6th November, 2018

လုပ်ငန်းခွင်ထဲမှာ နာမည်ကောင်း တည်ဆောက်ခြင်း

ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုတွေတိုင်း အရာထင်လာတဲ့အခါ လုပ်ငန်းခွင်ထဲမှာ နာမည်ဂုဏ်သတင်းကောင်း ကျော်ဇောလာတော့မှာပါ။ လုပ်ဖော်ကိုင်ဖက်တွေနဲ့လည်း အဆင်ပြေပြီး အထက်လူကြီးတွေ အသိအမှတ်ပြုခံရဖို့က ကိုယ့်ရဲ့ နာမည်ကောင်းတစ်ခု ရှိဖို့လိုပါတယ်။ ဘယ်ကုမ္ပဏီမှာပဲလုပ်လုပ် လုပ်ငန်းခွင်ထဲမှာ နာမည်ကောင်းရထားပြီးတဲ့အခါ ပိုကောင်းတဲ့နေရာကို ပြောင်းရွှေ့ဖို့အတွက် အခြေခံကောင်းလည်း ဖြစ်ပါတယ်။

 

မျှော်မှန်းထားထက်ပိုလုပ်ပါ

နာမည်ကောင်းတစ်ခု တည်ဆောက်ခြင်းရဲ့ ပထမဆုံးခြေလှမ်းကတော့ မျှော်မှန်းထားတာထက်ကို ပိုလုပ်ရတာပါ။ မျှော်မှန်းထားတာထက် ပိုလုပ်ရတယ် ဆိုတဲ့နေရာမှာ တာဝန်ဝတ္တရားတွေ ပိုလာပါတယ်။ ဥပမာပြောရရင် တစ်ခုလုပ်ဖို့ မှာထားပေမယ့် သုံးခုလုပ်ပြီး အကြိုက်ဆုံးတစ်ခုကို ရွေးစေတာမျိုးပါ။ ဒါ့အပြင် နောက်တစ်ရက်မနက်မှာ ပေးရမယ့် ပရော့ဂျက်ကို ဒီနေ့ညနေခင်းမှာပဲ အပြီးပေးလိုက်နိုင်တာမျိုးက မျှော်မှန်းထားတာထက် ပိုလုပ်တာမျိုး ဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းက ကိုယ့်ရဲ့ ထူးချွန်မှု၊ ကြိုးစားမှုကို ပေါ်လွင်စေပါတယ်။

 

လိမ္မာပါးနပ်တဲ့ထင်မြင်ယူဆချက်

လူတစ်ဦးမှာရှိတဲ့ အရည်အချင်းတွေ၊ ဗဟုသုတတွေကြောင့် ကုမ္ပဏီကို ပိုတိုးတက်အောင်လုပ်နိုင်ဆိုတဲ့ ယူဆချက်နဲ့ ကုမ္ပဏီက ဝန်ထမ်းအဖြစ်ခန့်အပ်ခဲ့တာပါ။ ဒါကြောင့်မို့လို့ ဝန်ထမ်းတွေရဲ့ ထင်မြင်ယူဆချက်တွေဟာ အရမ်းအဖိုးတန်ပါတယ်။ အပြုသဘောဆန်တဲ့ ဂုဏ်သတင်းကို လိုချင်ရင်တော့ ကိုယ့်ရဲ့ ထင်မြင်ယူချက်တွေကို တင်ပြရာမှာ လိမ္မာပါးနပ်ဖို့ လိုပါတယ်။ ကိုယ့်အမြင်၊ အတွေးတွေကို တင်ပြတဲ့အခါ လုပ်ဖော်ကိုင်ဖက်တွေနဲ့ တစ်ဖက်သားကို ပြစ်တင်စောင်းမြောင်းရာရောက်သွားစေမယ့် စကားလုံးမျိုး မပါသင့်ပါဘူး။ အစည်းအဝေးမှာ တစ်စုံတစ်ယောက်က တင်ပြလာတဲ့ အရာတွေကို မေးခွန်းထုတ်မယ့်အစား အကြံပြုတာမျိုးပဲ ဖြစ်သင့်ပါတယ်။

 

စောဒကတက်တာတွေလျှော့

အလုပ်ထဲမှာ ခက်ခဲပင်ပန်းတဲ့အချိန်တွေ ရှိမယ်ဆိုတာ အားလုံးသိပါတယ်။ ကိုယ်ပင်ပန်းနေတိုင်း ရုံးထဲက တခြားလူတွေကို အမြင်မကြည်စွာနဲ့ စောင်းမြောင်းမိတာမျိုး မလုပ်မိအောင်ဆင်ခြင်နိုင်ရင် အကောင်းဆုံးပါ။ ကိုယ့်ရဲ့ အဆင်မပြေမှုတွေကို ဆင်ခြေပေးပြီး ဒေါသတွေပုံချတာမျိုး မလုပ်လိုက်ပါနဲ့။ အဆိုးမြင်စိတ်က ကိုယ့်ရဲ့နာမည်ကောင်းကို ပျက်စီးစေပါလိမ့်မယ်။ စောဒကတက်ခြင်းကလည်း အရမ်းဆိုးတဲ့အကျင့်တစ်ခုပါ။ စေဒကတက်သူတွေမှာ ပရော်ဖက်ရှင်နယ်ဆန်တဲ့ နာမည်ဂုဏ်သတင်းမရှိကြပါဘူး။ အလုပ်ထဲက ကိုယ့်ရဲ့နာမည်ကောင်းလေး တစစီဖြစ်သွားတာကို ရှောင်ကြဉ်ဖို့ဆိုရင် ခြားနားတဲ့ရှုထောင့်ကနေကြည့်ပြီး ကြိုးစားဖြေရှင်းဖို့ပဲရှိပါတယ်။

 

ကူညီတတ်သူ

ကိုယ့်ရဲ့နာမည်ဂုဏ်သတင်းကို ကောင်းစေချင်ရင်တော့ လုပ်ဖော်ကိုင်ဖက်တွေကို ပိုပိုသာသာလေး ကူညီစောင်မပေးရပါတယ်။ စာရွက်စာတမ်းတွေနဲ့ အလုပ်ရှုပ်နေချိန် ကူလုပ်ပေးလိုက်တာကနေ အစည်းအဝေးမှာ ကြည့်ကောင်းသွားအောင် ပြင်ဆင်ပေးလိုက်တာမျိုးကအစ တကယ့်အကူအညီကောင်းတွေပါပဲ။ လုပ်ဖော်ကိုင်ဖက်တွေကို ကူညီပေးခြင်းက ကိုယ့်ရဲ့စိတ်နေစိတ်ထားကိုသာမက အသက်မွေးဝမ်းကြောင်းအလုပ်အကိုင် လမ်းကြောင်းမှာပါ ရလဒ်ကောင်းတွေ ဖြစ်လာစေပါတယ်။

 

လုပ်ငန်းခွင်ထဲမှာ နာမည်ကောင်းတည်ဆောက်ခြင်းဟာ ကိုယ့်ရဲ့တာဝန်တွေကို တိကျသေချာစွာနဲ့ အချိန်မီပြီးမြောက်အောင်လုပ်ဖို့ထက် ပိုပါတယ်။ ယူထားရတဲ့ တာဝန်ဝတ္တရားတွေအပြင် ပိုပြီးလုပ်ဆောင်နိုင်မှ အသိအမှတ်ပြု ချီးမြှောက်ခံရမှာဖြစ်ပါတယ်။ ဒါကြောင့် တာဝန်တွေပြီးမြောက်နိုင်ပြီဆိုရင် အပေါ်မှာပြောခဲ့တဲ့ အချက်လေးတွေကိုပါ ဖြည်းဖြည်းချင်း ပြုလုပ်သွားမယ်ဆို ကိုယ့်ရဲ့လုပ်ငန်းခွင်ထဲမှာ နာမည်ကောင်းရသူတစ်ဦး ဖြစ်လာပါလိမ့်မယ်။