23rd April, 2020

အလုပ်အတွေ့အကြုံမရှိတဲ့သူတစ်ယောက်ရဲ့ CV မှာဘာတွေပါဝင်သင့်သလဲ

CV ရေးသားတာနဲ့ပတ်သက်ပြီး ကျောင်းပြီးခါစလုပ်ငန်းခွင်စတင်ဝင်ရောက်မယ့်သူတွေ အများဆုံးကြုံတွေ့ရတဲ့ အခက်အခဲတစ်ခုကတော့ အလုပ်အကိုင်လမ်းကြောင်းတစ်ခုကိုလျှောက်လှမ်းဖို့ အလုပ်လျှောက်ထားရာမှာလိုအပ်တတ်တဲ့ လုပ်ငန်းခွင်အကြိုအတွေ့အကြုံကို အလုပ်ခေါ်ယူနေသူထံပြသဖို့ပဲဖြစ်ပါတယ်။ အခုမှ အလုပ်အကိုင်လမ်းကြောင်းတစ်ခုကို စတင်ဝင်ရောက်မယ့်လူငယ်တစ်ဦးဟာ ခေါ်ယူနေတဲ့လစ်လပ်အလုပ်တစ်ခုနဲ့ မိမိကိုယ်ကိုကိုက်ညီတယ်လို့ထင်ရပေမဲ့ လုပ်ငန်းခွင်အကြိုအတွေ့အကြုံကို မိမိရဲ့ CV ထဲမှာမဖော်ပြနိုင်တဲ့အတွက်ကြောင့် အခွင့်အလမ်းတစ်ခုဆုံးရှုံးသွားသလို ခံစားရပါတယ်။

လက်တွေ့လုပ်ငန်းခွင်အတွေ့အကြုံမရှိပေမဲ့လည်း ယခင်ကလှုပ်ရှားမှုတွေ၊ ကျွမ်းကျင်မှုပိုင်းဆိုင်ရာအရည်အချင်းတွေ၊ လုပ်အားပေးအစီအစဉ်တွေ၊ ပညာရေးနဲ့ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေနဲ့ အခြားအတွေ့အကြုံလိုမျိုးအရာတွေကို အလုပ်ရှင်မြင်သာလာအောင်ပြလို့ရပါတယ်။ လုပ်ငန်းအတွေ့အကြုံမရှိသေးပေမဲ့လည်း အလုပ်ရှင်တွေသဘောကျသွားစေနိုင်တဲ့အလုပ်လျှောက်လွှာကို စတင်ရေးကြည့်လိုက်ရအောင်…

၁။ လုပ်ငန်းပိုင်းဆိုင်ရာမိမိရဲ့အကြောင်းအကျဉ်းချုပ်

အဲဒါကို Professional Summary လို့ခေါ်သလို Career Objective အပိုင်းလို့ခေါ်ပါတယ်။ ဒီအကျဉ်းချုပ်ဟာ မိမိ CV တစ်ခုလုံးရဲ့အနှစ်ချုပ်ဖြစ်သလို ခေါ်ယူနေတဲ့အလုပ်အတွက် ကိုယ်ဟာဘယ်လောက်တောင်ကိုက်ညီသလဲဆိုတာကို အချိန်တခဏအတွင်းမှာ အလုပ်ခေါ်ယူနေသူက သိရှိသွားစေနိုင်ပါတယ်။

CV တစ်စောင်ကိုစရေးပြီဆိုရင် ကိုယ့်ရဲ့နာမည်နဲ့ ဆက်သွယ်ရမယ့်အချက်အလက်တွေကို ဖြည့်စွက်ပြီးပြီဆိုတာနဲ့ ဒီအကျဉ်းချုပ်ရေးပါ။ လုပ်ငန်းအတွေ့အကြုံမရှိပေမဲ့ အဲဒီအကျဉ်းချုပ်မှာ ဘာတွေပါဝင်ရမလဲဆိုရင် သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်ရဲ့ကျင့်ဝတ်ကို အလေးပေးဖော်ပြနိုင်တဲ့စကားလုံး၊ ပညာအရည်အချင်း၊ သက်ဆိုင်ရာကျွမ်းကျင်မှုအပြင် လုပ်ငန်းနဲ့ပတ်သက်တဲ့စိတ်အားထက်သန်မှုရယ် စိတ်ဝင်စားမှုတွေကို ဖော်ပြပေးပါ။ အရှည်ကြီးရေးစရာမလိုပါဘူး။ အလုပ်လျှောက်ထားသူရဲ့အကြောင်းကို စာကြောင်း ၂ ကြောင်းထက်မပိုဘဲ မြန်မြန်နဲ့ ထိထိရောက်ရောက်ဆက်သွယ်နိုင်တဲ့မက်ဆေ့ခ်ျဖြစ်ဖို့ပါပဲ။

JobNet.com.mm ရဲ့ JobSeeker Profile ကိုအသုံးပြုပြီး အလုပ်လျှောက်ထားမှုတွေပြုလုပ်တယ်ဆိုရင် About Yourself ဆိုတဲ့နေရာကို သေချာဖြည့်စွက်သင့်ပါတယ်။ အဲဒါဟာ ဒစ်ဂျစ်တယ် CV တစ်ခုမှာ မိမိရဲ့အလုပ်အကိုင်အကြောင်းအကျဉ်းချုပ် (Professional Summary) ကို ပြောတာဖြစ်ပါတယ်။ အဲဒီအထဲမှာ Describe Yourself ကိုဖြည့်လိုက်တာနဲ့ ကိုယ့်ရဲ့ Profile CV အရည်အသွေးမှာ ၁၅% တိုးသွားမှာဖြစ်ပြီး Career Objective ကိုဖြည့်လိုက်တာနဲ့ ၁၀% ထပ်တိုးသွားမှာဖြစ်ပါတယ်။

ဆက်လက်ဖတ်ရှုရန် >>> Career Objective ကိုဘယ်လိုရေးရမလဲ

Sample CV

၂။ အလုပ်သင်၊ အချိန်ပိုင်းနဲ့ လုပ်အားပေးအလုပ်အတွေ့အကြုံတွေ

အချိန်ပိုင်းအလုပ်တွေ၊ လုပ်အားပေးအလုပ်တွေနဲ့ အလုပ်သင်ဆင်းခဲ့တဲ့တုန်းကဟာတွေကလည်း ဘွဲ့ရပြီးခါစလူငယ်တွေအတွက် အလုပ်အတွေ့အကြုံတွေဖြစ်တယ်လို့ ပြောလို့ရပါတယ်။ တချို့တက္ကသိုလ်တွေက မေဂျာတချို့ကကျောင်းသားတွေဆိုရင် နောက်ဆုံးစာသင်နှစ် (သို့) စာသင်နှစ်တစ်ခုမပြီးခင် တကယ့်လုပ်ငန်းအဖွဲ့အစည်းတစ်ခုမှာ အလုပ်သင် (Internship) ဆင်းကိုဆင်းရတာတွေရှိပါတယ်။ အဲဒီလို အလုပ်သင်ဆင်းရတဲ့အခါမျိုးမှာဆိုရင် ဘယ်ကုမ္ပဏီ၊ အချိန်ဘယ်လောက်ကြာကြာ၊ ဘာတာဝန်တွေကိုလုပ်ဆောင်ခဲ့ရသလဲဆိုတာနဲ့ ဘာတွေလေ့လာခဲ့ရသလဲဆိုတာတွေကိုထည့်ရေးပါ။ ဖြစ်နိုင်ရင် အဲဒီကုမ္ပဏီကကိုယ့်ကိုကြီးကြပ်တဲ့သူဆီကနေ ဒီအလုပ်သင်အစီအစဉ်ကို ပြီးမြောက်အောင်လုပ်ဆောင်ခဲ့တဲ့ထောက်ခံစာကို တောင်းလို့ရရင်တောင်းခဲ့ပါ။ နောက်ပိုင်းအလုပ်လျှောက်ထားရာမှာ အသုံးဝင်ပါတယ်။

နောက်ပြီးတချို့လူငယ်တွေဆိုရင် ကျောင်းတက်နေစဉ်မှာပဲ အချိန်ပိုင်းအလုပ်တွေကိုလုပ်ကြတာတွေရှိပါတယ်။ ဥပမာ - အချိန်ပိုင်းစာသင်ပေးတာတွေ၊ ဘာသာပြန်အလုပ်တွေ၊ လူသုံးကုန်ပစ္စည်းအရောင်းဆိုင်မှာ အရောင်းစာရေးငွေကိုင် လုပ်တာမျိုးတွေပေါ့။ ဒါတွေဟာ ကျောင်းပြီးတဲ့အခါ အလုပ်လျှောက်ဖို့ အရမ်းကိုအသုံးဝင်တဲ့လုပ်ငန်းအတွေ့အကြုံတွေပါ။ နောက်ပြီး ကျောင်းတစ်ဖက်နဲ့ အခြားတာဝန်တွေတစ်ဖက်ရှိလျှက်နဲ့ ရွေးချယ်ထားတဲ့အလုပ်တစ်ခု (သို့) ဘယ်အလုပ်မှာမဆို ဆုံးဖြတ်ချက်ခိုင်မာစွာနဲ့ ကြိုးကြိုးစားစားတာဝန်ယူပြီး လုပ်တတ်တယ်ဆိုတာကို ဒါဟာပြသနေပါတယ်။ အရောင်းစာရေးနဲ့အချိန်ပိုင်းအလုပ်လုပ်ခဲ့ဖူးတယ်ဆိုရင် Customer Service ဝန်ဆောင်မှုအပိုင်း၊ ငွေသိမ်းစာရင်းကိုင် အစရှိတဲ့အတွေ့အကြုံတွေ့ကို ပြောပြပေးလို့ရပါတယ်။ ရပ်ရွာအခြေပြုလူထုအဖွဲ့အစည်းတွေရဲ့လုပ်အားပေးအစီအစဉ်တွေ (ဥပမာ - စာကြည့်တိုက်တွေ) မှာပါဝင်လုပ်ဆောင်ခဲ့ဖူးတယ်ဆိုရင်လည်း ဒါတွေကိုသေချာထည့်ရေးသင့်ပါတယ်။ အဓိကပြောချင်တာက ကိုယ့်အလုပ်တာဝန်ကိုဖော်ပြတဲ့အခါမှာ ကိုယ်ဘယ်လိုဖော်ပြသလဲဆိုတဲ့အပေါ်မှာမူတည်ပြီး အလုပ်တိုင်းကအဓိပ္ပာယ်ရှိနေမှာပါ။

JobNet JobSeeker Profile ကိုဖြည့်စွက်တဲ့အခါမှာလည်း Work Experiences လို့ပြောတဲ့နေရာမှာ ပုံမှန်လုပ်ငန်းအတွေ့အကြုံမရှိပေမဲ့လည်း ကိုယ်လုပ်ခဲ့ဖူးတဲ့အရာတွေအများကြီးရှိတဲ့အတွက်ကြောင့် အထက်မှာပြောပြခဲ့တဲ့အရာတွေကို ဖြည့်စွက်ဖို့မမေ့ပါနဲ့။ Job Title ဆိုတဲ့နေရာမှာ Volunteer/Internship/အချိန်ပိုင်းအလုပ်ရာထူးနာမည် (ဥပမာ - Cashier) အစရှိတဲ့ကိုယ်လုပ်ခဲ့ဖူးတဲ့အရာကိုဖြည့်ပါ။ အလုပ်အမျိုးအစား Job Function ကိုရွေးပါ။ Company Name ဆိုတဲ့နေရာမှာ လုပ်ခဲ့ဖူးတဲ့အဖွဲ့အစည်းကုမ္ပဏီနာမည်တွေ ဒါမှမဟုတ် Study Guide လိုမျိုး ကိုယ်ပိုင်အလုပ်ဆိုရင်လည်း Own Education Service Business အစရှိသဖြင့် အဓိပ္ပာယ်ရှိရှိဖြည့်စွက်ပါ။ အဓိကကတော့ အဲဒီအလုပ်နဲ့ပတ်သက်ပြီး ကိုယ်လုပ်ဆောင်ခဲ့ရတဲ့အရာတွေကို Job Description ဆိုတဲ့နေရာမှာ ပြည့်ပြည့်စုံစုံထိထိမိမိရေးသားဖော်ပြပါ။ ဒါဆိုရင် ကိုယ့်ရဲ့ CV အရည်အသွေးက ၂၀% ထပ်တိုးသွားပါလိမ့်မယ်။

၃။ ပညာအရည်အချင်းနဲ့ ပညာရေးဆိုင်ရာအောင်မြင်မှုတွေ

ဒါကတော့အလုပ်လျှောက်ထားသူတိုင်းမရှိမဖြစ်ထည့်ရမယ့် အရာတစ်ခုပါပဲ။ ဒါဆို ကိုယ့်ရဲ့ပညာရေးမှတ်တမ်းက သူများထက်သာလွန်နေတယ် ဒါမှမဟုတ် ပိုပြီးဆွဲဆောင်မှုရှိအောင် ဘယ်လိုပြုလုပ်ကြမလဲ။ ပုံမှန် ဘယ်တက္ကသိုလ်ကနေ ဘာမေဂျာနဲ့ ဘယ်နှစ်ခုနှစ်ကနေ ဘယ်နှစ်ခုနှစ်အထိတက်ခဲ့တယ်ဆိုတဲ့အရာတွေအပြင် ဘယ်လိုမျိုးထူးထူးချွန်ချွန်အောင်ခဲ့သလဲ ဆိုတာကိုပါထည့်ရေးသင့်ပါတယ်။ ဥပမာ - Credit တွေ အဆင့်တွေ အစရှိတာတွေကို ထည့်ပေးသင့်ပါတယ်။ တက်ရောက်နေဆဲဒီဂရီတွေရှိရင်လည်းထည့်ရေးပါ။

နောက်ပြီး ကျောင်းတုန်းကလုပ်ခဲ့ရတဲ့ပရောဂျက်တွေဟာ ကိုယ်လျှောက်မယ့်အလုပ်တွေနဲ့ကိုက်ညီမယ်ဆိုရင်လည်း ကိုယ်လုပ်ဆောင်ခဲ့တဲ့ပရောဂျက်နာမည်၊ ဘယ်နေရာမှာလုပ်ခဲ့တာလဲ၊ ဘယ်အပိုင်းကိုစမ်းသပ်လုပ်ဆောင်ခဲ့တာ၊ ဘယ်နှစ်တုန်းကလုပ်ဆောင်ခဲ့တာ အစရှိတာတွေကို ထည့်ရေးပါ။ ဥပမာ - ကိုယ်ကမြို့ပြအင်ဂျင်နီယာနဲ့ဘွဲ့ရပြီ့း ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုကို အလုပ်လျှောက်မယ်ဆိုရင် ဘယ်နေရာမှာရှိတဲ့အဆောက်အဦးတစ်ခု (သို့) တံတားတစ်စင်းရဲ့ Foundation အပိုင်း (သို့) Steel Structure အပိုင်းနဲ့ပတ်သက်ပြီး ပရောဂျက်လုပ်ခဲ့ဖူးပါတယ်ဆိုတာကို အတိုချုပ်ထည့်ရေးနိုင်ပါတယ်။ ဒါက အကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီး နမူနာပြထားတာပါ။ အခြားအလုပ်အကိုင်တွေနဲ့ ပညာရပ်တွေနဲ့ပတ်သက်ပြီးတော့လဲရေးလို့ရပါတယ်။

ကိုယ့်ရဲ့ JobbNet JobSeeker Profile ရဲ့ Education နေရာမှာ ကိုယ့်ရဲ့ပညာအရည်အချင်းတွေကို ဖြည့်စွက်လိုက်မယ်ဆိုရင် ၁၅% တိုးတက်သွားမှာ ဖြစ်ပါတယ်။

၎။ လုပ်ငန်းခွင်တွင်အသုံးဝင်မည့် ကျွမ်းကျင်မှုများ

လျှောက်ထားချင်တဲ့အလုပ်နဲ့ သင့်တော်ပြီးအသုံးဝင်လောက်မယ့်ကိုယ့်ရဲ့ကျွမ်းကျင်မှုအရည်အချင်းတွေကို စာရင်းပြုစုထားပါ။ ဒါဆို ကိုယ်လျှောက်ချင်တဲ့အလုပ်က ဘယ်လိုအရည်အချင်းတွေကို လိုအပ်သလဲဆိုတာကိုသိချင်တယ်ဆိုရင် အဲဒီအလုပ်ကြော်ငြာစာရဲ့ အလုပ်ဖော်ပြချက်တွေကိုသေချာစွာဖတ်ရှုပါ။ ပုံမှန်အားဖြင့် အလုပ်လိုအပ်ချက် (Job Requirement) ဒါမှမဟုတ် အရည်အချင်း (Qualifications) ဆိုတဲ့နေရာတွေကိုဖော်ပြထားတတ်ပါတယ်။ ဥပမာ - Time Management, MS Office, Organizing and Filing, Customer Service, Communications, Interpersonal Skills, Languages အစရှိတာမျိုးတွေပေါ့။ ကိုယ်လျှောက်ချင်တဲ့အလုပ်ရဲ့ဖော်ပြချက်မှာ ပြောပြထားတဲ့အရည်အချင်းတွေကိုမှတ်ထားပြီးတော့ ကိုယ်နဲ့လည်းအမှန်တကယ်ကိုက်ညီတဲ့အရည်အချင်းတွေကိုယူပြီး ကိုယ့်ရဲ့ CV မှာအဓိပ္ပာယ်တူတဲ့အခြားစကားလုံးနဲ့ ဖော်ပြပြီးလိုသလိုအသုံးချခြင်းဟာလည်း အကြံဥာဏ်ကောင်းတစ်ခုပါပဲ။

JobNet.com.mm မှာ အလုပ်လျှောက်ထားမယ်ဆိုရင်တော့ ကိုယ့်ရဲ့ JobSeeker Profile က ၆၀% အထက်မှာရှိမှသာ ကိုယ့်ရဲ့အလုပ်လျှောက်ထားမှုက အောင်မြင်ဖို့အခွင့်အလမ်းပိုများမှာဖြစ်ပါတယ်။ အလုပ်ရှင်တစ်ယောက်အနေနဲ့ကလည်း အလုပ်ခေါ်ယူဖို့ရည်ရွယ်ထားတဲ့သူတစ်ယောက်အကြောင်းကို ပြည့်ပြည့်စုံစုံသိချင်ကြတာပဲလေ။ အဲဒါကြောင့် ကိုယ့်ရဲ့အကြောင်းပြည့်ပြည့်စုံစုံကို သူတို့သိအောင်ပေးနိုင်လေလေ ခေါ်ယူနေတဲ့အလုပ်နဲ့ကိုက်ညီလားမကိုက်ညီလားဆိုတာကို သူတို့ပိုပြီးဆုံးဖြတ်နိုင်လေပါပဲ။ Profile ကို ၆၀% အထက်ဖြစ်ချင်တယ်ဆိုရင်တော့ Skills နဲ့ Languages ဆိုတဲ့နေရာတွေကို ဖြည့်စွက်သွားဖို့မမေ့ပါနဲ့။ Skills ကိုဖြည့်စွက်မယ်ဆိုရင် Skill တစ်မျိုးကိုဖြည့်စွက်ရင် ၁% ရရှိမှာဖြစ်ပြီး အများဆုံးက ၁၅% ဖြစ်တဲ့အတွက် ၁၅ ခု ဖြည့်စွက်လို့ရပါမယ်။ ကိုယ်တတ်မြောက်တဲ့ဘာသာစကား Languages တွေကိုဖြည့်စွက်မယ်ဆိုရင်တော့ ၃% ရရှိမှာ ဖြစ်ပါတယ်။

၅။ ကိုယ့်ရဲ့အရည်အချင်းကို ထောက်ခံပေးနိုင်မယ့်သူ

ဒါကတော့ မဖြစ်မနေလုပ်ရမယ့်အရာမဟုတ်ပေမဲ့ ကိုယ့်ကိုထောက်ခံပေးမယ့်သူရှိထားရင်တော့ကောင်းပါတယ်။ ကိုယ့်ရဲ့အရည်အချင်းကို သေချာသိပြီး ကိုယ့်ကို လိုလိုချင်ချင်ထောက်ခံပေးချင်တဲ့/ထောက်ခံပေးနိုင်တဲ့ ကျောင်းတုန်းကဆရာ၊ဆရာမတွေ ဒါမှမဟုတ် အချိန်ပိုင်း၊ လုပ်အားပေးအလုပ်နဲ့ အလုပ်သင်ဆင်းတုန်းက ကြီးကြပ်ရေးမှူးတွေ အဲဒီလိုမျိုးသူတွေဆီမှာ အကူအညီတောင်းကြည့်ပါ။ ကိုယ်အလုပ်လျှောက်မှာဖြစ်တဲ့အတွက် မိမိအတွက်ရည်ညွှန်းထောက်ခံစာရေးပေးဖို့၊ ထောက်ခံပေးမယ့်သူနေရာမှာလည်း သူတို့ရဲ့နာမည်၊ ရာထူးနဲ့ ဆက်သွယ်ရမယ့်အီးမေးလ်၊ ဖုန်းနံပါတ်တို့ကိုထည့်သွင်းချင်ကြောင်း၊ မိမိလျှောက်မယ့်ကုမ္ပဏီတွေကနေ သူတို့ဆီကိုမိမိအကြောင်းနဲ့ပတ်သက်ပြီး ဆက်သွယ်လာနိုင်ကြောင်းကို သေချာပြောပြထားပါ။ ကိုယ့်အကြောင်းကို ကိုယ်ပြောပြနိုင်တယ်ဆိုပေမဲ့ တခြားလုပ်ငန်းပိုင်းဆိုင်ရာပညာရှင်တစ်ယောက်က ကိုယ့်ရဲ့အရည်အချင်းနဲ့ပတ်သက်ပြီး ပြောပေးနိုင်တယ်ထောက်ခံပေးနိုင်တယ်ဆိုရင် အမှတ်ပိုရပါတယ်။

ကိုယ့်ရဲ့ JobSeeker Profile မှာ မိမိရဲ့လုပ်ငန်းပိုင်းဆိုင်ရာအရည်အချင်းတွေကို ထောက်ခံပေးနိုင်သူတွေကို References နေရာမှာ ဖြည့်စွက်နိုင်တယ်ဆိုရင် ၂% ထပ်ပြီးရရှိမှာ ဖြစ်ပါတယ်။

ကဲ… အခုဆိုရင် ပုံမှန်လုပ်ငန်းအတွေ့အကြုံမရှိပေမဲ့လည်း ကိုယ့်ရဲ့အရည်အချင်းတွေကိုဖော်ထုတ်ပြီး CV ကောင်းကောင်းတစ်ခုကို ဘယ်လိုတည်ဆောက်ရမလဲဆိုတာကို လေ့လာလိုက်ရပြီဖြစ်တဲ့အတွက် အခုပဲကိုယ်ပိုင် CV တစ်ခုကိုရေးသားလိုက်ပါ။ ပြီးရင် အဲဒီ CV ကို အလုပ်ခေါ်ယူနေသူတွေဆီကိုအရောက်ပို့ဖို JobNet.com.mm မှာ Register ပြုလုပ်လိုက်ပြီး အဲဒီ CV ကို attach လုပ်ပါ။ ဒါဆိုရင်တော့ ပထမဦးဆုံး ၂၀% ရရှိမှာဖြစ်ပြီး အထက်မှာဖော်ပြထားတဲ့အဆင့် ၅ ဆင့်အတိုင်း မိမိရဲ့ JobSeeker Profile ကိုဖြည့်စွက်လိုက်မယ်ဆိုရင် ၁၀၀% နီးပါးအပြည့်ရှိအရည်အသွေးကောင်းတဲ့ Digital CV ကိုရရှိမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ မိမိနဲ့ကိုက်ညီမယ့်အလုပ်တွေကို သေချာရွေးချယ်ပြီးလျှောက်ထားလိုက်ပါ။ ခုနကပြောပြခဲ့တဲ့အချက်တွေကို အသုံးပြုပြီးအလုပ်လျှောက်ထားမယ်ဆိုရင် ဘယ်လိုစီးပွားရေးအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကိုယ့်အတွက်ကတော့အလုပ်အကိုင်ကောင်းတစ်ခုကို ရရှိမှာဖြစ်ပါတယ်။