်အကိုင်ပြပွဲတွေမှာ အလုပ်ခေါ်ယူနေသူတွေနဲ့တွေ့ဆုံဆွေးနွေးပြောဆိုတဲ့အခါ မိမိကိုယ်ကိုပိုပြီးယုံကြည်မှုရှိစေပြီး အောင်မြင်မှုအခွင့်အရေးတွေပိုပြီးရရှိနိုင်ဖို့ အောက်မှာပြောပြထားတဲ့နည်းလမ်းတချို့က အကူအညီပေးပါလိမ့်မယ်။

သွားချင်တဲ့နေရာတွေကို သေချာပြင်ဆင်ပါ

အလုပ်အကိုင်ပြပွဲနဲ့ပတ်သက်ပြီး မျှဝေပေးထားတဲ့သတင်းအချက်အလက်တွေကို အလေးအနက်ထားပြီး သေချာလေ့လာပါ။ အထူးသဖြင့် အင်တာနက်စာမျက်နှာတွေမှာ သေချာလေ့လာကြည့်ပါ။ ပြီးရင် အဲဒီပွဲကိုရောက်ရင် ဘယ်နေရာတွေကို ဦးစားပေးသွားချင်သလဲဆိုတဲ့ လမ်းကြောင်းအစီအစဉ်ကို ကြိုတင်ပြီးရေးဆွဲပါ။ အဲဒီလို ပြုလုပ်တဲ့အတွက်ကြောင့် စနစ်တကျစီစဉ်တတ်ပြီး သေချာပြင်ဆင်လာတဲ့ပွဲလာသူတစ်ယောက်ပုံစံ ပေါ်စေပါတယ်။ မဟုတ်ရင် ပွဲအကြောင်းဘာမှမသိဘဲ ဟိုနားရပ် ဒီနားရပ်ပြီး ဘယ်ကုမ္ပဏီဆီကိုသွားရမယ်မှန်းမသိဘဲ ဖြစ်ပါလိမ့်မယ်။ JobNet.com.mm ရဲ့ လူမှုကွန်ယက်စာမျက်နှာဆိုရင် နှစ်စဉ်ကျင်းပလေ့ရှိတဲ့ အလုပ်အကိုင်ပြပွဲတွေအပြင် အဲဒီပြပွဲတွေမှာ ပါဝင်ပြီးအလုပ်ခေါ်ယူကြမယ့်ကုမ္ပဏီတွေ၊ လစ်လပ်နေရာတွေနဲ့ အလုပ်အကိုင်လမ်းကြောင်း တိုးတက်ရေးအတွက် အထောက်အကူဖြစ်စေတဲ့ဆွေးနွေးဟောပြောပွဲအကြောင်းအရာတွေကို အမြဲဖော်ပြလေ့ရှိပါတယ်။

ပွဲမသွားခင် ပါဝင်တဲ့ကုမ္ပဏီတွေအကြောင်းကို သိအောင်လုပ်ပါ

ပွဲရောက်မှ အလုပ်ခေါ်ယူနေတဲ့ကုမ္ပဏီတွေဆီသွားပြီး “ဒီကုမ္ပဏီက ဘာတွေလုပ်တာလဲ” ဆိုတဲ့မေးခွန်းမျိုးကို ဖြစ်နိုင်မယ်ဆိုရင် သွားမမေးပါနဲ့။ ဘာမှမပြင်ဆင်လာတဲ့ပုံပေါ်စေပါတယ်။ ပွဲကိုမသွားခင်မှာ စိတ်ဝင်စားတဲ့ကုမ္ပဏီတွေစာရင်းကို အရင်ဆုံးပြုစုပါ။ နောက်ပြီး ကုမ္ပဏီတွေရဲ့အကြောင်း၊ အလုပ်ခေါ်ယူမှုတွေ၊ ဝန်ထမ်းတွေအတွက်ထောက်ပံ့ပေးမှုတွေ အစရှိတာတွေကို လေ့လာပါ။ အဲဒီကုမ္ပဏီတွေရဲ့ ကိုယ်ပိုင်အင်တာနက်စာမျက်နှာတွေမှာ ဒါမှမဟုတ် သူတို့နဲ့ဆက်စပ်နေတဲ့မီဒီယာလမ်းကြောင်းတွေမှာ ခေါ်ယူနေတဲ့ လစ်လပ်နေရာတွေ၊ အလုပ်သင်အစီအစဉ်တွေအကြောင်းတွေ၊ ဘယ်လိုအစီအစဉ်တွေလုပ်ဆောင်ပေးနေလဲ အစရှိတာတွေကို လေ့လာနိုင်ပါတယ်။ ကိုယ်သွားရောက်မယ့်ပွဲနဲ့ပတ်သက်ပြီး သေချာလေ့လာပြင်ဆင်တာက အလုပ်ခေါ်ယူနေတဲ့ကုမ္ပဏီတွေရဲ့ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံတဲ့အခါမှာ မှန်ကန်သင့်တော်ပြီး မေးသင့်မေးထိုက်တဲ့မေးခွန်းမျိုးကို မေးနိုင်ဖို့ အထောက်အကူပေးပါလိမ့်မယ်။

စကားစပြောဖို့ တွန့်ဆုတ်မနေပါနဲ့

အလုပ်အကိုင်ပြပွဲတွေကို အချိန်ကုန်၊ လူပင်ပန်းခံပြီးလာရတဲ့အတွက်ကြောင့် ဒီအတိုင်းလေးပွဲထဲမှာ လှည့်ပတ်ကြည့်ရုံလောက်နဲ့ ပြန်မသွားသင့်ပါဘူး။ မိမိရဲ့အလုပ်အကိုင်လမ်းကြောင်း တိုးတက်ရေးမှာအထောက်အကူဖြစ်စေမယ့် မိတ်ဆွေအပေါင်းအသင်းတွေတိုးပွားလာစေဖို့ဆိုတဲ့ ရည်ရွယ်ချက်ကြောင့်လည်း ဒီလိုအလုပ်အကိုင်ပြပွဲတွေကို ကျင်းပတာဖြစ်ပါတယ်။ အဲဒါကြောင့် ပွဲမှာအလုပ်ခေါ်ယူနေတဲ့ကုမ္ပဏီတွေက မန်နေဂျာတွေ၊ ကိုယ်စားလှယ်တွေနဲ့ မိမိကိုယ်ကိုမိတ်ဆက်ပြီး စကားစပြောဖို့ တွန့်ဆုတ်မနေပါနဲ့။ ပထမဆုံး နှုတ်ဆက်စကားလေးအတွက်ပဲ သတ္တိလိုတာပါ။ အလုပ်ခေါ်ယူနေတဲ့သူတွေကလည်း ပွဲကိုလာရောက်ကြတဲ့သူတွေနဲ့ စကားစမြည်ပြောပြီး သူတို့ရဲ့အရည်အချင်းတွေကိုလေ့လာချင်ကြတဲ့အတွက် ကိုယ့်ဘက်ကစကားစပြောလို့ ပြန်မပြောချင်တဲ့သူမရှိကြပါဘူး။ လူတစ်ယောက်ရဲ့အရည်အချင်းနဲ့ ရိုးသားမှုကို လက်တွေ့ကျကျအကဲဖြတ်ဖို့ အကောင်းဆုံးနည်းလမ်းက စကားဝိုင်းမှာဆွဲဆောင်မှုရှိအောင် ပြောဆိုဖို့ပဲဖြစ်ပါတယ်။ ဒါပေမဲ့လည်း အလွန်အမင်းကြီး ကိုယ့်ရဲ့အရည်အချင်းတွေကို အမွှန်းမတင်မိစေပါနဲ့။ စကားပြောလို့ပြီးရင် လိပ်စာကတ်တောင်းလာဖို့မမေ့ပါနဲ့။

CV ယူသွားဖို့ မမေ့ပါနဲ့

ပွဲကို ဒီအတိုင်းသွားပြီးလေ့လာတယ်ဆိုရင်တောင် CV ကို တစ်ပါးတည်းယူသွားသင့်ပါတယ်။ တကယ်လို့များ ပွဲမှာလှည့်ပတ်လေ့လာနေရင်း ကိုယ်နဲ့ကိုက်ညီပြီးလိုချင်တဲ့အလုပ်ကို ရုတ်တရက်တွေ့လိုက်လို့ လျှောက်ချင်တဲ့အခါ ဒါမှမဟုတ် အလုပ်ခေါ်ယူနေတဲ့ကုမ္ပဏီတွေက အတွေ့အကြုံရှိ HR Specialist တွေဆီမှာ ကိုယ့်ရဲ့ CV ကိုပြပြီး ဒီထက်ကောင်းမွန်အောင် ဘယ်လိုပြင်ဆင်ရမလဲဆိုတဲ့ အကြံအဉာဏ်တွေကို တောင်းချင်တဲ့အခါမှာပဲ ဖြစ်ဖြစ် ယူသွားသင့်ပါတယ်။ အလုပ်လျှောက်ဖို့လာတဲ့သူတွေဆိုရင်တော့ ကိုယ့်လျှောက်မယ့်ကုမ္ပဏီတစ်ခုချင်းစီနဲ့ ကိုက်ညီအောင်ပြင်ပြီး သပ်သပ်ဆီခွဲပြီး လျှောက်သင့်ပါတယ်။ CV  ကို Print ထုတ်လာတာပဲဖြစ်ဖြစ် USB stick ထဲမှာ ဖိုင်သီးသန့်ခွဲပြီး ယူလာတာပဲဖြစ်ဖြစ် လုပ်သင့်ပါတယ်။ ကိုယ့်ရဲ့ CV ကို ဘယ်လိုဆွဲဆောင်မှုရှိအောင် ရေးရမလဲဆိုတာကို သိချင်တယ်ဆိုရင်တော့ ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

ဝတ်စားဆင်ယင်ပုံနဲ့ သွင်ပြင်ပိုင်းကိုဂရုစိုက်ပါ

ကိုယ့်ရဲ့အသွင်အပြင်ပိုင်းကို ဂရုစိုက်ရမယ်ဆိုတာ အလွန်အမင်းကြီးချဲ့ကားပြီး လုပ်ရမယ်လို့မဆိုလိုပါဘူး။ ကိုယ်လျှောက်မယ့်အလုပ်အကိုင်ရာထူးနဲ့ သင့်တော်လိုက်ဖက်မယ့်အဝတ်အစားကို ရွေးချယ်ဝတ်ဆင်လာဖို့ပါပဲ။ သက်တောင့်သက်တာနဲ့ ကြည့်လိုက်ရင် စမတ်ကျတဲ့ပုံစံကိုဖြစ်စေတဲ့အဝတ်အစားမျိုးကို ရွေးချယ်တတ်ဖို့လည်း လိုပါတယ်။ အလုပ်အကိုင်လမ်းကြောင်းတိုးတက်ရေးမှာ အရေးပါတဲ့ကိုယ့်ရဲ့ပုံရိပ်ကို ဘယ်လိုမျိုးဂရုစိုက်ပြီး နေရမလဲဆိုတာကို သိချင်တယ်ဆိုရင် ဒီနေရာမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

ကိုယ့်အကြောင်းကို ဘယ်လိုအကျဉ်းချုံးမိတ်ဆက်ရမလဲဆိုတာကို စဉ်းစားထားပါ

အလုပ်အကိုင်ပြပွဲတွေမှာ လူတွေအရမ်းများပြီး ဆူညံနေတတ်တာကြောင့် အလုပ်ခေါ်ယူနေသူတွေနဲ့ တွေ့ဆုံမိတ်ဆက်တဲ့အခါမှာ တစ်ယောက်ကို ၁ မိနစ်ကနေ ၂ မိနစ်ထိလောက်ပဲ အချိန်ရပါလိမ့်မယ်။ အဲဒါကြောင့် ပွဲမသွားခင်မှာ အချိန်တိုတိုအတွင်းမှာ ကိုယ့်ကိုယ်ကိုဘယ်လိုမျိုး ထိထိရောက်ရောက်မိတ်ဆက်မလဲဆိုတာကို အိမ်မှာလေ့ကျင့်သွားပါ။ ဥပမာ - “ကျွန်တော့်နာမည်က ………………… ပါ၊ ရန်ကုန်တက္ကသိုလ်ကနေ စီးပွားစီမံနဲ့ဘွဲ့ရထားပါတယ်၊ အရောင်းပိုင်းဆိုင်ရာမှာ စီမံခန့်ခွဲသူတစ်ယောက်အနေနဲ့ အလုပ်လုပ်လာတာဆိုရင် ၅ နှစ်လောက်ရှိပါပြီ၊ ကျွန်တော် ဒီကုမ္ပဏီနဲ့ပတ်သက်ပြီးလည်း လေ့လာထားတာလေးတွေရှိပါတယ်၊ အရမ်းကိုခိုင်မာတဲ့ကုမ္ပဏီတစ်ခုလို့လည်း သိထားပါတယ်၊ ဒီကုမ္ပဏီက မန်နေဂျာရာထူးနဲ့ ခေါ်ယူနေတဲ့အလုပ်တွေကို ကျွန်တော်စိတ်ဝင်စားပြီး လုပ်ကိုင်လိုပါတယ်။”

လစာနဲ့ပတ်သက်တဲ့ မေးခွန်းမေးခြင်းကိုရှောင်ပါ

ကုမ္ပဏီအများစုမှာ လစာနဲ့ပတ်သက်တဲ့မေးခွန်းတွေဟာ တစ်ခုနဲ့တစ်ခုမတူနိုင်ပါဘူး။ နောက်ပြီး အဲဒီအလုပ်ကို ကိုယ်တကယ်ရပြီဆိုမှ ခန့်အပ်တော့မယ်ဆိုမှ လစာနဲ့ပတ်သက်တဲ့ညှိနှိုင်းမှုတွေက ပြုလုပ်သင့်ပါတယ်။အလုပ်အကိုင်ပြပွဲတွေမှာ လစာမေးခြင်းထက် ကိုယ်ရဲ့ CV ကို သက်ဆိုင်ရာအလုပ်ရှင်ဆီကို ရောက်ရှိဖို့နဲ့ ကုမ္ပဏီတွေကကိုယ်စားလှယ်တွေနဲ့ အပြန်အလှန်မိတ်ဆက်ပြီး လုပ်ငန်းပိုင်းဆိုင်ရာမိတ်ဆွေဖွဲ့နိုင်ဖို့က အဓိကကျပါတယ်

ဆွေးနွေးဟောပြောပွဲတွေကို လက်လွှတ်မခံပါနဲ့

အလုပ်အကိုင်ပြပွဲတွေမှာ လာရောက်လေ့လာသူတွေအတွက် သူတို့ရဲ့အလုပ်အကိုင်လမ်းကြောင်းအတွက် အမှန်တကယ်အသုံးဝင်မယ့် ဟောပြောဆွေးနွေးတွေ ပါဝင်တတ်လို့ အဲဒါတွေကိုလည်းလက်လွှတ်မခံသင့်ပါဘူး။  တက္ကသိုလ်တွေကသင်ကြားပေးလိုက်တဲ့သင်ခန်းစာတွေထဲမှာ လက်တွေ့ဘဝကိုရောက်သွားရင် ကိုယ်နဲ့ကိုက်ညီမယ့်အလုပ်အကိုင်လမ်းကြောင်းကို ဘယ်လိုရွေးချယ်ပြီး အောင်မြင်အောင်လုပ်မလဲဆိုတဲ့ဘာသာရပ်ကို အခုထိသင်ကြားပေးနိုင်ခြင်း မရှိသေးပါဘူး။ ဒီလိုအကြောင်းအရာတွေကလည်း တကယ်ကို     လက်တွေ့လုပ်ငန်းခွင်မှာကျင်လည်နေပြီး တတ်ကျွမ်းနားလည်တဲ့ပညာရှင်တွေကသာ ပြောပြပေးနိုင်တာဖြစ်ပါတယ်။

ဒါကြောင့် ဒီလိုပွဲတွေကို တက်ရောက်ခြင်းအားဖြင့် အလုပ်ဈေးကွက်ကို သိရှိနိုင်ပြီး၊ နယ်ပယ်အသီးသီးက ပညာရှင်တွေရဲ့ ပြောဟောဆွေးနွေးပွဲတွေမှာ လေ့လာသင်ယူနိုင်ပါတယ်။

မှန်ပါတယ်… အလုပ်အကိုင်ပြပွဲတွေကို တက်ရောက်သူတိုင်းတော့ အလုပ်မရနိုင်ပါဘူး။ ဒါပေမဲ့ သေချာတာကတော့ အလုပ်ရှင်တွေနဲ့တွေတဲ့အခါမှာ ဘယ်လိုမျိုးအပြန်အလှန်စကားပြောဆိုရမလဲဆိုတဲ့ အတတ်ပညာ၊ အလုပ်အကိုင်ဈေးကွက်ရဲ့နောက်ဆုံးရသတင်းအချက်အလက်တွေ၊ လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေရှာဖွေပေးနေတဲ့ ကုမ္ပဏီတွေအကြောင်း အစရှိတာတွေကို သိရှိရမှာဖြစ်ပါတယ်။

ပိုမိုကောင်းမွန်တဲ့အလုပ်အကိုင်အခွင့်အလမ်းတွေကို ရှာဖွေနေသူတွေအတွက် JobNet.com.mm အနေနဲ့လည်း အလုပ်အကိုင်ပြပွဲတွေကို နှစ်စဉ်ကျင်းပပေးလေ့ရှိပြီး အဲဒီလိုပွဲတွေကနေတဆင့် ကိုယ့်ရဲ့တကယ်ရည်ရွယ်ထားတဲ့အလုပ်အကိုင်လမ်းကြောင်းတစ်ခုဆီကို ရောက်အောင်လျှောက်လှမ်းလိုက်ပါ။