26th November, 2020

လုပ်ငန်းကျွမ်းကျင်မှုကိုအခြေခံသောအင်တာဗျူးအတွက် ထိရောက်သောနည်းလမ်း ၂ သွယ်

အလုပ်ရှာဖွေသူအများစုကတော့ ပုံမှန်ယေဘုယျအလုပ်အင်တာဗျူးမေးခွန်းပုံစံတွေနဲ့ အသားကျပြီးသားဖြစ်နေပါလိမ့်မယ်။ ပုံမှန်ယေဘုယျအလုပ်အင်တာဗျူးဆိုတာ အင်တာဗျူးမေးမြန်းတဲ့သူက အလုပ်လျှောက်ထားသူရဲ့ CV ကိုကြည့်ပြီး အရင်ကအလုပ်အတွေ့အကြုံနဲ့ ပညာအရည်အချင်းတွေအကြောင်းကို ဆွေးနွေးမေးမြန်းတာပဲဖြစ်ပါတယ်။ များသောအားဖြင့် “ကိုယ့်ရဲ့အကြောင်းကိုမိတ်ဆက်ပေးပါဦး” ၊ “ကိုယ့်ရဲ့အားသာချက်တွေကဘာလဲ” ၊ “ဘာဖြစ်လို့ဒီအလုပ်ကိုလျှောက်ထားတာလဲ” အစရှိတဲ့မေးခွန်းတွေနဲ့ အစချီလေ့ရှိပါတယ်။

အခုပြောပြမယ့် လုပ်ငန်းကျွမ်းကျင်မှုကိုအခြေခံတဲ့အင်တာဗျူး (Competency-Based Interview) ကတော့ ပုံမှန်အင်တာဗျူးမေးခွန်းပုံစံတွေနဲ့ တော်တော်လေးကွဲပြားပါတယ်။ သူ့ကို နောက်တစ်မျိုး Behavioral Based Interview လို့လည်းခေါ်ပါသေးတယ်။ အဲဒီလိုအင်တာဗျူးမှာဆိုရင် အလုပ်လျှောက်ထားသူရဲ့လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်မှုတွေဟာ ခေါ်ယူနေတဲ့အလုပ်ရာထူးကတာဝန်တွေကို ပြီးမြောက်အောင်လုပ်ဆောင်နိုင်မလားဆိုတာနဲ့ပတ်သက်ပြီး ခန့်မှန်းနိုင်တဲ့အသေးစိတ်အရည်အချင်းနဲ့ကိုယ်ရည်ကိုယ်သွေးတွေကို ဦးစားပေးပြီးစစ်ဆေးပါတယ်။ ဥပမာအားဖြင့်ဆိုရင် “ကိုယ်ကိုယ်တိုင်ဦးဆောင်ခဲ့ဖူးတဲ့စီမံကိန်းတစ်ခုကို ပြောပြပေးပါ” ၊ “ကြုံတွေ့ခဲ့ဖူးတဲ့လုပ်ငန်းပိုင်းဆိုင်ရာအခက်အခဲတစ်ခုမှာ အဲဒါကိုဘယ်လိုမျိုးဖြေရှင်းခဲ့သလဲ” ၊ “အထက်ကချမှတ်ထားတဲ့စီမံကိန်းတစ်ခုမှာ သတ်မှတ်ထားတဲ့ရလဒ်တစ်ခုထွက်လာအောင် ဘယ်လိုမျိုးလုပ်ဆောင်ခဲ့သလဲ” ၊ “အရင်ကကိုယ်တစ်ခါမှမလုပ်ဖူးတဲ့အလုပ်တစ်ခုကို ပြီးမြောက်အောင်ဆောင်ရွက်ခဲ့ရတဲ့အခြေအနေတစ်ခုကို ဖော်ပြပါ” ၊ “ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကောင်းမွန်တဲ့လုပ်ငန်းခွင်ဆက်ဆံရေးမျိုးရှိအောင် ဘယ်လိုမျိုးလုပ်ဆောင်ခဲ့သလဲ” အစရှိတဲ့မေးခွန်းမျိုးတွေဖြစ်ပါတယ်။ ဒါဆို ဒီလိုမျိုးအလုပ်အင်တာဗျူးမှာဆိုရင် ဘယ်လိုတွေပြင်ဆင်ပြီးဖြေဆိုရမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အလုပ်ခေါ်စာထဲမှဖော်ပြထားတဲ့လုပ်ငန်းတာဝန်နဲ့ ကျွမ်းကျင်ရမယ့်အပိုင်းတွေကိုသေချာလေ့လာပါ

အလုပ်ခေါ်စာတချို့မှာ လုပ်ငန်းတာဝန်အပြင် ကျွမ်းကျင်ရမယ့်အရည်အသွေးတွေဆိုပြီးသီးသန်းပေးထားတတ်ပါတယ်။ အဲဒါတွေကိုသေချာဖတ်ပါ။ မပေးထားဘူးဆိုရင် ကိုယ်လျှောက်ထားတဲ့အလုပ်မှာ ဘယ်လိုအရာတွေကိုကျွမ်းကျင်ရမလဲဆိုတာကို ဆက်စပ်တွေးခေါ်စဉ်းစားပါ။ ပြီးရင် အဲဒီအချက်တွေနဲ့သက်ဆိုင်တဲ့မိမိရဲ့ကိုယ်တွေ့အဖြစ်အပျက်တွေကို ချရေးထားပါ။ ဥပမာ - လျှောက်ထားတဲ့ရာထူးဟာ Partnering ဆိုတဲ့လုပ်ဖော်ကိုင်ဖက် ဒါမှမဟုတ် လုပ်ငန်းနဲ့သက်ဆိုင်တဲ့မိတ်ဆက်ဆက်ဆံရေးကောင်းမွန်မှုနဲ့ပတ်သက်ပြီး ပြောထားတယ်ဆိုရင် အဲဒါနဲ့ပတ်သက်တဲ့ကိုယ်တွေ့ဖြစ်ရပ်ကိုစဉ်းစားထားပါ။

၂။ STAR နည်းစနစ်ကိုအသုံးပြုပြီး ဖြေဆိုပါ

ခုနကပြောသလိုတော့ ကိုယ်တွေ့ဖြစ်ရပ်ကိုစဉ်းစားပြီးပြီ။ ဒါပေမဲ့ အဲဒါကိုဘယ်လိုတင်ပြမလဲ။ ဒါဆိုရင် အခုပြောပြမယ့် STAR နည်းစနစ်ကိုသုံးပြီး ဖြေဆိုပါ။ အဲဒါဟာ အရမ်းကိုလွယ်ကူရိုးရှင်းပြီး ကိုယ့်ရဲ့အတွေးတွေကို အစီစဉ်တကျဖြစ်အောင်လုပ်ပေးနိုင်တဲ့အကောင်းဆုံးနည်းလမ်းပါ။ STAR နည်းစနစ်မှာ အဆင့် ၄ ဆင့်ပါပါတယ်။

- [S] Situation / အခြေအနေ - ကြုံတွေ့ခဲ့ရတဲ့ဖြစ်ရပ်ရဲ့အခြေအနေအကျဉ်းချုံးကိုပထမဆုံးတင်ပြပါ။

- [T] Task / ပေးအပ်ထားတဲ့လုပ်ငန်းတာဝန် - အဲဒီအခြေအနေမှာ ကိုယ့်ကိုပေးအပ်ထားတဲ့လုပ်ငန်းတာဝန် ဒါမှမဟုတ် ပြီးမြောက်အောင်လုပ်ရမယ့်လုပ်ငန်းတာဝန်ကို ဒုတိယအချက်အနေနဲ့ပြောပါ။ အကယ်၍ ကိုယ်တာဝန်ယူပြီးဖြေရှင်းရမယ့်ပြဿနာနဲ့ ကိစ္စရပ်တွေရှိရင် ဒီနေရာမှာထည့်ပြောပါ။

- [A] Action / လုပ်ဆောင်ချက် - အဲဒီပြဿနာ ဒါမှမဟုတ် လုပ်ဆောင်ရမယ့်တာဝန်ကိုပြီးမြောက်အောင်မြင်အောင် ကိုယ်လုပ်ခဲ့ရတဲ့တာဝန်ကဘာလဲဆိုတာကိုပြောပါ။

- [R] Result / ရလဒ် - ဘယ်လိုရလဒ်မျိုးရရှိလာအောင် လုပ်ဆောင်နိုင်ခဲ့သလဲဆိုတာကိုပြောပြပြီး အဆုံးသတ်ပါ။ ကိုယ်ရဲ့လုပ်ဆောင်မှုကြောင့် အဲဒီပြဿနာဟာဘယ်လိုမျိုးပြေလည်သွားခဲ့တယ် ဒါမှမဟုတ် ဘယ်လိုရလဒ်ကိုရခဲ့တယ်ဆိုကိုပြောပြီး ကုမ္ပဏီအတွက်ဘယ်လိုအကျိုးကျေးဇူး (ဥပမာ - ရောင်းအားဘယ်လောက်ရာခိုင်နှုန်းအထိ တိုးတက်သွားသလဲဆိုတာမျိုး) ရရှိခဲ့သလဲဆိုတာကိုဖော်ပြပါ။

အခုပြောပြသွားတဲ့ STAR နည်းစနစ်မှာ Competency-Based Interview မှတင်မက ဘယ်အင်တာဗျူးမှာမဆို အသုံးချလိုရတဲ့နည်းစနစ်ပဲဖြစ်ပါတယ်။ အလုပ်အင်တာဗျူးတိုင်းမှာ အရေးကြီးဆုံးကတော့ ကြိုတင်ပြင်ဆင်မှုပါပဲ။ အလုပ်ခေါ်စာကိုသေချာဖတ်ပါ။ ခေါ်ယူနေတဲ့ကုမ္ပဏီအကြောင်းကို သေချာလေ့လာပါ။ ယုံကြည်မှုရှိရှိဝတ်စားဆင်ယင်ပါ။ အချိန်တိကျပါ။ နောက်တစ်ချက်က အခုဆိုရင် မြန်မာနိုင်ငံမှာ နိုင်ငံခြားကုမ္ပဏီတွေအများအပြားရှိလာပြီဖြစ်တဲ့အတွက်ကြောင့် အင်တာဗျူးတွေမှာအင်္ဂလိပ်စကားကို အသုံးပြုပြီးမေးမြန်းလာနိုင်ပါတယ်။ အဲဒါကြောင့် ကိုယ်ပြောချင်တဲ့အကြောင်းအရာတွေကို အသုံးပြုမယ့်ဘာသာစကားအလိုက်လည်း သေချာပြင်ဆင်သွားဖို့လိုအပ်ပါတယ်။ ဒါဆိုရင် အလုပ်အင်တာဗျူးတိုင်းဟာ မိမိရဲ့အရည်အချင်းတွေကို တစ်ဖက်ကအင်တာဗျူးမေးမြန်းမယ့်သူတွေဟာ အထင်ကြီးလေးစားမှာပဲဖြစ်ပါတယ်။

ဆက်လက်ဖတ်ရှုရန် >>> အွန်လိုင်းကနေ ဗီဒီယိုနဲ့အလုပ်အင်တာဗျူးဖြေရတော့မယ်ဆိုရင်