13th January, 2020

အင်တာဗျူးမတိုင်မီညမှာ ဘာတွေပြင်ဆင်ထားသင့်သလဲ

ဒီနေ့ညဟာ ခရစ်စမတ်မတိုင်မီညတစ်ညတော့မဟုတ်ပါဘူး… ဒါပေမဲ့ အလုပ်အင်တာဗျူးမတိုင်မီညတစ်ညပေါ့… ဒါဆို စီစဉ်စရာရှိတာတွေကို စနစ်တကျစီစဉ်ပြီးသွားလား။ CV   ကိုရောသေသေချာချာထည့်ပြီးသွားပြီးလား။ အလုပ်အင်တာဗျူး ဖြေဆိုမယ့်သူတစ်ယောက်အနေနဲ့ အင်တာဗျူးမဖြေခင်မှာ အရမ်းကြီးစိတ်လှုပ်ရှားစရာမလိုပါဘူး။ အလုပ်ကိစ္စနဲ့ပတ်သက်ပြီး နည်းနည်းကြာကြာစကားစမြည်ပြောဆိုမယ့်အချိန်မှာ ကိုယ့်ရဲ့အတွေးတွေကိုတည်ငြိမ်နေစေဖို့ မှန်ကန်တဲ့နည်းလမ်းတွေ အများကြီးရှိပါတယ်။

လျှောက်ထားတဲ့အလုပ်အတွက် ဘယ်လောက်ပဲအရည်အချင်းပြည့်ဝနေတဲ့သူပဲဖြစ်ဖြစ်၊ သူ့ကိုထောက်ခံပေးထားတဲ့ ထောက်ခံချက်တွေက ဘယ်လောက်ပဲကောင်းကောင်း၊ ဒါမှမဟုတ် ပထမဆုံးအကြိမ်အင်တာဗျူးပဲဖြစ်ဖြစ်၊ တတိယအကြိမ်ပဲဖြစ်ဖြစ် ဘာကြီးဖြစ်နေဖြစ်နေ အင်တာဗျူးလို့ဆိုလိုက်ရင် အနည်းနဲ့အများတော့ရင်တုန်ကြမှာပါပဲ။ ကြိုတင်ပြင်ဆင်မှုဆိုတာဟာ အင်တာဗျူးတစ်ခုကိုအောင်မြင်အောင်ဖြေဆိုနိုင်ဖို့အတွက် သော့ချက်တစ်ခုပဲဖြစ်ပါတယ်။ အဲဒါကြောင့် အလုပ်အင်တာဗျူးမတိုင်ခင်ညမှာ သွားရောက်ဖြေဆိုမယ့်သူတစ်ယောက်အနေနဲ့ ဘာတွေကိုပြင်ဆင်ခဲ့သလဲဆိုတာဟာ အင်တာဗျူးမှာသူ့ရဲ့လုပ်ဆောင်မှုအပေါ် အကျိုးသက်ရောက်မှုရှိပါတယ်။ ဒါဆိုရင် ကောင်းမွန်တဲ့အကျိုးသက်ရောက်မှုတွေဖြစ်အောင် ဘာတွေကိုပြင်ဆင်သွားရမလဲ။

၁။ အင်တာဗျူးခေါ်ယူတဲ့ကုမ္ပဏီရဲ့ဝက်ဘ်ဆိုက်ကို နောက်ဆုံးအနေနဲ့ပြန်ကြည့်ပါ

အင်တာဗျူးခေါ်ယူခံရတဲ့အလုပ်လျှောက်ထားသူတစ်ယောက်အနေနဲ့လည်း ကိုယ်လျှောက်ထားခဲ့တဲ့ကုမ္ပဏီရဲ့ဝက်ဘ်ဆိုက်ကို အကြိမ်ပေါင်းများစွာလေ့လာဖတ်ရှုပြီးကောင်း ပြီးပါလိမ့်မယ်။ ဒါပေမဲ့လည်း နောက်ထပ်တစ်ကြိမ် မြန်မြန်လေးပြန်ပြီး လေ့လာကြည့်ပါ။ အရေးကြီးတဲ့အချက်လေးတွေကို သေချာမှတ်မိအောင်လုပ်သွားပါ။ ဒါပေမဲ့လည်း အဲဒီဝက်ဘ်ဆိုက်မှာအသုံးပြုထားတဲ့ စကားလုံးအသုံးအနှုန်းတွေကိုလည်း သေချာကြည့်သွားဖို့မမေ့ပါနဲ့။ ကုမ္ပဏီတိုင်းဟာ သူတို့ရဲ့ပုံရိပ်တသတ်မတ်တည်းဖြစ်စေဖို့ သူတို့တရားဝင်ဝက်ဘ်ဆိုက်မှာရှိတဲ့စကားလုံးတွေကိုပဲ တခြားနေရာမှာအသုံးပြုကြပါတယ်။ ပြီးတော့ ဈေးကွက်ထဲမှာ သူတို့ရဲ့လုပ်ငန်းခွင်အလေ့အထ၊ ရည်ရွယ်ချက်နဲ့ ရည်မှန်းချက်တွေကို အခြားသူတွေသိမြင်စေဖို့အတွက်လည်း အဲဒီဝက်ဘ်ဆိုက်မှာဖော်ပြထားလေ့ရှိပါတယ်။ ကုမ္ပဏီရဲ့လုပ်ဆောင်ချက်တွေနဲ့ ကိုယ့်ရဲ့ရည်မှန်းချက်တွေကို ကိုက်ညီအောင်ပြုလုပ်သွားမယ်ဆိုလျှင် အဆင်ပြေချောမွေ့တဲ့အင်တာဗျူးတစ်ခုဖြစ်မှာ သေချာပါတယ်။

နောက်တစ်ချက်မှတ်ထားရမှာက အဲဒီကုမ္ပဏီရဲ့လက်တလောမှာဖြစ်ပျက်နေတဲ့အရေးကြီးအကြောင်းအရာတွေကို သိချင်တယ်ဆိုလျှင် သူ့ရဲ့သတင်းစာမျက်နှာနဲ့ လူမှုကွန်ယက်စာမျက်မှာတွေမှာ ဝင်ရောက်ကြည့်ရှုလေ့လာသွားပါ။ အဲဒီလိုမျိုးလက်ရှိစီးပွားရေးအကြောင်းအရာတွေကို အင်တာဗျူးမှာဆွေးနွေးနိုင်မယ်ဆိုလျှင် ကိုယ်ကဒီကုမ္ပဏီအကြောင်းကို လေ့လာမှုတွေပြုလုပ်ထားတယ်ဆိုတာကို သက်သေပြနိုင်ပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ ပြည်တွင်းနဲ့နိုင်ငံတကာကုမ္ပဏီတွေရဲ့ ရည်မှန်းချက်ပန်းတိုင်တွေနဲ့ လုပ်ငန်းခွင်အလေ့အထတွေက ဘယ်လိုမျိုးတွေရှိသလဲ။

၂။ “ကိုယ့်အကြောင်းကို အရင်ဆုံးမိတ်ဆက်ပေးပါ” ဆိုတဲ့မေးခွန်းအတွက် သေချာလေ့ကျင့်သွားပါ

အင်တာဗျူးမေးမြန်းသူအများစု ပထမဆုံမေးမယ့်မေးခွန်းကို ခန့်မှန်းလို့ရပါတယ်။ “ကိုယ့်အကြောင်းကို အရင်ဆုံးမိတ်ဆက်ပေးပါ” စကားနဲ့ပဲ အင်တာဗျူးကိုစတင်လေ့ရှိကြပါတယ်။ ကိုယ့်ရဲ့အလုပ်အကိုင်လမ်းကြောင်းတစ်လျှောက် အမေးခံရလေ့ရှိတဲ့မေးခွန်းတွေထဲမှာ အဲဒီမေးခွန်းဟာပထမဆုံးနဲ့ နောက်ဆုံးမေးခွန်းမဟုတ်မှာတော့ အသေအချာပါပဲ။ အလုပ်အင်တာဗျူးမှာ ကိုယ့်ရဲ့ပထမဆုံးစကားနဲ့အပြုအမူဟာ အသက်ပါပဲ။ အဲဒါကြောင့် ပထမဆုံးမေးခွန်းမှာ ကိုယ့်ရဲ့အကြောင်းကို အထင်ကြီးလေးစားသွားအောင်ဖော်ပြပြောဆိုနိုင်မယ်ဆိုလျှင် နောက်မေးခွန်းတွေမှာ ကောင်းမွန်တဲ့အကျိုးရလဒ်တွေ ဖြစ်လာမယ့်အပြင် အလုပ်ခေါ်ယူနေသူတွေကိုလည်း ကိုယ့်ကိုသဘောကျလာအောင် အလွယ်တကူနဲ့သိမ်းသွင်းနိုင်မှာ ဖြစ်ပါတယ်။

အဲဒါကြောင့် “ပွဲမဝင်ခင် အပြင်ကကျင်းပ” ဆိုတဲ့စကားအတိုင်းပဲ "ကိုယ့်အကြောင်းကို အရင်ဆုံးမိတ်ဆက်ပေးပါ” ဆိုတဲ့မေးခွန်းအတွက် အဖြေကို တိုတိုတုတ်တုတ်၊ ကျစ်ကျစ်လစ်လစ်၊ အချိတ်အဆက်မိမိနဲ့ စိတ်ဝင်စားလို့ကောင်းအောင် ပြင်ဆင်သွားပါ။ ကိုယ့်ရဲ့အင်တာဗျူးကို မှန်ကန်တဲ့ခြေလှမ်းနဲ့စတင်လှမ်းလိုက်မယ်ဆိုလျှင် နောက်ပိုင်းမှာ အရှိန်ကောင်းကောင်းနဲ့အဆုံးသတ်သွားနိုင်ပါတယ်။ အင်တာဗျူးမှာ ဘယ်သူမဆို ကောင်းကောင်းမွန်မွန်နဲ့ဖြေဆိုသွားချင်တဲ့သူချည်းပါပဲ။ အကြောင်းအရာတွေကိုအချိတ်ဆက်မိမိပြောဆိုနိုင်ခြင်းဟာ အလုပ်ခေါ်ယူနေသူတွေ ကိုယ့်အရည်အချင်းတွေကိုသိမြင်သွားစေဖို့အကူအညီပေးသလို သူတို့ရဲ့လုပ်ငန်းခွင်အလေ့အထတွေနဲ့လည်း ကိုယ်ကကိုက်ညီစေတယ်ဆိုတာကို ယုံကြည်မှုရှိရှိပြသနိုင်ပါတယ်။

“ကိုယ့်အကြောင်းကို အင်တာဗျူးမှာဘယ်လိုမိတ်ဆက်မလဲ”

၃။ ကိုယ့်ရဲ့ CV ကိုနောက်တစ်ကြိမ်ပြန်ဖတ်ပါ

အင်တာဗျူးမှာ ဖြစ်လေ့ဖြစ်ထ မေးလေ့မေးထရှိတဲ့နောက်တစ်မျိုးကတော့ ကိုယ့်ရဲ့ CV ထဲမှာရေးထားတဲ့အချက်အလက်တွေနဲ့ ကိုယ်ဖြေမယ့်အရာတွေကို ကိုက်ညီမညီစစ်ဆေးတာပဲဖြစ်ပါတယ်။ “နောက်ဆုံးလုပ်ခဲ့တဲ့အလုပ်က အလုပ်အကိုင်နဲ့ပတ်သက်ပြီးပြောပြပေးပါ” ဒါမှမဟုတ် ကိုယ့်ရဲ့ရာထူးတစ်ခုအောက်က လုပ်ဆောင်ခဲ့တဲ့စီမံချက်တစ်ခုကို အသေးစိတ်ပြောပြခိုင်းတာ အစရှိတဲ့ယေဘူယျမေးခွန်းတွေမေးပြီး စစ်ဆေးနိုင်ပါတယ်။ အလုပ်ခေါ်ယူတဲ့မန်နေဂျာအနေနဲ့လည်း အင်တာဗျူးမစခင်မှာ ကိုယ့်ရဲ့ CV ကိုတစ်ချက်ကြည့်ပြီးဖတ်ရှုမှာသေချာပါတယ်။ အဲဒါကြောင့် ကိုယ့် CV ထဲမှာဖော်ပြထားတဲ့အရာနဲ့ ကိုယ်ဖြေဆိုတဲ့အရာတွေကို ကိုက်ညီအောင်သေချာပြင်ဆင်ပါ။

နောက်ပြီး ကိုယ်လျှောက်ထားလိုတဲ့ကုမ္ပဏီကိုပေးပို့လိုက်တဲ့ CV ဟာ လျှောက်လိုက်တဲ့အလုပ်ရာထူးနဲ့ကိုက်ညီသင့်တော်ပြီး ကိုယ့်ရဲ့နောက်ဆုံးရအချက်အလက်တွေနဲ့ အသစ်ဖြည့်စွက်ထားတဲ့ CV ဖြစ်အောင်သေချာပြုလုပ်ပါ။ နောက်ပြီး အင်တာဗျူးကိုသွားရင်လည်း အဲဒီ CV မိတ္တူတချို့ကိုအပိုစောင်သွားဖို့ မမေ့ပါနဲ့။

အင်္ဂလိပ်လို CV ကိုဘယ်လိုထိထိမိမိရေးမလဲ။

၎။ အဝတ်အစားကိုကြိုတင်ရွေးချယ်ထားပါ

ဘယ်အဝတ်အစားဝတ်ရမလဲဆိုတာကို ရွေးချယ်တဲ့အခါမှာ အမြဲတမ်းကမူးရှူးထိုးနဲ့ ပြုလုပ်တတ်တဲ့သူလား။ နောက်ပြီး ဘာကိုဝတ်ရမလဲဆိုပြီးတော့ ဆုံးဖြတ်တဲ့နေရာမှာလည်း စိတ်ညစ်တတ်သလား။ ကိုယ်ကတစ်နေ့တည်းမှာပဲ ဆုံးဖြတ်ချက်အများကြီးချနိုင်တဲ့သူဆိုလျှင်တော့ ကိုယ်နဲ့လိုက်တဲ့ဘယ်အဝတ်အစားကို ဝတ်ရမလဲဆိုတဲ့အရာကို စဉ်းစားရတဲ့အခါမှာ စိတ်ရှုပ်စရာမလိုဘဲအလွယ်တကူနဲ့ ရွေးချယ်နိုင်မှာပါ။ ဒါပေမဲ့လည်း မနက်အင်တာဗျူးသွားခါနီးမှ ကိုယ်ဝတ်ဖို့လုပ်ထားတဲ့အဝတ်မှာ အရင်ကသတိမထားမိဘဲ အခုမှအစွန်းအထင်းတွေပေနေတာကို မြင်လိုက်ရတဲ့အခါမှာ ဒါမှမဟုတ် မိနစ် ၂၀ တည်းနဲ့အင်တာဗျူးသွားဖို့ ပြင်ဆင်ရတဲ့အခါမျိုးတွေမှာဆိုလျှင်တော့ အဲဒီမနက်ခင်းဟာစိတ်ရှုပ်စရာတွေနဲ့ ပြည့်နေပါလိမ့်မယ်။ အဲဒီလိုမျိုး စိတ်ဒုက္ခတွေကနေ ကာကွယ်ချင်တယ်ဆိုလျှင်တော့ အင်တာဗျူးမတိုင်ခင်ညကတည်းက ကိုယ်ဝတ်မယ့်အင်္ကျီကိုရွေးချယ်ပြီး ကြိုတင်အသင့်ပြင်ထားပါ။ ဥပမာ - ဇစ်တွေကရော ကောင်းရဲ့လား၊ လက်ကကြယ်သီးတွေကရော ရှိရဲ့လား အစရှိတာတွေကို စစ်ဆေးပါ။

အရောင်ရွေးချယ်တဲ့အခါမှာလည်း ကိုယ့်ကိုယ်ကိုယုံကြည်မှုအရှိဆုံးဖြစ်စေတဲ့အရောင်မျိုး ဒါမှမဟုတ် စိုးရိမ်မှုတွေကို ဖြေလျော့စေနိုင်တဲ့အရောင်မျိုးတွေကို ရွေးချယ်ဝတ်ဆင်ပါ။ နောက်ပြီး အစွန်းအထင်းတွေ၊ အပ်ချည်စထွက်နေတာမျိုးတွေ အစရှိတာတွေကို စစ်ဆေးဖို့မမေ့ပါနဲ့။ ပြီးရင်တော့ မီးပူတိုက်ပြီး ချိတ်ထားပါ။ အင်္ကျီအပြင် သူနဲ့တွဲဝတ်မယ့် ဖိနပ်၊ ခြေအိတ်၊ လက်ဝတ်ရတနာ၊ နက်တိုင်မှာတပ်တဲ့ပင်တွေ အစရှိတာတွေအားလုံးကိုလည်း အဆင်သင့်ပြင်ဆင်ထားပါ။ မနက်ကျမှ အဲဒီလိုအသေးအမွှားလေးတွေကို လိုက်ရှာနေရရင် စိတ်ရှုပ်စရာတွေဖြစ်ကုန်ပါလိမ့်မယ်။ အင်တာဗျူးသွားခါနီးမှ ကိုယ့်ကိုယ်ကိုစိတ်ဒုက္ခတွေ မပေးပါနဲ့။

အင်တာဗျူးမှာဘယ်လိုဝတ်ဆင်ပြီး အမှတ်ကောင်းကောင်းယူမလဲဆိုတာကို ဒီနေရာမှာလေ့လာကြည့်ပါ။

၅။ အိပ်ရေးဝဝအိပ်ပါ

ဒါဟာ အပ်ကြောင်းထပ်နေတဲ့စကားဖြစ်နေတယ်ဆိုပေမဲ့လည်း အမှန်တရားတစ်ခုပါပဲ။  အိပ်ရေးဝဝအိပ်ပြီး ဦးနှောက်ကိုအနားပေးခြင်းက ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကို ပိုမိုကောင်းမွန်စေပြီး ကိုယ့်ရဲ့စွမ်းဆောင်ရည်ကို အကောင်းဆုံးဖြစ်အောင် ပြုလုပ်ပေးနိုင်ပါတယ်။ ဟုတ်ပါတယ်… ကော်ဖီတစ်ခွက်သောက်ပြီး လန်းဆန်းအောင်ပြုလုပ်လို့ရတယ်ဆိုပေမဲ့ သဘာဝအတိုင်းအနားယူပြီးရရှိလာတဲ့ စစ်မှန်တဲ့လန်းဆန်းမှုလောက်တော့ ကောင်းမှာမဟုတ်ပါဘူး။ ညမှာကြိုးကြိုးစားစားနဲ့ အင်တာဗျူးအတွက်ပြင်ဆင်ပြီးပြီဆိုလျှင် မလန်းမဆန်းနဲ့ နိုးလာမျိုးမဖြစ်ရအောင် သေချာပေါက်အိပ်ရေးဝဝအိပ်ပြီး အနားယူပါ။ ဆိုလိုတာကတော့ TV ကိုပိတ်ပြီး ဆိုရှယ်မီဒီယာတွေကို မသုံးဘဲနဲ့ မနက်ဖြန်အတွက်အစီအစဉ်တွေကို ကိုယ့်ရဲ့စိတ်ထဲမှာသေသေချာချာ ပြန်လည်ဆန်းစစ်စဉ်းစားပြီး သက်သောင့်သက်သာနဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်လိုက်ပါ။ ဒါဆိုရင်တော့ ကိုယ့်ရဲ့မနက်ခင်းလေးက ကိုယ့်ကိုပြန်ပြီးကျေးဇူးတင်နေပါလိမ့်မယ်။ တတ်နိုင်သမျှစောစာအိပ်ယာဝင်လိုက်ပါ။

အထက်မှာဖော်ပြခဲ့တဲ့အရာတွေကို သေချာပြုလုပ်မယ်ဆိုလျှင်တော့ ဘာမှစိုးရိမ်ပူပန်နေစရာမလိုတော့ပါဘူး။ ဒါဆိုအခုပဲ ကိုယ့်ရဲ့လုပ်ငန်းပိုင်းဆိုင်ရာအရည်အချင်းတွေကို ပြသပြီးတော့ ကိုယ်လိုချင်တဲ့ပန်းတိုင်ကိုအရောက်လှမ်းလိုက်ပါ။ နောက်ပြီး အလုပ်အကိုင်နဲ့ပတ်သက်တဲ့အကြံဉာဏ်တွေကို တခြားအလုပ်အကိုင်ရှာဖွေနေသူတွေကို မျှဝေချင်တယ်ဆိုလျှင် အောက်ကမှတ်ချက်ဆိုတဲ့နေရာမှာ ဖော်ပြသွားလို့ရပါတယ်။ 

အလုပ်အကိုင်အသစ်တစ်ခုကို ရှာဖွေနေပြီးတော့ အင်တာဗျူးဖြေဆိုတဲ့အခါမှာ လိုအပ်တဲ့အရည်အချင်းတွေကို လေ့ကျင့်ဖို့အတွက်နေရာလိုအပ်တယ်ဆိုလျှင် မြန်မာနိုင်ငံမှာလက်ရှိရေပန်းစားနေတဲ့အလုပ်အကိုင်တွေကို ဒီနေရာမှာလျှောက်ထားလိုက်ပြီး အင်တာဗျူးခေါ်ဆိုမှုတွေကို လက်ခံလိုက်ပါ။