1st September, 2020

“လက်ရှိအလုပ်ကနေ ဘာကြောင့်ထွက်ချင်တာလဲ” လို့အင်တာဗျူးမှာမေးလာခဲ့ရင်

တချို့အလုပ်ရှာဖွေသူတွေအတွက်ကတော့ အင်တာဗျူးမှာ “လက်ရှိအလုပ်ကနေ ဘာကြောင့်ထွက်ချင်တာလဲ” ဆိုတဲ့မေးခွန်းကိုမေးလာခဲ့ရင် သိပ်ပြီးမနှစ်သက်ကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်သူမဆိုပိုကောင်းတဲ့အလုပ်ကိုရှာတွေ့ရင် အဲဒီနေရာကိုသွားကြမှာကဓမ္မတာဆိုပြီး မှတ်ယူထားတဲ့အတွက်ကြောင့် အဲဒါကိုမေးခွန်းအဖြစ်မေးစရာမလိုဘူးဆိုပြီး ပြောကြပါတယ်။ အင်တာဗျူးဖြေဆိုသူကို မကောင်းတဲ့သဘောပုံစံပေါ်စေဖို့နဲ့ စဉ်းစားရကြပ်အောင်လို့မေးတဲ့ပုံစံမျိုးတော့ မဟုတ်ပါဘူး။ ဒီမေးခွန်းဟာလဲ အလုပ်ခေါ်ယူနေတဲ့မန်နေဂျာတွေ မေးနေကြမေးခွန်းတွေထဲက တစ်ခုပါပဲ။

တကယ်တော့ အင်တာဗျူးဖြေဆိုသူတစ်ယောက်အနေနဲ့ အရင်အလုပ်ကနေ ကောင်းကောင်းမွန်မွန်အလုပ်ထွက်ခဲ့သလား၊ ဖြစ်ချင်တဲ့လုပ်ငန်းပိုင်းတိုးတက်မှုတွေက အခုလျှောက်ထားတဲ့ကုမ္ပဏီက လုပ်ဆောင်ပေးနေတာတွေနဲ့ကိုက်ညီမှုရှိရဲ့လား အစရှိတဲ့အလုပ်အကိုင်အသစ်ကို ပြောင်းရခြင်းရည်ရွယ်ချက်တွေကို သိမြင်နိုင်စေဖို့ ဒီမေးခွန်းကိုမေးခြင်းဖြစ်ပါတယ်။

လက်ရှိအလုပ်ကနေထွက်ပြီး အခြားအလုပ်ကိုပြောင်းရတဲ့အကြောင်းပြချက်တွေ အများကြီးရှိပါတယ်။ ကြံဖန်ပြီးအကြောင်းပြချက်တွေကိုပေးမယ့်အစား မိမိရဲ့လုပ်ငန်းပိုင်းဆိုင်ရာကျင့်ဝတ်နဲ့ လိုအင်ဆန္ဒကို ကောင်းမွန်စွာသရုပ်ပြနိုင်မယ့်အခွင့်အလမ်းတစ်ခုအဖြစ် အဲဒီမေးခွန်းကိုမြင်ကြည့်ပါ။

အဲဒါကြောင့် အခုဒီနေရာမှာ အဲဒီမေးခွန်းနဲ့ပတ်သက်ပြီး အလုပ်ခေါ်ယူနေသူတွေရှာဖွေတတ်တဲ့အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အလုပ်အကိုင်လမ်းကြောင်းပိုမိုတိုးတက်မှုနှင့် တာဝန်ပိုမိုယူလိုခြင်း

လက်ရှိလုပ်ကိုင်နေတဲ့အလုပ် ဒါမှမဟုတ် နောက်ဆုံးလုပ်ကိုင်ခဲ့တဲ့အလုပ်ရာထူးမှာ သင်ယူလေ့လာဖို့နဲ့တိုးတက်ဖို့အတွက် သင့်တင့်လျောက်ပတ်တဲ့ထောက်ပံ့မှုတွေမပေးထားခဲ့ရင် ဒါကို လက်ရှိအလုပ်ကနေထွက်ရတဲ့အကြောင်းပြချက်တစ်ခုအဖြစ် အလုပ်ရှင်အသစ်ရဲ့စိတ်ဝင်စားမှုကိုရအောင် ပေးနိုင်ပါတယ်။

မိမိအနေနဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုပြုလုပ်ပေးတဲ့ပတ်ဝန်းကျင်ကိုရောက်ချင်တဲ့အတွက်ကြောင့် အလုပ်ပြောင်းရတယ်ဆိုလို့ဖြေဆိုခြင်းဟာ အခုအင်တာဗျူးနေတဲ့ကုမ္ပဏီဟာ သူတို့ရဲ့ဝန်ထမ်းတွေကိုလုပ်ငန်းခွင်မှာပျော်ရွှင်တက်ကြွမှုနဲ့ လုပ်ငန်းပိုင်းဆိုင်ရာတိုးတက်မှုတွေအတွက် ထောက်ပံ့ကူညီပေးတဲ့ကုမ္ပဏီဖြစ်တယ်လို့ ဆိုလိုလိုက်ခြင်းပဲဖြစ်ပါတယ်။

၂။ အလုပ်အကိုင်လမ်းကြောင်းပြောင်းလဲခြင်း

“အလုပ်အကိုင်လမ်းကြောင်းပြောင်းချင်လို့ပါ” ဆိုတဲ့အဖြေဟာ မိမိကိုအပြောင်းအလဲများတဲ့လူလို့မမြင်စေပါဘူး။ မိမိအတွက်အဓိပ္ပာယ်ရှိတဲ့ သို့မဟုတ် စိတ်ဝင်စားတဲ့အလုပ်ကိုရှာဖွေတွေရှိပြီး အဲဒီအလုပ်မှာမြှုပ်နှံချင်တဲ့အလုပ်ရှာဖွေသူတစ်ယောက်အဖြစ် ညွှန်ပြနိုင်ပါတယ်။

မိမိရဲ့အလုပ်အကိုင်လမ်းကြောင်းအသစ်အတွက်ပြင်ဆင်ထားပုံနဲ့ နောက်ဆုံးမှာရရှိအောင်လုပ်ဖို့ မျှော်မှန်းထားတဲ့ရလဒ်တွေကို ရှင်းပြခြင်းဟာလည်း မိမိကိုဆုံးဖြတ်မပြတ်သားသူအဖြစ်မမြင်စေဘဲ ပြောင်းလဲမှုအသစ်အတွက် ဘယ်လောက်တောင်စိတ်ပါဝင်စားမှုနဲ့ ထက်သန်မှုတို့ရှိသလဲဆိုတာကို မြင်စေပါသည်။

ဆက်လက်ဖတ်ရှုရန် >>> အလုပ်အကိုင်လမ်းကြောင်းပြောင်းချင်သူများအတွက် CV ရေးနည်း ၄ ချက်

၃။ ကုမ္ပဏီ၏ပြန်လည်ပြုပြင်ဖွဲ့စည်းမှု

ကုမ္ပဏီတစ်ခုရဲ့ပြန်လည်ပြုပြင်ဖွဲ့စည်းမှုတွေဟာ ဝန်ထမ်းလျော့ချမှုတွေနဲ့ အဖွဲ့အသစ်တွေပြန်လည်ဖွဲ့စည်းမှုကို မကြာခဏပြုလုပ်လေ့ရှိပါတယ်။ အဲဒါဟာ ဝန်ထမ်းတွေကိုစိုးရိမ်ပူပန်မှုတွေနဲ့ မကျေနပ်မှုတွေကို ဖြစ်စေပါတယ်။  အခုလိုမျိုး ကိုဗစ် - ၁၉ ကပ်ရောဂါကြောင့် ကုမ္ပဏီတွေတချို့မှာ အသုံးစရိတ်များကိုချွေတာဖို့အတွက် ဝန်ထမ်းလျော့ချမှုတွေနဲ့ ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်တာကို တွေ့ရပါတယ်။ အကယ်၍ အလုပ်ပြောင်းတဲ့အခါမှာ ဒါဟာကိုယ့်အတွက်အကြောင်းပြချက်တစ်ခုဖြစ်တယ်ဆိုရင် လက်ရှိအလုပ်ရဲ့ပြုပြင်ပြောင်းလဲဖွဲ့စည်းမှုတွေကို ဘာကြောင့်မကြိုက်တာလဲ၊ ဘာကြောင့် အလုပ်မဖြစ်တာလဲ၊ ဘာတွေကိုကြိုစားပြီးတိုးတက်အောင်လုပ်ခဲ့ပေးသလဲနဲ့ ဘာတွေကိုပြောင်းလဲအောင်လုပ်ပေးခဲ့သလဲဆိုတာတွေကို ဥပမာပေးပြီးရှင်းပြမယ်ဆိုရင် ကိုယ့်အတွက်အထောက်အကူဖြစ်ပါလိမ့်မယ်။

အဲဒါဟာ အလုပ်တစ်ခုမှာ ကိုယ်ရဲ့ရင်းနှီးမြှုပ်နှံမှုကဘယ်လောက်အထိရှိသလဲ၊ ပြဿနာဖြေရှင်းနိုင်စွမ်းရည်တွေကဘာတွေလဲ၊ အခက်အခဲနဲ့ကြုံတွေ့ရတဲ့အချိန်မှာ အဖွဲ့အတွက်ဘာတွေလုပ်ဆောင်ပေးခဲ့သလဲဆိုတာတွေကို ဖော်ပြနေတာပဲဖြစ်ပါတယ်။

၎။ အလုပ်နဲ့ကိုယ်ပိုင်အချိန်ပိုပြီးညီမျှနေရာကိုရှာဖွေခြင်း

ကိုယ်ပိုင်အချိန်နဲ့ အလုပ်ချိန်ပိုပြီးညီမျှတဲ့အလုပ်ကိုလိုချင်တယ်လို့ဖြေဆိုခြင်းဟာ ကိုယ့်ကိုပျင်းရိတဲ့သူ ဒါမှမဟုတ် မိမိရဲ့အချိန်တွေကိုမျှပြီးအလုပ်မလုပ်ပေးချင်တဲ့သူအဖြစ် အဓိပ္ပာယ်ကောက်မှားမိစေပေမဲ့လည်း အလုပ်ရှင်အများစုကတော့ ကောင်းမွန်မျှတတဲ့အလုပ်နဲ့ကိုယ်ပိုင်အချိန်ရှိခြင်းဟာ ဝန်ထမ်းတွေရဲ့လုပ်ဆောင်မှုတွေကိုတိုးတက်စေပြီး လုပ်ငန်းခွင်ပျော်ရွှင်မှုကိုအားပေးတယ်ဆိုတာကို သိကြပါတယ်။

ကောင်းမွန်မျှတတဲ့အလုပ်နဲ့ကိုယ်ပိုင်အချိန်ကိုထောက်ခံအားပေးတဲ့ဝန်ထမ်းတွေကို ပံ့ပိုးခြင်းဟာ ကုမ္ပဏီရဲ့အန္တရယ်တွေကို စနစ်တကျစီမံခန့်ခွဲပေးနိုင်သလို အဖွဲ့အစည်းကိုလည်း တိုက်တွန်းအားပေးမှုတွေဖြစ်စေပါတယ်။ အဲဒီအဖြေကိုပေးတဲ့အခါမှာ အရင်အလုပ်ရှင်ကိုအပြစ်တင်တဲ့ပုံစံကိုရှောင်ပြီး ကိုယ်ပြောင်းလဲချင်တဲ့အရာကိုအလေးပေးပြီးပြောဆိုပါ။

၅။ အပြောင်းအလဲလုပ်လိုခြင်း

တစ်ခါတရံမှာအကောင်းဆုံးအဖြေတစ်ခုကတော့ အပြောင်းအလဲတစ်ခု အထူးသဖြင့် နေရာပြောင်းလဲမှုတစ်ခုကိုပြုလုပ်လိုခြင်းပဲဖြစ်ပါတယ်။ နေရာတစ်နေရာမှာ အကြာကြီးနေလာရပြီး အပြောင်းအလဲတစ်ခုကိုပြုလုပ်ချင်တဲ့အခါ ဘာကြောင့်အဲဒီအရွေ့အပြောင်းကိုလုပ်ရသလဲနဲ့ အခွင့်အလမ်းအသစ်ကနေ ဘာတွေဘယ်လိုရရှိဖို့မျှော်မှန်းထားသလဲဆိုတာကို ရှင်းပြလိုက်ပါ။

ဒီမေးခွန်းကိုဖြေဆိုတဲ့အခါမှာ အဓိကအရေးကြီးဆုံးကတော့ အရင်အလုပ်က အထက်လူကြီး ဒါမှမဟုတ် အလုပ်ရှင်ကိုဝေဖန်မှုတွေမလုပ်ပါနဲ့၊ အရင်အလုပ်နဲ့ပတ်သက်ပြီး စောဒကတွေအရမ်းမတတ်ပြပါနဲ့။ ကိုယ်လုပ်ချင်တဲ့ပိုကောင်းတဲ့လုပ်ငန်းခွင်မျိုးကိုပဲ အာရုံထားပြီးပြောပြပေးပါ။

ဝန်ထမ်းတွေရဲ့အလုပ်အကိုင်လမ်းကြောင်းတိုးတက်မှုနဲ့ လုပ်ငန်းခွင်ပျော်ရွှင်မှုကိုအလေးထားတဲ့ မြန်မာနိုင်ငံကကုမ္ပဏီတွေအကြောင်းကိုလေ့လာချင်တယ်ဆိုရင် ဒီနေရာမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။